မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 14 september 2011

မြန်မာ့ဘောလုံးအဆင့်အတန်းနိမ့်ကျလာမှုဘယ်သူ့တာဝန်လဲ

မြတ်စိုး ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၂၇ မိနစ် .
ဘောလုံးကစားနည်းမှာမြန်မာနိုင်ငံတွင်ထွန်းကားခဲ့သည်မှာကြာမြင့်ခဲ့ပြီဖြစ်ပြီးဗြိတိသျှများကမြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည့်၁၈၈၅နောက်ပိုင်းတွင်ပြိုင်ပွဲများကိုစနစ်တကျကျင်းပနိုင်ခဲ့ကြောင်း အထောက်အထားများမှာတွေ့ရှိရတယ်။ဒါပေမဲ့လည်းယနေ့ခေတ်မှာမြန်မာဘောလုံးအသင်းဟာ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်မပြောနဲ့အာရှဖလားပွဲမှာတောင်အောင်မြင်မှုတွေနဲ့ဝေးနေခဲ့ရတယ်။
ကမ္ဘာ့ဖလားဘောလုံးပွဲသမိုင်းမှာလူဦးရေနှစ်သန်းကျော်သာရှိတဲ့ဆိုဗေးနီးယား( Solvenia)၊ကို့ထ်ဒီဘွား
(Côted'Ivoire)၊ဂါနာနိုင်ငံငယ်တွေဟာခြေစစ်ပွဲတွေအောင်နိုင်ခဲ့ပြီး၊ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်အတွင်း နာမည်ကြီးအသင်းကြီးတွေနဲ့ကစားရာမှာခြေစွမ်းပြနိုင်ခဲ့ကြလို့နိုင်ငံတကာဘောလုံး ဝါသနာရှင်တွေကတောင်အံသြစွာအသိအမှတ်ပြုခဲ့ကြရတယ်။လူဦးရေ၃သန်းကျော်သာရှိတဲ့ဥရုဂွေး ဘောလုံးအသင်းဟာကမ္ဘာ့ဖလားပိုင်ရှင်ဖြစ်ခဲ့ယုံသာမကကမ္ဘာ့ဖလားခြေစစ်ပွဲအများဆုံးအောင်နိုင်ခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါဝင်တယ်။
တချိန်ကမြန်မာ့အားကစားကမ္ဘာကိုလွှမ်းရမယ်ဆိုတဲ့ဆောင်ပုဒ်အတိုင်းအာရှမှာနာမည်ရ၊အသိအမှတ်ပြု ခံခဲ့ရတဲ့မြန်မာ့ဘောလုံးအသင်းဟာယနေ့တော့အရှေ့တောင်အာရှဘောလုံးလောကမှာတောင်အနိမ့်ဆုံး အဆင့်သို့တဖြည်းဖြည်းရောက်ရှိလာခဲ့ပါပြီ။
ရန်ကုန်မြို့သုဝဏ္ဏကွင်းတွင်ယှဉ်ပြိုင်ကစားကြသောကမ္ဘာ့ဖလားဘောလုံးခြေစစ်ပွဲအိုမန်နှင့်မြန်မာ ဒုတိယအကျော့ပွဲစဉ်တွင်လာရောက်အားပေးကြသောမြန်မာဘောလုံးပရိတ်သတ်များကိုတွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။
မြန်မာဘောလုံး သမိုင်းမှတ်တိုင်များ
အချက်အလက်ပိုင်းဆိုင်ရာနဲ့ပြန်လည်သုံးသပ်ကြည့်မယ်ဆိုလျှင်၁၉၄၇မှ၁၉၅ဝအကြားတွင် မြန်မာ့ဘောလုံးဟာနည်းပညာနှင့်ရွေးချယ်မှုပိုင်းဆိုင်ရာမှာစနစ်ကျလာခဲ့ပြီး၁၉၅၂ခုနှစ်မှာ ပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲများကိုစတင်ကျင်းပနိုင်ခဲ့တယ်။ထို၁၉၅၂မှာပင်ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFAမှမြန်မာနိုင်ငံကိုအဖွဲ့ဝင်အဖြစ်လက်ခံခဲ့တယ်။မြန်မာနိုင်ငံလက်ရွေးစင်ဘောလုံးအသင်းဟာ၁၉၆၅မှ ၁၉၇၃ ခုနှစ်အတွင်း အရှေ့တောင်အာရှ ဘောလုံး ပြိုင်ပွဲများတွင် ငါးကြိမ်ဗိုလ်စွဲခဲ့ပါတယ်။
၁၉၆၆နှင့်၁၉၇ဝအာရှအားကစားပြိုင်ပွဲတွင်ပထမရရှိခဲ့ပြီး၁၉၆၈အာရှဖလားပြိုင်ပွဲမှာဒုတိယရရှိခဲ့ပါတယ်။ ၁၉၆ဝနှင့်၁၉၇ဝပြည့်နှစ်ကျော်ကာလများမှအာရှဒေသတွင်းပြိုင်ပွဲများဖြစ်တဲ့ပတ်ချုံဟီးဖလား (တောင်ကိုရီးယား)၊လွတ်လပ်ရေးဖလား(အင်ဒိုနီးရှား)၊မာဒေးကားဖလား(မလေးရှား)တို့တွင် အောင်မြင်မှုများ ဆက်တိုက်ရရှိ နိုင်ခဲ့ သည်။
ယနေ့ခေတ် မြန်မာဘောလုံး အခြေအနေ
ယနေ့ခေတ်မြန်မာဘောလုံးအသင်းအောင်မြင်မှုဟာသမိုင်းအချက်အလက်အားဖြင့်မဆလခေတ်ကထက် အခြေအနေဆိုးရွားနေတာတွေ့ရတယ်။မြန်မာ့ဘောလုံးဝါသနာရှင်များ၊ဘောလုံးစိတ်ဝင်စားသူများ အားလုံး ဒီအချက်ကိုလက်ခံထားကြတယ်။ယခုအခါမှာနိုင်ငံတကာပွဲတွေကိုအိမ်ရှင်အဖြစ်ကျင်းပနိုင်ခွင့်တွေကိုပါ ဆုံးရှုံးရတော့မယ့် အနေအထားသို့ ရောက်ရှိလာနေတာကို တွေ့ရတယ်။
မဆလခေတ်မှာအဆင့်ဆင့်ရွေးချယ်ခဲ့မှုတွေကြောင့်စိုင်းကက်နက်၊ခွန်ကျော့ဖေ၊ရွှေဘော်၊ပေါက်စီ၊ အောင်စံဖြိုး၊စိုးမိုးကျော်တို့ဟာတိုင်းနှင့်ပြည်နယ်အသီးသီးကနေနိုင်ငံကျော်လက်ရွေးစင် အကျော်အမော်တွေဖြစ်လာခဲ့သလို၊အရှေ့တောင်အာရှမှာလူသိများခဲ့တဲ့စိန်ဝင်းကြီး၊စိန်ဝင်းလေး၊ အေးမောင်ကြီး၊အေးမောင်လေး၊မောင်မောင်နု၊မောင်မောင်တင်၊တင်ဌေးစတဲ့ဘောလုံးသမားတွေ ကြောင့်လည်း မြန်မာနိုင်ငံမှာ ဘောလုံးအားပေးသူတွေ၊ စိတ်ဝင်စားသူတွေ ပိုမိုများပြားလာခဲ့တယ်။
ဒါပေမဲ့လည်းမဆလခေတ်မှာအစိုးရပိုင်းကလုံလောက်မှုရှိတဲ့ရင်းနှီးမြှုပ်နှံအားပေးမှုတွေ၊မက်လုံးပေးမှုတွေ မရှိခဲ့တာကြောင့် မြန်မာ့ဘောလုံးဟာ အရှေ့တောင်အာရှ ဘောလုံးလောကမှာတင် ရပ်တန့်ခဲ့ရပြန်တယ်။
မြန်မာဘောလုံးသမိုင်းလောကကိုပြန်လည်ဆန်းစစ်ကြည့်လျှင်ဘောလုံးကစားချင်တဲ့လူငယ်တွေအများကြီး ရှိခဲ့တယ်၊ကစားခွင့်မရခဲ့ဘူး။အများစုကကျောင်းသူကျောင်းသားတွေနဲ့စားဝတ်နေရေးအဆင်မပြေ ဖြစ်နေကြတဲ့လူငယ်တွေပါ။ထိခိုက်ဒဏ်ရာရလျှင်ဆေးဝါးခမရှိတာကတကြောင်း၊အိမ်မှာဆန်ဆီမရှိ၊ ဘောကန်အသုံးအဆောင်ပစ္စည်းများဝယ်ယူဖို့ငွေကြေးမရှိ၊ဘောလုံးလေ့ကျင့်မှုစရိတ်မတတ်နိုင်မှု တွေကြောင့်ဘောလုံးလောကကို စွန့်ခွာသွားခဲ့ရသူတွေ ဒုနဲ့ဒေးပါ။
ယနေ့ခေတ်မှာတော့တောမြို့၊နယ်ပယ်တွေထား၊ရန်ကုန်မြို့မှာတောင်တချို့နေရာတော်တော်များများမှာ ကလေးကစားကွင်းတွေဟာNightclubsတွေအဖြစ်ပြောင်းလဲသွားတာတွေ့ရတယ်။ကလေးတွေ၊ လူငယ်တွေအတွက်တော့ကစားစရာ၊လေ့ကျင့်ရာကစားကွင်းတွေတောင်မရှိဖြစ်နေတယ်။မြို့တိုင်း နယ်တိုင်းမှာ ဘောလုံးကွင်းတွေ မှာ မြေကွက်လပ်တွေမှာ တော်တော်လေး ဆုံးရှုံးကုန်တာ ရှိတယ်။
ဘောလုံးကွင်းတွေဟာရပ်ကွက်၊အဆောက်အအုံတွေဖြစ်လာတယ်။ဘောလုံးပွဲမရှိဘဲ၊နီးစပ်ရာ ရွေးချယ်တဲ့ဘောလုံးရွေးချယ်မှုတွေဖြစ်လာတယ်။နိုင်ငံတော်ကအားကစားအတွက်သုံးစွဲမှုတွေမှာ နည်းပါးလာခဲ့သည့်အပြင်၊နဂိုရှိပြီးသားအခြေအနေတွေပါတနေ့ထက်တနေ့ဆုံးရှုံးလာနေတာ တွေ့ရတယ်။ နည်းပညာဆိုင်ရာ၊နိုင်ငံကိုယ်စားပြုအားကစားသမားများကိုရွေးချယ်မှုဆိုင်ရာစံနှုန်းစံထားများ၊ အားကစားသမားများအားပညာပေးမှုဆိုင်ရာတွေမှာလည်းနိုင်ငံတော်ကလုံလောက်စွာရင်းနှီးမြှုပ်နှံမှု၊ မရှိတာတွေ့ရတယ်။တနည်းအားဖြင့်စနစ်တကျစိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာပြုစုပျိုးထောင်ရွေးချယ် လေ့ကျင့်သင်ကြားပေးမှု အားနည်းနေတာ တွေ့ရတယ်။
ကမ္ဘာ့အဆင့် အတန်းမှာ နိမ့်ကျ သွားခဲ့တဲ့ မြန်မာ့ဘောလုံး
မြန်မာ့ဘောလုံး ဘာကြောင့် တဖြည်းဖြည်း နိမ့်ကျလာခဲ့သလဲ။
၁) အကျင့်ပျက် ခြစားမှုများရှိနေခြင်း၊
၂)စနစ်တကျစိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာအဆင့်ဆင့်ပြုစုပျိုးထောင်ရွေးချယ်လေ့ကျင့်သင်ကြား ပေးမှုမရှိခြင်း၊
၃) အားကစားမှာ အစိုးရပိုင်းက လုံလောက်စွာ ရင်းနှီးမြှုပ်နှံမှု မရှိခြင်းလို့
မြန်မာ့ဘောလုံးအားကစားသမိုင်းကြောင်းကိုလေ့လာနေသူတွေက တညီတညွတ်တည်း ပြောဆိုခဲ့ကြတယ်။
မြန်မာ့ဘောလုံးအသင်းကို၁၉၈၇ခုနှစ်က၂၀၀၄ခုနှစ်ထိစီမံအုပ်ချုပ်ခဲ့သူကနအဖစစ်ဗိုလ်မှူးကြီးတွေပါ။သူတို့ လက်ထပ်မှာမြန်မာ့နိုင်ငံရေး၊စီးပွားရေးသာမကအားကစားရေးရာတွေမှာပါနိုင်ငံတကာနဲ့ယှဉ်လျှင် ဘာမှ အောင်မြင်မှု မရရှိခဲ့ပါဘူး။
တနည်းအားဖြင့်ဦးဆောင်မှုပိုင်းညံ့ဖျင်းမှု၊တာဝန်ယူမှုမရှိခြင်းကြောင့်မြန်မာ့ဘောလုံးအဆင့်အတန်း နိမ့်ကျလာခဲ့တယ်။ပုဂ္ဂိုလ်ရေးအရနီးစပ်ရာလူများကိုသာစီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာတွေမှာမှားယွင်းစွာ ရွေးချယ်ခဲ့မှုများ၊
မြန်မာဘောလုံးစီမံခန့်ခွဲအုပ်ချုပ်မှုပိုင်းမှာပုဂ္ဂိုလ်ရေး၊နိုင်ငံရေးအရဝင်ရောက်ရောထွေးမှုတွေ ရှိနေမှုများကြောင့်စီမံခန့်ခွဲအုပ်ချုပ်မှုပိုင်းမှာအရည်အချင်းရှိတဲ့သူများနည်းပါးလာခြင်းဟာလည်း မြန်မာ့ဘောလုံး မအောင်မြင်ရခြင်းရဲ့ အဓိကအကြောင်းအရင်း ဖြစ်လာခဲ့ရတယ်။
                                                                                                   ဘောလုံးနှင့် နိုင်ငံရေး
ပြီးခဲ့တဲ့မတ်လပိုင်းကကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌမစ္စတာဆတ် ဘလတ္တာ မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ်မတ်လ၁၅ရက်နေ့ကသွားရောက်ခဲ့ကာမြန်မာဘောလုံးအသင်းဥက္ကဋ္ဌမက်စ်ဇော်ဇော်၏ စီစဉ်ပေးမှုဖြင့်နေပြည်တော်သို့သွားရောက်၍အစိုးရသစ်တွင်သမ္မတဖြစ်လာမည့်လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန် ကိုလည်း တွေ့ဆုံခဲ့သည်။
ဒီခရီးစဉ်ဟာမြန်မာနိုင်ငံမှာနိုင်ငံတကာအားကစားပွဲတွေကိုကျင်းပလာနိုင်ပြီဖြစ်ကြောင်း၊မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေရှိလာနေပြီဖြစ်ကြောင်းမြန်မာဘောလုံးကိုနိုင်ငံရေးအရလက်နက်သဖွယ် အသုံးချဖို့ပြသရန်ရည်ရွယ်ခဲ့တယ်။ဒါပေမဲ့လည်းနိုင်ငံရေးပြဿနာတွေ၊စီးပွားရေးရေးဖွံ့ဖြိုးတိုးတက်မှု မရှိသေးတဲ့ မြန်မာနိုင်ငံမှာနိုင်ငံတကာအဆင့်မှီ အားကစားပွဲတွေကို ကျင်းပနိုင်တဲ့ စံချိန်စံနှုန်းအဆင့် တကယ်တော့ မရှိသေးပါဘူး။
ဒါကို သိသိနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌ မစ္စတာ ဆတ် ဘလတ္တာကို အသုံးချခဲ့တာ တွေ့ရတယ်။ မြန်မာ၊အိုမန်ပွဲဖြစ်စဉ်ကိုဆန်းဆစ်ကြည့်ခြင်းအားဖြင့် လက်ရှိ နိုင်ငံရေး ပြဿနာ ပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာနိုင်ငံတကာအားကစားပွဲတွေကျင်းပရန်မသင့်တော်သေးကြောင်း၊နိုင်ငံတကာအဆင့်မီဖို့ အခင်းအကျင်းနှင့်စီမံခန့်ခွဲ အုပ်ချုပ်မှု ပိုင်ဆိုင်ရာတွေမှာ ညံ့ဖျင်းမှုတွေရှိနေကြောင်း နိုင်ငံတကာ သတိထား မိလာကြတယ်။
ဒီနေရာမှာလိုင်စင်ရဝိသမစီးပွားရေးသမားဆိုတာကတော့ ဈေးကွက်တခုလုံးကိုအာဏာပိုင်နဲ့ပေါင်းပြီး ကိုယ်ကျိုးရှာသူကို ဆိုလိုတာဖြစ်တယ်။သူတို့ဟာမြန်မာ့ဘောလုံးအပြင်စီးပွားရေးလောကတခုလုံး၊ ဈေးကွက်တခုလုံးကိုလက်ဝါးကြီးအုပ်လုပ်ကိုင်ခွင့်ရလာတဲ့အတွက်အဆမတန်ကြွယ်ဝချမ်းသာလာတဲ့ ခေတ်ပျက်သဌေးတွေ မျှသာဖြစ်ပါတယ်။
လူတယောက်ဟာစီးပွားရေးလုပ်တာဟာ ကောင်းပါတယ်။ မကောင်းတာကတော့ လူတယောက်တည်းကို အခွင့်အရေးတွေပေးပြီး ကျန်တဲ့သူတွေကို ညီမျှတဲ့ အခွင့်အလမ်းတွေ မပေးခြင်း ဖြစ်ပါတယ်။ ဈေးကွက်ကို လက်ဝါးကြီးအုပ် (Monopoly)ထားခြင်းသာ ဖြစ်တယ်။ ဒီလိုဖြစ်ရပ်တွေကြောင့်လည်း မြန်မာပြည်သူတွေက ဒီလိုမညီမျှတဲ့၊ တရားမျှတမှုမရှိတဲ့ စနစ်ကို တိုက်နေခြင်း ဖြစ်ပါတယ်။
နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ မြန်မာဘောလုံးအသင်း တကယ်အောင်မြင်မှုတွေ ရယူလိုချင်သလား။ ဝိသမ စီးပွားရေး သမား ခိုးသားငါးရာမြန်မာ့ဘောလုံးလောကကို ငွေကြေးအင်အားသုံးပြီး အပန်းဖြေ အသုံးတော်ခံ စီမံခန့်ခွဲမှု ပြုလုပ်နေမှုကို အစိုးရတရပ်အနေဖြင့် ဆက်လက်ခွင့်မပြုသင့်ပါလို့ပဲ အကြံပေးပါရစေ။
နိုင်ငံတကာမှာအဆင်နိမ့်ကျလာနေတဲ့မြန်မာဘောလုံးအောင်မြင်မှုတွေတက်လှမ်းနိုင်ဖို့အတွက် နိုင်ငံတော်အစိုးရ တရပ်အနေဖြင့် စီမံခန့်ခွဲ အုပ်ချုပ်မှုဆိုင်ရာ အမှားတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသရွေ့လည်း မြန်မာ့ဘောလုံးအနာဂတ်မှာ ဆုံးရှုံးမှုတွေနဲ့ ဆက်လိုက်ရင်ဆိုင် နေရပါလိမ့်မယ်။







Geen opmerkingen: