မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 9 september 2011

ဦးဥတ္တမနေ့ရခိုင်ပြည်နယ်နှင့်ရန်ကုန်တွင်ကျင်းပ

ကိုပေါက် သောကြာနေ့၊ စက်တင်ဘာလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၃ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်အခမ်းအနားများကိုစက်တင်္ဘာ၉ရက်နေ့တွင် ရန်ကုန်မြို့နှင့်ရခိုင်ပြည်နယ်စစ်တွေ၊မင်းပြား၊ကျောက်တော်မြို့များ၌ကျင်းပခဲ့ကြကြောင်းသိရသည်။
စစ်တွေမြို့ဦးဥတ္တမပန်းခြံရှိရုပ်တုရှေ့သို့ညနေ၃နာရီကအင်အား၅၀၀ခန့် သွားရောက်ပန်းခွေချ ဂါရဝပြုခဲ့ပြီး ဆီမီးများထွန်းညှိပူဇော်ခဲ့ကြကြောင်းရခိုင်တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီRNDPအတွင်းရေးမှူး ဦးဦးလှစောကမဇ္ဈိမကိုပြောသည်။
“ပါတီဝင်အင်အား၁၀၀လောက်ကသွားကြတော့လူထုကလိုက်လာပြီးထင်တာထက်ပိုများလာတယ်။ဒါပေ မယ့်ဘာမှတော့ပြဿနာမရှိပါဘူး။စနစ်တကျပဲထိန်းသိမ်းနိုင်ခဲ့ပါတယ်။သက်ဆိုင်ရာလုံခြုံရေးနဲ့ ပတ်သက်တဲ့သူတွေကလည်းဘာမှအနှောက်အယှက်မပေးပါဘူး”ဟုသူကပြောသည်။
ဤသို့လမ်းလျှောက်ချီတက်ရန်အတွက်သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်သို့ကြိုတင်အကြောင်းကြား ခဲ့ရသော်လည်းတားမြစ်မှုမရှိခဲ့ကြောင်း“သူတို့ကပြင်းပြင်းထန်ထန်တားတာမျိုးတော့မလုပ်ဘူး။ ခွင့်ပြုတာရယ်လို့လည်းမဟုတ်ဘူး။ ညှိညှိနှိုင်းနှိုင်း လုပ်တဲ့ အဓိပ္ပါယ်ပါပဲ” ဟု ဦးဦးလှစောက ပြောသည်။
မနက်ပိုင်းတွင်စစ်တွေမြို့ရှိသံဃာတော်အပါး၁၀၀ကျော်ကလည်းဦးဥတ္တမရုပ်တုရှေ့သို့သွားရောက် ဂါရဝပြုခဲ့ကြကာ မြို့နေလူထုကလည်း ရပ်ကွက်အလိုက် သွားရောက် ဂါရဝပြုခဲ့ကြသေးသည်။
                                                         စစ်တွေမြို့ရှိဦးဥတ္တမရုပ်တုကိုတွေ့ရစဉ်(ဓါတ်ပုံ-Kumara)
ရန်ကုန်မြို့ဗဟန်းမြို့နယ်၊ဓညဝတီသာသနာပြုကျောင်းတိုက်တွင်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ALDမှ ကျင်းပသည့်အခမ်းအနားသို့ဝါရင့်နိုင်ငံရေးသမားကြီးများနှင့်တိုင်းရင်းသားပါတီများမှပူးထောင်ခိုထန်း၊ နိုင်ငွေသိန်း၊စိုင်းစောအောင်တို့လာရောက်ကြသည်။ထို့ပြင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDမှ ဦးတင်ဦးနှင့် EC အဖွဲ့ဝင်များလည်း လာရောက်ကြကာ အခမ်းအနားမှူးအဖြစ် ဦးအေးသာအောင်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဦးဥတ္တမ၏အထ္ထုပ္ပတ္တိအားပြောကြားသွားခဲ့သည့်ALDဥက္ကဋ္ဌ ဦးသာဘန်းက
ဦးဥတ္တမနေ့အား မြန်မာပြည် အစိုးရ အဆက်ဆက်က လျစ်လျူရှုခဲ့သည့် အကြောင်း မဇ္ဈိမကို ပြောသည်။
“ဖဆပလကလည်းကြီးမှူးမလုပ်ခဲ့ဘူး။အိမ်စောင့်အစိုးရ(ဗိုလ်နေဝင်း)လက်ထက်မှာလည်းမလုပ်ဘူး။ပထစ လက်ထက် ၁၉၆၁ မှာတော့ ပမညတနဲ့ တခြား နိုင်ငံရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဦးဥတ္တမ ပန်းခြံဆိုပြီး
ကန်တော်မင် ပန်းခြံကို အမည်ပြောင်းတယ်၊ ဦးဥတ္တမ ကျောက်ရုပ်ကို အဲဒီမှာ ထားတယ်” ဟု ပြောသည်။
သို့သော်တော်လှန်ရေးကောင်စီ လက်ထက်တွင် ဦးဥတ္တမ ပန်းခြံအား ကန်တော်မင် ပန်းခြံအဖြစ် ဗိုလ်မှူးချုပ်
အောင်ကြီး အမိန့်ဖြင့် ပြန်လည် ပြောင်းပစ်ခဲ့ကြောင်း “အဲဒီတုန်းက နံပါတ်တူးလို့ လျှန်းလျှန်းတောက်နေတဲ့ ဗိုလ်အောင်ကြီးက“ဒီကျောက်ရုပ်ဘာလုပ်မလဲ။ဘာလုပ်ဖို့ဒီမှာထားတာလဲ။ဒါကန်တော်မင်ပန်းခြံလို့ပဲ ဆိုင်းဘုတ်တပ်။ဒီအရုပ်ကိုဖယ်လိုက်”ဆိုတဲ့အမိန့်ကြောင့်ဖယ်လိုက်ရတယ်လို့ကျနော်တို့သိတယ်။ ကျနော်တို့ မှတ်တမ်းတွေ ရှိပါတယ်” ဦးသာဘန်းက ဆက်ပြောသည်။
အဖယ်ရှားခံလိုက်ရသောဦးဥတ္တမရုပ်တုမှာဆိုဗီယက်သံရုံးအနီးခြုံပေါင်းများထဲမှပြန်လည်တွေ့ရှိပြီး ကိုယ်တိုင်ထုလုပ်ခဲ့သည့်ပန်းပုဆရာကြီးဦးဟန်တင်ကသိမ်းဆည်းထားရကြောင်းဆက်လက်ရှင်းပြသည်။
တာမွေမြို့နယ်၊ရန်ကင်းသာသနာပြုကျောင်းတိုက်တွင်လည်း‘ရခိုင်မင်္ဂလာ’ချီရတုရွတ်ဆိုဖွင့်လှစ်ပြီး အဝေးရောက်ရခိုင်လူငယ်များအသင်းကကျင်းပခဲ့ပြီးရန်ကုန်တိုင်းရခိုင်လူမျိုးကိုယ်စားလှယ် ဦးဇော်အေးမောင်လည်း တက်ရောက်ကြောင်း သိရသည်။
ဦးဥတ္တမနေ့မှာရခိုင်အမျိုးသားနေ့အဖြစ်သတ်မှတ်ရန်လျာထားသည့်နေ့များတွင်တခုအပါအဝင်ဖြစ်သည်။
ဖေဖေါ်ဝါရီ၂၀ရက်စွဲဖြင့်RNDPပါတီကရခိုင်အမျိုးသားနေ့သတ်မှတ်ရန်အတွက်ပြည်တွင်း/ပြည်ပ သဘောထားများ တောင်းခံခဲ့ရာ ဦးဥတ္တမနေ့မှာ လူကြိုက်များလှကြောင်းလည်း သိရသည်။
သို့သော်လည်းဓညဝတီပြည်စတင်ထူထောင်သည့်နေ့၊မဟာမြတ်မုနိကိုယ်တော်ရေစက်သွန်းချသည့်နေ့၊ မင်းစောမောင်မြောက်ဦးနန်းတည်ထောင်သည့်နေ့၊ရခိုင်အမျိုးသားများခေတ်သစ်နိုင်ငံရေး နိုးကြားလာသည့်နေ့များ စသဖြင့် ရွေးချယ်စရာ နေ့ထူးနေ့မြတ်များလည်း ရှိနေပြီး မဆုံးဖြတ်ရသေးကြောင်း RNDPမှဦးဦးလှစောက“ကျနော်တို့ပါတီကဆုံးဖြတ်ချက်မကျသေးတဲ့အတွက်ပြည်နယ်လွှတ်တော်မှာလည်း မတင်ပြရသေးပါဘူး။ အမျိုးသားနေ့တနေ့ကိုတော့တောင်းမယ်။ပြည်နယ်လွှတ်တော်မှာရော၊ ပြည်ထောင်စု လွှတ်တော်မှာရော တင်ပြဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြောသည်။
ALDမှဦးသာဘန်းကမူဦးဥတ္တမ၏မွေးနေ့ဖြစ်သည့်ဒီဇင်္ဘာ၂၈ရက်ကိုသတ်မှတ်သင့်ကြောင်း သဘောထား ပေးသည်။
ဆရာတော်ဦးဥတ္တမ(၁၈၇၉-၁၉၃၉)မှာ မြန်မာ့နိုင်ငံရေးတွင်“ကရက်ဒေါက်ဂက်အောက်”ဟူသော ရဲရဲတောက် စကားဖြင့် ပူးတွဲ လူသိများခဲ့သည့် ရခိုင်အမျိုးသား ဆရာတော်ကြီး ဖြစ်သည်။
ထိုစဉ်ကမြန်မာပြည်ဒိုင်အာခီအုပ်ချုပ်ရေး ဒုတိယဘုရင်ခံSirReginladHenryCraddockအား ဗမာပြည်မှ ထွက်သွားရန်မောင်းထုတ်လိုက်သည့်ဆရာတော်၏မိန့်ခွန်းမှာမြန်မာတို့၏အမျိုးသားစိတ်များကို နိုးကြားလာစေ ခဲ့သည်။
ဆရာတော်သည်ကိုလိုနီခေတ်မြန်မာပြည်ခေတ်သစ်နိုင်ငံရေးနိုးကြားမှုများ မရှိသေးခင် ကတည်းက အိန္ဒိယ အတွေ့အကြုံများကို ဝိုင်အမ်ဘီအေ အဖွဲ့ကြီးအတွင်း ဝေငှ လှုပ်ရှားခဲ့သည်။
ရခိုင်အမျိုးသားဖြစ်သော်လည်းမြန်မာတနိုင်ငံလုံးဗြိတိသျှ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေး အတွက်
ထောင်အကြိမ်ကြိမ်ကျခံ ကြိုးပမ်းအားထုတ် ခဲ့သည်။
အိန္ဒိယ၊ဂျပန်၊တရုတ်၊ကိုရီးယား၊အင်ဒိုချိုင်းနား၊ယိုးဒယား၊အင်ဒိုနီးရှား၊အမေရိကား၊ဥရောပနိုင်ငံများသို့ သွားရောက်လေ့လာကာအတွေ့အကြုံများဖြင့်မြန်မာပြည်သူများအားနိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သည့် ဆရာတော်ဦးဥတ္တမမှာမြန်မာ့နိုင်ငံရေး၊ကမ္ဘာ့နိုင်ငံရေးအရှုတ်ထွေးဆုံး အချိန်ဖြစ်သည့် ၁၉၃၉ စက်တင်္ဘာ ၉ ရက်နေ့တွင် ရန်ကုန် ဆေးရုံကြီး၌ ပျံလွန်တော်မူခဲ့သည်။





Geen opmerkingen: