မြန်မာနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် အနည်းငယ်ဟောင်းသည့် ဒေါ်လာများကို လက်မခံခြင်းကြောင့် ပြင်ပမှောင်ခိုဈေးကွက်တွင်လည်း ဒေါ်လာအနွမ်း လက်မခံသည့် ပြဿနာ၊ ဈေးနှိမ်သည့်ပြသနာ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။
ရန်ကုန်မြို့ ရွှေဘုံသာလမ်းမှ အမေရိကန်ဒေါ်လာ လက်ကားရောင်းဝယ်သူတဦးက “ပြည်တွင်းမှာ ဒေါ်လာနဲ့ ဝင်ငွေရရှိသူတွေဟာ သူတို့ရဲ့ ဘဏ်စာရင်းထဲကို ဒေါ်လာငွေထည့်သွင်းဖို့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကို သွားတဲ့အခါ ဘဏ်က ဒေါ်လာငွေ နည်းနည်းလေး နွမ်းနေရင်တောင် လက်မခံဘူး၊ ဒေါ်လာစက္ကူ အလယ်မှာ ခေါက်ကျိုးရာ ပါနေတာမျိုးတွေဆိုရင်လည်း လက်မခံဘူး။ ဒီပြဿနာဟာ ပြင်ပ မှောင်ခိုဒေါ်လာငွေ ရောင်းဝယ်တဲ့ ဈေးကွက်အထိ ဂယက်ရိုက်သွားပြီး ဒေါ်လာဝယ်တဲ့ သူတွေဟာ ဒေါ်လာစက္ကူ နည်းနည်းလေး နွမ်းနေတာနဲ့ အလယ်ခေါက်ကျိုးရာလေး ပါနေတာနဲ့ (၁ဝဝ) တန် တရွက်ကို ကျပ် (၁,၅ဝဝ၊ ၂,ဝဝဝ၊ ၃,ဝဝဝ) စသဖြင့် ဈေးနှိမ်ပေးလာကြတယ်” ဟု ပြောသည်။
ရန်ကုန် ဗိုလ်တထောင်မြို့နယ် နိုင်ငံခြားသားများ တည်းခိုခွင့်ရှိသည့် ဟိုတယ်တခုမှ မန်နေဂျာတဦးက ၎င်းတို့အနေဖြင့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ထဲကို ပုံမှန်ဒေါ်လာငွေ ထည့်သွင်းသည့်အခါ ဒေါ်လာအနွမ်း၊ ခေါက်ရိုးရာပါ ဒေါ်လာတို့ကို မယူကြောင်း၊ ရန်ကုန်မှ ဒေါ်လာရောင်းဝယ်သူများထံ ရောင်းသည့်အခါ၌လည်း တရွက် ကျပ် (၁,ဝဝဝ) မှ (၂,ဝဝဝ) အထိ ဈေးနှိမ်ခြင်းကြောင့် ငွေကြေးပမာဏ များသူများ အတော်လေးနစ်နာကြောင်း ပြောသည်။
နိုင်ငံခြားငွေအနွမ်းများ လက်မခံသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် ဒေါ်လာငွေစက္ကူ ထုတ်သူများကိုမူ ငွေစက္ကူအနွမ်းများ၊ ခေါက်ရိုးရာပါ ငွေစက္ကူများသာမက (၂ဝ) တန်၊ (၁ဝ) တန်ကဲ့သို့ ငွေလဲလှယ်ရေး ဈေးကွက်၌ ဈေးမရသည့် အကြွေစက္ကူများကိုလည်း ပေးလေ့ရှိသည့်အတွက် ဘဏ်ဝန်ထမ်းများ၏ ကိုယ်ကျိုးရှာမှုကြောင့် ယခုကဲ့သို့ ဖြစ်ရကြောင်း ရန်ကုန်မြို့မှ ဒေါ်လာငွေကိုင်ဆောင်သူများက ဝေဖန်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ဥပဒေအရ မည်သည့်နိုင်ငံသားမဆို ဒေါ်လာငွေစက္ကူအပါအဝင် နိုင်ငံခြားငွေကြေးကို လက်ဝယ် ကိုင်ဆောင်ခွင့်မရှိသည့်အပြင် နိုင်ငံခြားသံရုံးများကို ဗီဇာကြေးပေးသွင်းရန်နှင့် နိုင်ငံခြားသို့ သွားရောက်လိုသည့်အခါ လိုအပ်သည့် နိုင်ငံခြားငွေ လဲလှယ်ရန် တရားဝင် ဖွင့်လှစ်ထားသည့် ငွေလဲဌာနများလည်း မရှိပေ။
အလားတူ နိုင်ငံခြားမှ ပြန်လာသည့်အခါ ဒေါ်လာနှင့် နိုင်ငံခြားငွေစက္ကူများ ပြည်တွင်းသို့ သယ်ဆောင်လာခွင့်မရှိသော်လည်း ငွေတန်ဖိုးအတိုင်း တရားဝင် လဲလှယ်ပေးသည့် ငွေလဲကောင်တာများ ထားမပေးခြင်းကြောင့် လူတိုင်းလိုလို နိုင်ငံခြားငွေ ကိုင်ဆောင်ပြီး ဝင်ရောက်လာလေ့ရှိသည်။
ထို့ကြောင့် ပြည်တွင်း၌ ဒေါ်လာနှင့် နိုင်ငံခြားငွေ မှောင်ခို ရောင်းဝယ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ဒေါ်လာငွေ ဝယ်ယူစုဆောင်းသူများထဲတွင် အာဏာပိုင်အသိုင်းအဝိုင်းက လူများလည်း ပါဝင်ကြောင်း သိရသည်။
ယခုကဲ့သို့ ဒေါ်လာငွေ အပါအဝင် နိုင်ငံခြားငွေကိုင်ဆောင်ခြင်းနှင့် ပတ်သက်၍ ပြည်သူတိုင်း မကင်းနိုင်သော်လည်း စစ်အစိုးရသည် အန်အယ်လ်ဒီပါတီဝင်များ၊ အတိုက်အခံ နိုင်ငံရေးသမားများ၊ ၎င်းတို့ မလိုလားသူများကို အဆိုပါ နိုင်ငံခြားငွေ ကိုင်ဆောင်မှု ဥပဒေ အသုံးပြုပြီး ဖမ်းဆီးထောင်ချလေ့ရှိသည်။
လွန်ခဲ့သည့်နှစ် ရန်ကုန်လေဆိပ်မှ ဝင်ရောက်လာသည့် အမေရိကန်နိုင်ငံသား ကိုညီညီအောင်နှင့် သံဃာတော်တပါးကို အဆိုပါပုဒ်မဖြင့် အရေးယူခဲ့သည်။

Geen opmerkingen:
Een reactie posten