ဝီရ/ ၁၂ မတ် ၂ဝ၁ဝ
မွန်ပြည်သစ်ပါတီဥက္ကဋ္ဌကြီးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင် (၉) ဦးနှင့် မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ယခုလအတွင်း တွေ့ဆုံနိုင်ရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက တောင်းဆိုထားကြောင်း မွန်ပြည်သစ်ပါတီမှ သိရသည်။
“ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် (၉) ဦးစလုံးနဲ့ တွေ့နိုင်ဖို့ ရတခတိုင်းမှူးက အကြောင်းကြားလာတာ ဖြစ်တယ်။ ကျနော်တို့က အထက်ကို တင်ပြထားပါတယ်။ ဒီလအတွင်း အဆင်ပြေမယ့်ရက် တရက်ပေါ့။ ဆွေးနွေးဖြစ်မယ့် အဓိကအကြောင်းအရာက နယ်ခြားစောင့်တပ်ကို ဘာလို့လက်မခံတာလဲ ဆိုတဲ့အချက် ဖြစ်မယ်ထင်တယ်။ မွန်ပြည်သစ်ဘက်က ဘယ်အချက်တွေ တင်ပြချင်သလဲဆိုတာလည်း ပါပါတယ်” ဟု မော်လမြိုင်မြို့ မွန်ပြည်သစ်ပါတီမှ ခရိုင်အဆင့် အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။
မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် အားလုံးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး၏ ယခုတောင်းဆိုမှုသည် ဒုတိယအကြိမ်ဖြစ်ကာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဇူလိုင်လက တကြိမ် တောင်းဆိုခဲ့သော်လည်း မွန်ပြည်သစ်ပါတီဘက်က လက်ခံခြင်းမရှိခဲ့ပေ။
“အခု လတ်တလော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက ကျနော်တို့ပါတီရဲ့ သဘောထားကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ လက်ရှိ ပါတီရဲ့ သဘောထားဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရေး၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးနဲ့ အားလုံးပါဝင်ဆွေးနွေးနိုင်တဲ့ တွေ့ဆုံအဖြေရှာရေးပါ။ အခု ထွက်လာတဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာလည်း လက်ခံနိုင်တဲ့ အချက်တွေ မရှိဘူးလို့ပဲ ပြောချင်တယ်။ ရတခ တိုင်းမှူးရဲ့ တွေ့ဆုံဖို့ တောင်းဆိုထားတာတွေရော ဒီရွေးကောက်ပွဲ ဥပဒေတွေကိုပါ လာမယ့် ဗဟိုအလုပ်မှူဆောင် အစည်းအဝေးမှာ သုံးသပ်သွားမှာပါ” ဟု မွန်ပြည်သစ်အရာရှိက ပြောသည်။
ယခုမတ်လ တတိယအပတ်အတွင်းတွင် မွန်ပြည်သစ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ကျင်းပရန်ရှိကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီသည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး ရယူခဲ့ပြီး ၎င်းတို့နှင့် အခြားအပစ်ရပ် တိုင်းရင်းသားတို့၏ တောင်းဆိုချက်များကို မြန်မာစစ်အစိုးရ၏ အမျိုးသားညီလာခံတွင် တင်ပြခဲ့သော်လည်း ပယ်ချခံရပြီး နောက်ပိုင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံကြောင်းနှင့် ပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ပြီးခဲ့သည့် ၂၀၀၉ ခု သြဂုတ်လကတည်းက သဘောထားထုတ်ပြန်ထားသည်။
ရတခ တိုင်းမှူးနှင့် လာမည့် တွေ့ဆုံပွဲတွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေအတွင်း မြန်မာစစ်အစိုးရ၏တပ်ဖွဲ့များ ဝင်ရောက်ကျူးကျော်နေမှုအတွက် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
တနင်္သာရီတိုင်း ကမ်းရိုးတန်းတပ် စကခ (၈) လက်အောက်ခံ တပ်ရင်းတို့က ပြီးခဲ့သည့်သီတင်းပတ်တွင် မွန်ပြည်သစ် ထိန်းချုပ်ရာ ကြာအင်းဆိပ်ကြီးမြို့နယ်သို့လည်းကောင်း၊ ပြီးခဲ့သည့် ဇန်နဝါရီလက ထားဝယ်ခရိုင်သို့လည်းကောင်း ဝင်ရောက်အခြေချ နေသကဲ့သို့ ဘုရားသုံးဆူနယ်စပ်ဒေသအချို့တွင်လည်း မြန်မာစစ်တပ်က ဝင်ရောက်မှုများ ရှိခဲ့သည်။
Geen opmerkingen:
Een reactie posten