မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 12 maart 2010

တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ

ပေါက်ပေါက်/ ၁၂ မတ် ၂ဝ၁ဝ
ယခုနှစ်တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းမှ သစ်များ တရားမဝင် ခိုးထုတ်မှု ပိုများလာကာ ပြီးခဲ့သည့်အပတ် သောကြာနေ့မှစ၍ နေ့စဉ် ပျမ်းမျှ ကားအစီး (၁ဝဝ) ခန့် တရုတ်နယ်စပ်မှတဆင့် နမ်းခမ်းမြို့တဖက်ကမ်း တရုတ်ပြည်၊ နောင်တောင်းကျေးရွာသို့ သယ်ဆောင်နေသည်။
ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်နှင့် မဘိန်းမြို့နယ်၊ ကချင်ပြည်နယ် ဗန်းမော်၊ ရွှေကူနှင့် မံစီမြို့နယ်တို့မှ တရားမဝင် သစ်ခိုးထုတ်မှု ပိုများလာသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ကိုင်နေသည့် ကချင်အန်ဂျီအို အဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “အရင်နှစ်တွေကတော့ ဗျူဟာမှူးလောက်အဆင့်ကို ငွေပေးပြီး ခုတ်တာ။ အခုက တိုင်းမှူးအထိ လာဘ်ထိုးထားနိုင်တော့ သစ်ခိုးထုတ်တာက အမိန့်ရသလို ဖြစ်သွားတယ်။ အခုတပတ်အတွင်း ကားအစီး (၁,ဝဝဝ) လောက် ဖြစ်နေပြီ။ အရင်နှစ်တွေက မေခနဲ့မလိခမြစ်ကြားက သစ်တွေ ပိုထုတ်တယ်။ အဲဒီက ကုန်သလောက် ဖြစ်သွားတဲ့ခါကျတော့ အဲဒီဘက်က တရုတ်လောပန်းတွေက ဒီဘက်ရွှေ့လာတယ်။ ပြီးခဲ့တဲ့နှစ်တွေကတော့ အခုလို အုံလိုက်ကျင်းလိုက် လာရင် တခေါက်၊ နှစ်ခေါက်လောက်ပဲ” ဟု ပြောသည်။
၂ဝ၁ဝ ရွေးကောက်ပွဲပြီးနောက် နောင်တက်လာမည့် အစိုးရသစ်လက်ထက်တွင် အလားတူ သစ်ခိုးထုတ်သည့်လုပ်ငန်းများ ဆက်လုပ်ရန် အခွင့်အရေး မသေချာသည့်အတွက် ကျွန်း၊ ပိတောက်၊ သံမလန်း စသည့် သစ်မာများသာမက ချယ်ရီကဲ့သို့ သစ်ပွများပါမကျန် သစ်မှန်သမျှ အင်တိုက်အားတိုက် သိမ်းကျုံးထုတ်ယူနေကြကြောင်း သစ်လုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “နောင်အစိုးရကျရင် ဘာဖြစ်မယ်ဆိုတာ မသိရသေးတဲ့အတွက် အခုလို အခွင့်ရေးရတုန်း သဲကြီးမဲကြီး နှိုက်လို့ရသလောက် နှိုက်နေကြတာ။ လောပန်းကြီးတွေကလည်း ငွေ သိန်းပေါင်း သောင်းနဲ့ချီ ကိုင်ပြီး အထက်ကို လာဘ်ထိုးတဲ့ဟာထိုး၊ နယ်မြေခံတွေကို ငွေပေးတဲ့ဟာပေးနဲ့ လုပ်နေကြတာ။ လောပန်းပေါက်စတွေကလည်း သူတို့ နိုင်သလောက် သူတို့ လုပ်နေတာ” ဟု ပြောသည်။
ယခု သစ်ခိုးထုတ်မှုတွင် အာဏာပိုင်များကိုယ်တိုင် ပါဝင်ပတ်သက်နေပြီး နယ်မြေခံများက လုံခြုံရေး ယူပေးနေသည်ဟု ကချင်အန်ဂျီအို အဖွဲ့ဝင်က ပြောသည်။
၎င်းက “ကိုက်ထိပ်ကျေးရွာမှာ မိုးမိတ်စစ်ဗျူဟာမှူးနဲ့ ခလရ (၂၃၆) ထိုင်နေတယ်။ သူတို့ကိုယ်တိုင် စောင့်ကြပ်ပေးနေတာ။ သစ်ကားတစီးကို (၅) သိန်းတောင်းတယ်။ လမ်းကနေ လုံခြုံရေးယူပေးတဲ့ စစ်သားတွေကိုလည်း ကားတစီး (၃၊ ၄) သောင်း ပေးရတယ်။ တရုတ်ပြည်ထဲဝင်ခါနီး မံဝိန်းကြီးနားက ဂိတ်မှာလည်း သောင်းချီ ပေးနေရတယ်။ အခုသစ်ခိုးထုတ်တဲ့ ကိစ္စမှာ သစ်တောညွှန်ချုပ်ရဲ့ သားတို့၊ ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့်ရဲ့ သားတွေနဲ့ သူ့ယောက်ဖတွေနဲ့ ပတ်သက်တဲ့ အောင်မိုင်ကုမ္ပဏီတို့က အဓိကလုပ်ပေးနေတာ။ တရုတ်ရဲ့ သစ်တွေကို နာမည်ခံပေးနေတာ” ဟု ပြောသည်။





Geen opmerkingen: