မျိုးချစ်သူ/ ၁၂ မတ် ၂ဝ၁ဝ
မြန်မာတနိုင်ငံလုံးရှိ ယာဉ်မောင်းလိုင်စင်များကို လေဆာစနစ်သုံး လိုင်စင်ကတ်အဖြစ် မတ်လ ( ၁၀ ) ရက်မှစ၍ လဲလှယ် ထုတ်ပေးနေပြီဖြစ်ကြောင်း နေပြည်တော် ကညန က သတင်းထုတ်ပြန်သည်။
အဆိုပါလိုင်စင်ကတ်များ ပြောင်းလဲရခြင်းမှာ လိုင်စင်အတုများစွာ ပေါ်ထွက်လာသောကြောင့်ဖြစ်ကြောင်း၊ လိုင်စင်အတု တခုလျှင် ငွေကြေး (၃၀,၀၀၀) မှ (၅၀,၀၀၀) ကျပ်ထိပေးရကြောင်း ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
“ကညနမှာ လိုင်စင်အတုတွေကို ပိုက်ဆံပေးပြီး လုပ်ရင်ရတယ်။ လူတယောက်ကို (၄) ခုထိ လုပ်ထားသူတွေရှိတယ်။ အထူးသဖြင့် ပိုက်ဆံရှိတဲ့ အသိုင်းအ၀ိုင်းနဲ့ ရာထူးရှိအသိုင်းအ၀ိုင်းတွေက ပိုပြီးတော့ အရေအတွက်များတယ်။ အငှားကားတွေ မောင်းတဲ့သူတွေ ကတော့ လိုင်စင်ကိုအပိုလုပ်တာ နည်းတယ်” ဟု ကညန ၀န်ထမ်းတဦးက ပြောသည်။
ယခုပြောင်းလဲသော လိုင်စင်ကတ်ပြားများမှာ အတုပြုလုပ်၍မရစေရန် ကတ်ပြားတွင် ရေစာအမှတ်အသားများ ပြုလုပ်ထားကြောင်း၊ ယင်းကို ခရမ်းရောင်လေဆာဖြင့်ထိုး၍ ကြည့်ရှုရကြောင်း ယာဉ်ထိန်းရဲတဦးက ပြောသည်။
“အတုတွေထွက်လို့ အခု လေဆာနဲ့ထိုးကြည့်ပြီး ရေစာအမှတ်တွေ ထည့်သွင်းအသုံးပြုထားပေမယ့် အတုမထွက်တော့ဘူးလို့တော့ အာမမခံနိုင်ဘူး။ ခေတ်က အရမ်းမြန်တယ်လေ။ အစစ်ရှိရင် အတုကရှိပြီးသားပါ” ဟု ကညနမှ ၀ါရင့်ဝန်ထမ်းတဦးက ပြောသည်။
လိုင်စင်ကတ်ပြားများကို အမျိုးအစားအလိုက် အရောင် (၅) မျိုးသတ်မှတ်ထားရာ (က) လိုင်စင်ကို အ၀ါရောင်၊ (ခ) လိုင်စင်ကို အစိမ်းရောင်၊ (ဂ) လိုင်စင်ကို အပြာရောင်၊ (ဃ) လိုင်စင်ကို အညိုရောင်၊ (င) လိုင်စင်ကို အနီရောင် စသဖြင့် သတ်မှတ်ထား ကြောင်း ကညန က တရားဝင် သတင်းထုတ်ပြန်သည်။
“ကျနော်တို့ ယာဉ်ထိန်းတွေကို ကညန က လာပြီးတော့ လိုင်စင်ကတ်ပြားအသစ် နမူနာတွေ ပေးထားပါပြီ။ လေဆာနဲ့ ထိုးကြည့်ရမယ် ပြောတယ်ဗျ။ အလုပ်တော့ရှုပ်မှာပဲ။ လေဆာတွေလည်း ခုထိတော့ မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။
ယင်းစနစ်ကို မတ်လ (၁၀) ရက်နေ့မှစ၍ လိုင်စင်သက်တမ်းတိုးသူများအားလုံးကို နေ့ချင်းပြီး အမြန်ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း ကညန က ပြောသော်လည်း မတ်လ (၁၀) ရက်က ပြုလုပ်ပေးသော လိုင်စင်အရေအတွက်မှာ (၁၀) ခုခန့်သာ ရှိသေးကြောင်း သိရသည်။
Geen opmerkingen:
Een reactie posten