မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 23 maart 2010

စစ်အစိုးရကို NLD တရားစွဲမှု ပယ်ချခံရ

ဧရာဝတီ Tuesday, March 23, 2010
.ယခုလအတွင်း ပြဌာန်းလိုက်သည့် ၂၀၁၀ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများသည် တရားမျှတမှု မရှိဟု ဆိုပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ယနေ့ တရားစွဲဆိုလိုက်သည်။
       NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒုဥက္ကဋ္ဌ ဦးတင်ဦးတို့ကို တရားရုံးချုပ်တွင် ယနေ့ တွေ့ရပုံ (ဓာတ်ပုံ - AP)
သို့သော်လည်း တရားရုံး တရားမဌာနမှ တာဝန်ရှိသူက “ကျမတို့၌ စီရင်ပိုင်ခွင့် မရှိ”ဟု ပြောဆိုပြီး အမှုတွဲကို ပြန်လည် ပေးအပ် ခဲ့သည်ဟု ယနေ့ ထုတ်ပြန်သည့် NLD ကြေညာချက်တွင် ဖော်ပြထားသည်။
“ဥပဒေ ကြောင်းအရ ဘာမှ သိပ်မမျှော်လင့် ပါဘူး၊ ဒါပေမယ့် ပါတီက ရွေးကောက်ပွဲ ဥပဒေကို လက်မခံဘူး ဆိုတာကို အားလုံး သိအောင် ပြောဆိုခြင်း ဖြစ်တယ်”ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။
အစိုးရက မတ်လ ၈ ရက်နေ့တွင် ပြဌာန်းသည့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေတို့ကို သုံးသပ်ကြည့်လျှင် “ဒီမိုကရေစီ ကျင့်စဉ်များ၊ လွတ်လပ်မှုများ၊ တရားမျှတမှုများ မရှိကြောင်းတို့ကို အထင်အရှား တွေ့မြင်နေရပါသည်” ဟု NLD ကြေညာချက်တွင် ရေးထားသည်။
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကျဉ်းကျခံနေရသူကို ပါတီဝင်ခွင့် မပေးခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ကြောင်း၊ ပြစ်ဒဏ်ကို ၂မျိုး ပေးသကဲ့သို့ ဖြစ်နေကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်သော ဥပဒေများသည် ဤမျှ ဆိုးဆိုးဝါးဝါး ထွက်လာလိမ့်မည်ဟု မထင်ခဲ့ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်သည်ဟု စွပ်စွဲခံရပြီး ဆက်လက် ထိန်းသိမ်းခံခဲ့ရသည်။
ယခုအခါ NLDသည် တရားဝင်ရပ်တည်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် အကျဉ်းကျ အဖွဲ့ဝင် အများအပြားကို ပါတီမှ ထုတ်ပယ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
၂၀၁၀ ရွေးကောက်ပွဲကာလတွင် NLDမည်သို့ ရပ်တည် လှုပ်ရှားမည် ဆိုသည်ကို ညှိနှိုင်း ဆွေးနွေးရန် NLD ခေါင်းဆောင်များနှင့် အနယ်နယ်မှ ဗဟိုဦးစီး အဖွဲ့ဝင်များသည် လာမည့် တနင်္လာနေ့တွင် တွေ့ဆုံကြမည်ဖြစ်သည်။

Geen opmerkingen: