မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 10 maart 2010

ကြက်တုပ်ကွေးကြောင့် လုပ်ငန်းရှင်များ စီးပွားပျက်

စိုးမိုး/ ၁၀ မတ် ၂ဝ၁ဝ
ကြက်ငှက်တုပ်ကွေးကြောင့် ကြက်ခြံများ ခြံရှင်းသုတ်သင်ပစ်လိုက်ရပြီး လျော်ကြေး၊ ထောက်ပံ့ကြေး တစုံတရာ မရခြင်းကြောင့် နိုင်ငံအ၀ှမ်း ကြက်မွေးမြူရေး လုပ်ငန်းရှင်များ စီးပွားပျက်ပြီး လုပ်ငန်းပြန်လည်တည်ထောင်ရန် အရင်းနှီးမဲ့ဖြစ်နေကြကြောင်း သိရသည်။
ယခုနှစ် ဖေဖော်ဝါရီလလယ်တွင် တကျော့ ပြန်လည်ဖြစ်ပွားသည့် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းမှ ရောဂါဖြစ် ကြက်ခြံအနီးရှိ ကြက်ခြံများကို ဖျက်ဆီးလိုက်ရသော်လည်း လျော်ကြေး ထောက်ပံ့ကြေး တစုံတရာ မရရှိခြင်းဖြစ်သည်။
“မန္တလေးမှာလည်း ဖျက်လိုက်ရတဲ့ ခြံတွေရှိပါတယ်။ အရင်တခါ ဖြစ်တုန်းကတော့ ဖျက်ရတဲ့ ခြံပိုင်ရှင်တွေကို ဖုန်းချပေးတာ ရှိတယ်။ အခုတော့ ဘာမှမပေးဘူး” ဟု စစ်ကိုင်းတိုင်း ယင်းမာပင် ဒေသခံက ပြောသည်။
ဥနေသော ကြက် (၁,၀၀၀) တွင် နေ့စဉ်ဝင်ငွေ (၅) သောင်းမှ (၇) သောင်းကျပ်အတွင်းရှိပြီး တကောင်အတွက် အရင်း ကျပ် (၁၀,၀၀၀) ခန့် တန်ဖိုးရှိနေရာ ယခုကဲ့သို့ သုတ်သင်ပစ်လိုက်ရခြင်းက နေ့စဉ်ဝင်ငွေရော အရင်းနှီးပါ ဆုံးရှုံးရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ယခုကဲ့သို့ ခြံများ ဖျက်လိုက်ရခြင်းကြောင့် နောက်တကြိမ် ရင်းနှီးမြှုပ်နှံငွေ အရင်းနှီး ပျောက်သွားခြင်းဖြစ်ကြောင်း ယင်းမာပင် ဒေသခံက ဆိုသည်။
မွေးမြူရေးဝန်ကြီးဌာနက ယခင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားချိန်က ဖျက်သည့်ခြံများကို ဖုန်းတလုံးနှုန်း ငှားရမ်းအသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသော်လည်း အဆိုပါ ထောက်ပံ့မှုမှာ နိုင်ငံတကာ အဖွဲ့အစည်းများမှ အထောက်အပံ့ဖြစ်ကြောင်း သိရသည်။
“ရှင်းတဲ့ခြံတွေ ဘယ်နှကောင် ဘယ်လောက်ဆိုပြီး ပြည်ပက ပေးတယ်လေ။ အဲဒီ ပေးတာတွေကို ဒေါ်လာ (၁,၅၀၀) ကို ဖုန်းတလုံးနှုန်းနဲ့တွက်ပြီး ပိုက်ဆံမပေးဘဲ ဖုန်းပဲချပေးလို့ အခုတော့ ကြက်ခြံရှင်တွေနဲ့ ညှိမရတော့ဘူး။ ပိုဆိုးတာက ဒေါ်လာ (၁,၅၀၀) နှုန်းနဲ့ တွက်ပေးတဲ့ ဖုန်းကို အက်ဖ်အီးစီ (၁,၅၀၀) နဲ့ ကြက်ခြံရှင်တွေက ပြန်ဝယ်ရမတဲ့” ဟု မွေးမြူရေးဝန်ကြီးဌာနနှင့် နီးစပ်သူက ပြောကြားသည်။
၂၀၀၆ ခုနှစ်မှ ယခု ၂၀၁၀ အထိ နှစ်စဉ်ပုံမှန် ဖြစ်ပေါ်နေသည့် ကြက်ငှက်တုပ်ကွေးကြောင့် ယခုတကြိမ် ဖြစ်ပွားမှုတွင် သုတ်သင်ပစ်ရသည့် ကြက်ကောင်ရေ နည်းပါးကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
“နည်းဆိုဗျာ အရင်ကတော့ ပေ ဘယ်လောက်၊ ပတ်လည် ဘာညာလောက်ထိ ရှင်းတယ်။ အခုတော့ ဖြစ်တဲ့သူပဲ ရှင်းတယ်။ စစ်တပ်ခြံဆို အရှင်းတောင်မခံဘူး။ သူတို့က ဒီခြံတွေနဲ့ စစ်သားတွေကို ထမင်းကျွေးရတယ်လေ” ဟု ရန်ကုန်တိုင်း မွေးကု ဦးစီးဌာန၀န်ထမ်းတဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်ကစပြီး စစ်ကိုင်းနှင့် မန္တလေးတိုင်းတို့တွင် ကြက်ငှက်တုပ်ကွေး စတင်ဖြစ်ပွားခဲ့ပြီး ယခု ၂၀၁၀ ခုနှစ်တွင် ကြက်ငှက်တုပ်ကွေး (၄) ကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်သည်။





Geen opmerkingen: