မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 12 maart 2010

ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့်

စိုးမိုး/ ၁၂ မတ် ၂ဝ၁ဝ
စစ်အစိုးရ၏ပစ်ခတ်မှုကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့သည်မှာ မတ်လ (၁၃) ရက် မနက်ဖြန်၌ (၂၂) နှစ်ပြည့်မြောက်မည်ဖြစ်ပြီး ကျောင်းသားလှုပ်ရှားမှုများကြောင့် စစ်အစိုးရ အကျဉ်းထောင်များတွင် ယနေ့ကာလအထိ ကျောင်းသား (၂၄၀) ခန့် အကျဉ်းကျခံနေရဆဲဖြစ်သည်။
ကိုဖုန်းမော် ကျဆုံးပြီးနောက်ပိုင်း နိုင်ငံရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ ကျောင်းသားဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသားများသည် ရာနှင့်ချီ၍ စစ်အစိုးရ အကျဉ်းထောင်များတွင် အကျဉ်းကျနေခြင်းဖြစ်သည်။
“အခု အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား (၂,၁၈၅) ဦးအနက် ကျောင်းသားက အနည်းဆုံး (၂၃၈) ဦးရှိပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီဘီ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောကြားသည်။
ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့သည် ၁၉၈၈ ခုနှစ် မတ်လ (၁၃) ရက်နေ့တွင် တပါတီ အာဏာရှင် ဗိုလ်ချုပ်နေ၀င်း၏ လုံထိန်းတပ်က စက်မှုတက္ကသိုလ် မျက်နှာစာတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျဆုံးခဲ့ရသည်မှာ (၂၂) နှစ်ပြည့်ပြီဖြစ်သည်။ ၁၉၈၈ ခုနှစ် စစ်အာဏာရှင် ဖြုတ်ချရေး လူထုလှုပ်ရှားမှုကို စတင်စေခဲ့သည့် အရေးအခင်းလည်းဖြစ်သည်။
စစ်အစိုးရအဆက်ဆက်က ကျောင်းသားများကို ဖိနှိပ်မှု တိုးမြင့်လာသော်လည်း ကျောင်းသားများမှာ မြန်မာ့နိုင်ငံရေးနယ်ပယ်၌ ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေဆဲဖြစ်သည်။
“၉၆ ဒီဇင်ဘာမှာ ကျောင်းသားလှုပ်ရှားမှုဖြစ်တယ်။ နောက်တခါ ၉၈ စက်တင်ဘာလ ပြည်သူ့လွှတ်တော် ခေါ်ယူရေးမှာ ကျောင်းသားတွေ လှုပ်ရှားမှုတခုလုပ်ခဲ့တယ်။ အဲဒီမှာလည်း အများအပြား အဖမ်းခံရတယ်။ နောက် ၂၀၀၇ သံဃာ့လှုပ်ရှားမှုမှာ ကျောင်းသားတွေ ပါလာခဲ့တယ်။ နောက်ဆုံးကျောင်းသားမျိုးဆက်တွေ ပါလာခဲ့ပါတယ်” ဟု ကိုဖုန်းမော် ကျဆုံးပြီးနောက်ပိုင်း စစ်အာဏာရှင်ဖြုတ်ချရေး ကျောင်းသားလှုပ်ရှားမှုများနှင့်ပတ်သက်၍ ဦးတိတ်နိုင်က ပြောကြားသည်။
ယခုကဲ့သို့ ကျောင်းသားလှုပ်ရှားမှုများကြောင့် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာမှသိရှိကာ အစဉ်တစိုက် မှတ်တမ်းတင်ပြီး စစ်အစိုးရကို ဖိအားပေးနိုင်ခဲ့ကြောင်း၊ အိုင်အယ်လ်အို (အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့) ကဲ့သို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ပြည်တွင်းရုံးဖွင့်နိုင်ခဲ့ကြောင်း အေအေပီပီဘီက သုံးသပ်သည်။

ကိုဖုန်းမော် ကျဆုံးမှု အကျဉ်း
၁၉၈၈ ခုနှစ် မတ်လ (၁၃) ရက်တွင် ရန်ကုန် စက်မှုတက္ကသိုလ် (အာအိုင်တီ) ပဉ္စမနှစ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ (၂) ဦးသည် ကျောင်းဝင်းတွင်း၌ ဗိုလ်ချုပ်နေ၀င်း၏ လုံထိန်းတပ်က သေနတ်ဖြင့်ပစ်သဖြင့် ကျဆုံးခဲ့ရသည်။ ယင်းကို ဦးနေ၀င်း အစိုးရက ပြည်သူလူထုကို လိမ်လည်ကာ ကျောင်းသားများနှင့် ပြည်သူများ ခိုက်ရန်ဖြစ်ပွားပြီး ကိုဖုန်းမော်တို့ (၂) ဦးမှာ ဓားဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သတင်းထုတ်ခြင်းကို အာအိုင်တီ ကျောင်းသားများက အခြားတက္ကသိုလ်များသို့ လှည့်လည်ပြီး သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အဖြစ်မှန်ကို ရှင်းပြခဲ့ကြသည်။
၁၉၈၈ ခု မတ်လ (၁၄) ရက်တွင် ဦးနေ၀င်းစစ်အစိုးရ လုံထိန်းများက အာအိုင်တီကျောင်းကို လာရောက်စောင့်ကြပ်ပြီး မတ်လ (၁၅) ရက်နေ့တွင် ကျောင်းဝင်းအတွင်း လုံထိန်းရဲနှင့် စစ်သားများ ရာနှင့်ချီပြီး ၀င်ရောက်စီးနင်းခဲ့ကာ ကျောင်းသားများကို နံပါတ်တုတ်ဖြင့် ရိုက်နှက်ပြီး ကျောင်းသား ကျောင်းသူ (၄၀၀) ခန့်ကို ဖမ်းဆီးခဲ့သည်။
ယင်းနေ့တွင် မဆလအစိုးရက ကျောင်းသားများဆူပူပါက ထိရောက်စွာ အရေးယူမည်ဟု ကြေညာပြီးနောက်နေ့ မတ်လ (၁၆) ရက်တွင် ရန်ကုန်တက္ကသိုလ်အတွင်း ကျောင်းသား ထောင်ပေါင်းများစွာက ဦးနေ၀င်းအစိုးရ ဖြုတ်ချရေး၊ ဒီမိုကရေစီရရှိရေး ကြွေးကြော်သံများနှင့် ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။
ထို့နောက် ကျောင်းဝင်းအတွင်းမှ ထွက်ကာ လမ်းပေါ်တက် ဆန္ဒပြချီတက်ရာ အင်းလျားကန်နှင့် ပြည်လမ်းမကြားရှိ တံတားဖြူ မြောင်းကူးတံတားအလွန်တွင် အာဏာပိုင်များက နံပါတ်တုတ်ဖြင့် ရိုက်နှက်သဖြင့် ကျောင်းသားများ ရာနှင့်ချီ သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံရသည်။
မတ်လ (၁၇) ရက်တွင် ဦးနေ၀င်း မဆလအစိုးရက ကိုဖုန်းမော်သေဆုံးမှုမှာ သေနတ်ဒဏ်ရာနှင့် ဖြစ်ကြောင်း သတင်းထုတ်ခဲ့ပြီး တံတားဖြူတွင် ကျောင်းသားပေါင်း ရာချီသေဆုံးမှုကို ဖုံးကွယ်ထားလိုက်ကာ ယင်းနေ့တွင်ပင် ကျောင်းသားအားလုံးကို အစိုးရက စရိတ်ထုတ်ပေး၍ အိမ်ပြန်ခိုင်းကာ ကျောင်းများကို ပိတ်ပစ်ခဲ့သည်။
အိမ်ပြန်ရောက်လာသော ကျောင်းသားများကြောင့် ကိုဖုန်းမော် အရေးအခင်းနှင့်တကွ ဗိုလ်ချုပ်နေ၀င်း စစ်တပ်က ကျောင်းအတွင်း ၀င်ရောက် အင်အားသုံး ဖမ်းဆီးပုံနှင့် တံတားနီအရေးအခင်း ကိစ္စတို့ကို ပြည်သူလူထုတရပ်လုံး သိရှိခဲ့ရပြီး ၁၉၈၈ စစ်အစိုးရ ဖြုတ်ချရေး လူထုလှုပ်ရှားမှုကြီးသို့ ဦးတည်သွားစေခဲ့ခြင်းဖြစ်သည်။





Geen opmerkingen: