မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 10 maart 2010

စက်မှုဇုန်အရေး မပြေလည်သေး

မျိုးချစ်သူ/ ၁၀ မတ် ၂ဝ၁ဝ
စက်မှုဇုန်များနှင့် ပတ်သက်သော ပြဿနာများကို ဖြေရှင်းပေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေက ပြောကြားခဲ့သော်လည်း အလုပ်ရှင်နှင့်မပြေလည်သေးသည့် စက်ရုံများ ရှိနေသေးကြောင်း သိရသည်။
“တလကိုတခါ ပြုလုပ်နေကျ စက်မှုဇုန်ကော်မတီအစည်းအဝေးမှာ စက်မှုဇုန်တွေရဲ့ ပြဿနာတွေ၊ လိုအပ်ချက်တွေကို တောင်းဆိုမှုတွေလုပ်လာရင် ဖြေရှင်းပေးပါတယ်။ ကိုယ်တိုင်ကွင်းဆင်းပြီးတော့ အဲဒီလိုစက်မှုဇုန်နဲ့ ပတ်သက်တာတွေကို ရှင်းပေးပါတယ်” ဟု ဒု-ဗိုလ်ချုပ်ကြီးမြင့်ဆွေက ယခုလ ( ၆ ) ရက်၊ ရန်ကုန်မြို့ UMFCCI တွင်ပြုလုပ်သော မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၏ (၁၆) ကြိမ်မြောက် အစည်းအဝေး၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။
သို့သော် စက်မှုဇုန်တို့တွင် အလုပ်သမားများ၏ ဆန္ဒပြတောင်းဆိုမှု ဖြစ်ပေါ်နေသည်ကို မည်သို့ ဖြေရှင်းပေးကြောင်းကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
“အလုပ်သမား ဆန္ဒပြမှုတွေ ဒီလောက်ထိဖြစ်နေတာကို အလုပ်သမားတွေကို တွေ့ဆုံပြီးတော့ သူတို့ဆန္ဒတွေကို မေးမြန်းနိုင်ဖို့ လိုတယ်။ ဒါဆိုရင်တော့ နောက်ထပ်ဆန္ဒပြမှုတွေ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ အခုလိုအနေအထားကတော့ ဖြစ်နေဦးမှာပဲ” ဟု စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်တဦးက ပြောသည်။
ရန်ကုန်တိုင်း စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ၏ တာဝန်ရှိသူတဦး ပြောပြချက်အရ အလုပ်သမားများက လုပ်အားခကို တောင်းဆိုကြရာတွင် အလုပ်ရှင်နှင့် မပြေလည်သေးသော စက်ရုံများ ရှိနေသေးကြောင်း သိရသည်။
စက်ရုံပိုင်ရှင်များနှင့် ဒု-ဗိုလ်ချုပ်ကြီးမြင့်ဆွေတို့ တွေ့ဆုံရာတွင် အလုပ်သမားများ၏ တောင်းဆိုချက်များအပေါ် အခြေခံကာ စက်ရုံပိုင်ရှင်နှင့် ဒု-ဗိုလ်ချုပ်ကြီးမြင့်ဆွေက ညှိနှိုင်းမှုများ ပြုလုပ်ခြင်းသာဖြစ်ကြောင်း၊ စက်ရုံလုပ်သားများနှင့် တွေ့ဆုံဖြေရှင်း ပေးခြင်း မဟုတ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။
“စက်ရုံပိုင်ရှင်တွေက ဘာတွေကို တင်ပြလဲဆိုတာတော့ ကျနော်တို့လို အလုပ်သမားတွေက ဘယ်လိုလုပ်သိနိုင်မှာလဲ။ ကျနော်တို့ လိုချင်တာက လစာနှုန်းထား ပြင်ဆင်ပေးဖို့နဲ့ ရက်မှန်ကြေး၊ အချိန်ပိုကြေး၊ ခရီးစရိတ်တွေကို သေသေချာချာပြန်ပြီးတော့ စိစစ်တိုးမြှင့်ပေးဖို့ကိုပဲ အဓိကတောင်းဆိုတာပါ” ဟု မင်္ဂလာဒုံမြို့နယ်ရှိ မှန်စက်ရုံဝန်ထမ်းတဦးက ပြောသည်။
ထို့ပြင် အန္တရာယ်ရှိသော လုပ်ငန်းခွင်အတွက် အလုပ်ရှင်က အလုပ်သမားများအပေါ် မည်ကဲ့သို့ အာမခံပေးမည်ဆိုသော အချက်မျိုးကိုလည်း တောင်းဆိုထားကြောင်း၊ အလုပ်သမားတိုင်းက ယင်းကဲ့သို့သော ရပိုင်ခွင့်မျိုးကို မစဉ်းစားကြကြောင်း၊ များသောအားဖြင့် လုပ်ခလစာတခုကိုသာ အလေးထားကြကြောင်း၊ ယင်းသို့ ဖြစ်နေရခြင်းမှာ စားဝတ်နေရေး လွန်စွာခက်ခဲနေခြင်းကြောင့်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် အလုပ်သမားခေါင်းဆောင် တယောက်ဖြစ်နေသောကြောင့် လက်အောက်ငယ်သားများအတွက် တောင်းဆို၍ရနိုင်သော အခွင့်အရေးအားလုံးကို တောင်းဆိုပေးသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။
“အမှန်တော့ ပြေလည်အောင် ဖြေရှင်းပေးရမှာက အလုပ်သမားဝန်ကြီးဌာနရဲ့ ကိစ္စပါ။ သူတို့က ပြေလည်အောင် မဖြေရှင်းပေး နိုင်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေက စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီကိစ္စတွေကို ပါဝင်ပေးတာ ဖြစ်တယ်။ ဒါပေမယ့် သူဖြေရှင်းပေမယ့်လည်း အလုပ်ရှင်စကားကိုပဲ သူကြားမှာပေါ့” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
အချို့အလုပ်ရှင်များက လစာတိုးတောင်းပါက စက်ရုံကိုပိတ်ပစ်မည်ဆိုပြီး ပြောကြောင်း၊ အလုပ်သမားကို လစာတိုးပေးသင့် ပါလျက် မပေးနိုင်သောကြောင့် စက်ရုံပိတ်မည် ဆိုခြင်းမျိုးမှာ မဖြစ်သင့်ကြောင်း မှန်စက်ရုံဝန်ထမ်းဖြစ်သူက ပြောသည်။
စက်ရုံအများစုတွင် အလုပ်သမားများကို ပေးသောလစာမှာ တလလျှင် ကျပ် (၃၀,၀၀၀) ကျော်သာ ရှိကြောင်း သိရသည်။
အစိုးရ၀န်ထမ်းများ လစာထပ်မံတိုးမြှင့်မည်ဟူသော သတင်းကြောင့်လည်း ပုဂ္ဂလိကလုပ်ငန်းများမှ အလုပ်သမားများကလည်း လစာတိုးမြှင့်တောင်းဆိုမှုများ ထပ်မံဖြစ်ပွားလာနိုင်ကြောင်း ရန်ကုန်တိုင်း အလုပ်သမားဥပဒေစစ်ဆေးရေးရုံးမှ အရာရှိတဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် စက်မှုဇုန် (၁၈) ဇုန်ရှိပြီး စက်မှုလုပ်ငန်းအမျိုးအစားပေါင်း (၃၀၀) ခန့် လုပ်ဆောင်နေကာ ရန်ကုန်တိုင်းတွင် ပြီးခဲ့သည့် ၂၀၁၀ ဇန်န၀ါရီ လဆန်းပိုင်းမှစ၍ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ ဒဂုံမြို့သစ်တောင်ပိုင်း စသည့် စက်မှုဇုန်စက်ရုံတို့တွင် ဆန္ဒပြမှုများ (၁၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။





Geen opmerkingen: