Wednesday, 10 March 2010 19:04 ခိုင်သွယ်
.စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေသည် ဒီမိုကရေစီရေး ဆောင်ရွက်နေသူ အားလုံးကို အကျပ်အတည်း ဖြစ်စေရန် ရည်ရွယ် ထုတ်ပြန် ထားခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။
ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ်ရှိ NLD ရုံးချုပ် (ဓာတ်ပုံ - AP)
“နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေက NLD တင် မကပါဘူး၊ ဒီမိုကရေစီ အရေး ဆောင်ရွက်မယ့် ပါတီ ပုဂ္ဂိုလ် အားလုံးကို အကျပ် အတည်း ဖြစ်စေပါတယ်၊ တမင် ရည်ရွယ်ပြီး ထုတ်ထား တာလို့လည်း ယူဆပါတယ်” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ဆိုသည်။
ယခု ထုတ်ပြန်သော ဥပဒေအရ NLD အနေဖြင့် ပါတီမှတ်ပုံ တင်ခြင်း ပြုလုပ်ပါက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ပါတီမှ ထုတ်ပယ် ရမည်ဖြစ်ပြီး ပါတီ၏ မူဝါဒ ဖြစ်သော ရွှေဂုံတိုင် ကြေညာ စာတမ်း ကိုလည်း ဖျက်သိမ်းရမည် ကဲ့သို့သော အကျပ် အတည်းဖြင့် ရင်ဆိုင်နေရ သည်ဟုလည်း ၎င်းက ပြောဆိုသည်။
ယနေ့အစိုးရပိုင်သတင်းစာ အချပ်ပိုတွင် ဖော်ပြထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ NLD ပါတီ အနေဖြင့် အရေးကြီးသည့် ဆုံးဖြတ်ချက်ကို ချမှတ်ရတော့မည်ဖြစ်ကြောင်း၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့်လည်း ထောင်ဒဏ်ကျခံနေရသောကြောင့် အဆိုပါ ဥပဒေနှင့်အကျုံးဝင်လျက်ရှိကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
NLD ဒု ဥက္ကဌ ဦးတင်ဦးကလည်း“မှတ်ပုံတင် ရပ်ဆိုင်းအောင် လုပ်လိမ့်မယ်ဆိုတာက တွက်ကြတာ၊ အဲလို တွက်ထားတဲ့ အတိုင်းပဲ ဖြစ်လာခဲ့သည်ရှိသော် တရားဥပဒေ စည်းကမ်းနဲ့အညီ အေးချမ်းစွာ ဘယ်လို ကျော်လွှားဖြေရှင်းကြမလဲ ဆိုတာကလည်း ဟိုးအရင် ကတည်းက စဉ်းစားထားတာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အလံတော်ဟာ ၀င့်ဝင့်ကြွားကြွားနဲ့ ပြန်ပေါ်ပေါက်လာမယ်လို့ လည်း ယုံကြည်ထားတယ်”ဟု ဆိုသည်။
စစ်အစိုးရ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသည် ရွေးကောက်ပွဲ ၀င်မည့်နိုင်ငံရေးပါတီများအား အကျပ်အတည်းဖြစ်စေ သော ဥပဒေ ဖြစ်ကြောင်း ဥပဒေပညာရှင်များကလည်း သုံးသပ်ပြောဆို နေကြသည်။
အဆိုပါ ဥပဒေ အခန်း (၂) နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ခေါင်းစဉ်အောက်မှ နံပါတ် ၄ တွင် ပါတီ တည် ထောင်လိုသူများ ကိုက်ညီရမည့် အချက်များဖော်ပြရာ၌ (င) တွင် ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်းဟု ထည့်သွင်းထား သော ကြောင့် ထောင်ဒဏ်ကျခံနေရသော ဒီမိုကရေစီခေါင်းဆောင်များအား ရွေးကောက်ပွဲ မ၀င်နိုင်ရန် ရည်ရွယ်ပြီး ထုတ်ခြင်း ဖြစ် ကြောင်း၊ ရွေးကောက်ပွဲ ၀င်မည့် နိုင်ငံရေးပါတီများအပေါ် ကန့်သတ်လိုက်ခြင်းနှင့် အကျပ်အတည်းဖြစ်စေရန် ရည်ရွယ်ထုတ်လုပ် ထားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေများက ပြောဆိုသည်။
စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေများကို နိုင်ငံပိုင်သတင်းစာများတွင် ယမန်နေ့မှစတင်၍ နေ့စဉ် ထုတ်ပြန်ကြေညာလျက်ရှိရာ ယခုအခါ ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းနိုင်မည့် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ခဲ့ ပြီးဖြစ်သည်။

Geen opmerkingen:
Een reactie posten