မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 10 maart 2010

ဆိုင်ကယ်လိုင်စင် ဒဏ်ကြေးတိုးမည်

တက်လူ/ ၁၀ မတ် ၂ဝ၁ဝ
ဧပြီလမှစ၍နောက်ပိုင်းတွင် လာရောက်မှတ်ပုံတင်မည့် လိုင်စင်မဲ့ ဆိုင်ကယ်များကို ဒဏ်ကြေးငွေ (၂၀) ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း နေပြည်တော် ကညနရုံးက မတ်လ ဒုတိယပတ်အတွင်း တရားဝင်ထုတ်ပြန်သည်။
“လိုင်စင်လာလုပ်သူတွေကမရှိဘူး။ ဒါ့ကြောင့် လာလုပ်အောင်လို့ အခုလာမလုပ်ရင် နောက်လကစပြီးတော့ ငွေပိုပေးရမယ်လို့ သတင်းထုတ်တာပါ။ တရားမ၀င်ဆိုင်ကယ် လက်ဝယ်ရှိသူတွေကတော့ ငွေပိုပေးရမှာဖြစ်လေ မလာလေပဲလို့ ကျနော်ထင်တယ်” ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) မှ တာဝန်ရှိသူတဦးက ပြောသည်။
ဆိုင်ကယ်မော်ဒယ်နှင့် အင်ဂျင်ပါဝါအလိုက် နေ့စဉ်အတက်အကျ ဖြစ်ပေါ်နေသော ဒေါ်လာဈေးနှုန်းပေါ် မူတည်၍ ဆိုင်ကယ်ကြေးကို သတ်မှတ်ကာ ယင်းသတ်မှတ်ကြေးအပေါ်တွင် ဒဏ်ကြေးကို ယခုကောက်ခံနေသော (၁၅) ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနတို့က သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပျမ်းမျှအားဖြင့် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်တစီးလျှင် အနိမ့်ဆုံး ကျပ် (၁၁၀,၆ဝဝ) မှ အမြင့်ဆုံး (၁၉၃,၁ဝဝ) ကျပ်၊ ထိုင်းနိုင်ငံထုတ်ဆိုပါက အနိမ့်ဆုံး (၃၁၆,၈၅ဝ) ကျပ်မှ အမြင့်ဆုံး ကျပ် (၆၄၆,၈၅ဝ) ဖြစ်ကာ ဂျပန်ထုတ်တို့မှာမူ အနိမ့်ဆုံး ကျပ် (၅၆၄,၃၅ဝ) မှ အမြင့်ဆုံး (၇၇၀,၆ဝဝ) ကျပ်ဖြစ်သည်။
“ဒဏ်ကြေးက ဆိုင်ကယ်ရဲ့ ဈေးနှုန်းအပေါ်မှာ (၂၀) ရာခိုင်နှုန်းယူရမယ်။ ဥပမာပြောရရင် ဆိုင်ကယ်က (၃) သိန်း ဆိုပါတော့၊ (၂၀) ရာခိုင်နှုန်းဆိုရင် (၆) သောင်းကျပ်ပေါ့။ ပြီးတော့ ကာစတန်ဂျုတီကြေးနဲ့ ပြည်တွင်းအခွန်ကြေးတွေကိုလည်း ပေးသွင်းရမယ်။ ဒါကလည်း သတ်မှတ်နှုန်းအတိုင်းပါ” ဟု နေပြည်တော် ကညနမှ တာဝန်ရှိသူက ပြောသည်။
ယင်းသို့ ဒဏ်ကြေးတိုးမြှင့်ပြီးနောက် မှတ်ပုံတင်ပြုလုပ်မည့် လိုင်စင်မဲ့ဆိုင်ကယ်တစီး မှတ်ပုံတင်ပြုလုပ်ပြီးလျှင် ပျမ်းမျှ ငွေကျပ် (၆) သိန်းကျော် ကုန်ကျမည်ဖြစ်သည်။
“မြန်မာတနိုင်ငံလုံးမှာ တရားမ၀င် ဆိုင်ကယ်စီးရေဟာ (၆) သိန်းကျော် ရှိနေမယ်လို့ ခန့်မှန်းထားပါတယ်။ ကျနော်တို့ ကညန ကို မြန်မာတနိုင်ငံလုံးက တက်လာတဲ့စာရင်းအရ မှတ်ပုံတင်ပြီးဆိုင်ကယ် (၂) သိန်းလောက်တော့ ရှိပါပြီ။ ဒါပေမယ့် ကျန်နေသေးတဲ့ အတွက် ဒဏ်ကြေးတိုးမြှင့်ပြီးတော့ လုပ်ခိုင်းရတာဖြစ်တယ်” ဟု နေပြည်တော် ကညနမှ အရာထမ်း တဦးက ပြောသည်။
မြန်မာတနိုင်ငံလုံးတွင်၂၀၀၉၊ ဒီဇင်ဘာ (၁) ရက်မှစ၍ ကျန်ရှိနေသော လိုင်စင်မဲ့ဆိုင်ကယ်များကို ဒဏ်ကြေးဆောင်၍ လိုင်စင်ပြုလုပ်ကြရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ယင်းကာလက ဒဏ်ကြေးငွေမှာ ဆိုင်ကယ်တန်ဖိုး၏ (၁၀) ရာခိုင်နှုန်းဖြစ်ကြောင်း၊ ယင်းနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ ဒဏ်ကြေးကို (၁၅) ရာခိုင်နှုန်း ထပ်တိုးခဲ့ကြောင်း သိရသည်။
စစ်အစိုးရသည် ပြီးခဲ့သည့် ၂ဝဝ၈ နှစ်ကုန်ပိုင်းမှစ၍ မြန်မာတနိုင်ငံလုံးတွင် လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးခဲ့ရာ (၄) လခန့် ကြာမြင့်ခဲ့ပြီး ဆိုင်ကယ် အစီးရေပေါင်း (၁) သန်းခန့် မှတ်ပုံတင်ကြကြောင်း၊ ယင်းအတွက် အခွန်ဝင်ငွေ စုစုပေါင်း ကျပ် ဘီလီယံ (၁ဝဝ) ကျော် ရရှိခဲ့ကြောင်း သိရသည်။





Geen opmerkingen: