မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 12 maart 2010

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန်

ခိုင်လင်း/ ၁၂ မတ် ၂ဝ၁ဝ
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး လက်ခံ မခံ အဖြေပေးရမည့် တွေ့ဆုံဆွေးနွေးပွဲအား မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ယနေ့ပြုလုပ်သည်။
ကေအိုင်အိုအဖွဲ့မှ ဗိုလ်ချုပ်ဂေါ်ရီဇော်ဆိုင်း ဦးဆောင်သည့် (၈) ဦးပါ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ တရုတ်-မြန်မာနယ်စပ်ရှိ ဗဟိုဌာနချုပ် လိုင်ဇာမြို့မှ ယမန်နေ့က ထွက်ခွာသွားပြီး ယနေ့ ဆွေးနွေးနေသည်ဟု အမည်မဖော်လိုသည့် ကေအိုင်အိုအရာရှိက အတည်ပြုပြောသည်။
၎င်းက “နောက်ဆုံးဆွေးနွေးပွဲဖြစ်ရင် ဖြစ်သွားနိုင်တယ်။ Yes or No ဆိုတာ ပြတ်ပြတ်သားသား အဖြေပေးရမယ်။ အဲဒီကို မသွားခင် ဗဟိုကော်မတီအစည်းအဝေး လုပ်သွားတယ်။ ဆုံးဖြတ်တဲ့ အဖြေကတော့ နိုင်ငံတော်အစိုးရ ပြောတဲ့အတိုင်း နယ်ခြားစောင့်ကို လက်မခံနိုင်ဘူး။ ကချင်လူထုက လက်မခံလို့ဖြစ်တယ်။ ကေအိုင်အိုကတော့ ဆွေးနွေးပွဲနဲ့သာ အဖြေရှာလိုကြောင်း ဆန္ဒရှိတယ်။ သူတို့ပြန်လာမှပဲ ဘာတွေဖြစ်မယ်ဆိုတာ သိနိုင်မယ်” ဟု ပြောသည်။
ကေအိုင်အို အပါအဝင် အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖေဖော်ဝါရီလကုန်ရက် နောက်ဆုံးထား သတ်မှတ်ထားသော်လည်း အဖြေအတိအကျ မရရှိဘဲ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သည်။
ကေအိုင်အိုအဖွဲ့ကမူ နယ်ခြားစောင့်အသွင်ပြောင်းရေးအတွက် ဗဟိုကော်မတီအစည်းဝေး ပြုလုပ်ပြီး အဖြေပေးသွားမည်ဟု နအဖထံ ပြန်လည်တုံ့ပြန်ခဲ့သည်။ သို့အတွက် နယ်ခြားစောင့်အသွင်ပြောင်းရေး ဗဟိုကော်မတီဆွေးနွေးပွဲအား ဗဟိုဌာနချုပ်တွင် ယခုလ (၂) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပခဲ့ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လက်ခံရန် သင့်၊ မသင့် အကြိတ်အနယ် ဆွေးနွေးပြီးမှ လက်မခံကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ကေအိုင်အိုနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
၁၉၄၇ ခုနှစ်၊ ပင်လုံသဘောတူညီချက်ပါ တန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အား နအဖအနေဖြင့် ပေးမည်ဆိုပါက လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ရန် ကေအိုင်အိုအနေဖြင့် အသင့်ရှိကြောင်း နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးတင်ပြထားသော်လည်း နအဖဘက်က လက်မခံဘဲ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိုသာ တစိုက်မတ်မတ် ပြောဆိုခဲ့ကြောင်း ကေအိုင်အိုနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။





Geen opmerkingen: