မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 12 september 2011

ယာဉ်အစားထိုးသတင်းကြောင့်ကားဟောင်းများဈေးထိုးတက်

ဧရာဝတီ Monday, 12 September 2011 17:42
.မြန်မာအစိုးရကလက်ရှိအသုံးပြုနေသည့်အိုမင်းဟောင်းနွမ်းနေသောပုဂ္ဂလိကပိုင်ကားများကို ပြည်ပမှ တင်သွင်းမည့်ကားများနှင့်စက်တင်ဘာလ၁၉ရက်နေ့မှစပြီးအစားထိုးမည်ဟုကြေညာလိုက်ပြီးနောက် ကားဈေးကွက်တွင် ကားအိုကားဟောင်း ဈေးနှုန်းများ သိန်းဆယ်ဂဏန်းချီ ထိုးတက်သွားသည်။
                                      မြန်မာပြည်မှကားအိုကားဟောင်းများ(ဓာတ်ပုံ-squierj.freeyellow.com)
မှတ်ပုံတင်သက်တမ်းနှစ်၄၀ကျော်ကားများ၊နှစ်၃၀နှင့်နှစ်၄၀အကြားကားများ၊နှစ်၂၀ကျော်မှ၃၀ ကြား ကားများကိုတဆင့်ပြီးတဆင့်အစားထိုးလဲလှယ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ကြေညာချက်ကိုစက်တင်ဘာလ၁၁ရက်နေ့ထုတ်အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ယင်းသို့လဲလှယ်ပေးမည့် သတင်းမှာ အစိုးရ၀န်ကြီးများနှင့် နီးစပ်နေသော စီးပွားရေး အသိုင်းအ၀ိုင်းအကြား ၁၀ ရက်ကျော် ကြိုတင်ပေါက်ကြားခဲ့ပြီး ကားအို၊ ကားဟောင်း၊ ကားစုတ်ဈေးနှုန်း ငွေကျပ် ၁၀ သိန်းမှ ၁၅ သိန်းကျော်အထိ ထိုးတက်သွားခဲ့သည်။
ရန်ကုန်မှကားပွဲစားတဦးက“လွန်ခဲ့တဲ့ တပတ်လောက်ကတည်းကကားဟောင်းတွေ အစားထိုးပေးမယ့် သတင်းက ကြိုပေါက်တယ်။ဈေးကွက်ထဲမှာကားစုတ်တွေကိုလိုက်ဝယ်ကြတယ်။အရင်သိန်း၂၀ လောက်ပဲရှိတဲ့ကားဟောင်း၊ကားအိုတွေလည်း၃၅သိန်း၊သိန်း၄၀တွေဖြစ်ကုန်တယ်။ကားဝယ်တဲ့သူတွေထဲမှာစီးပွားရေးသမားတွေပါသလို လူကြီးသားသမီးတွေလည်းပါတယ်။ စက်တင်ဘာလ ၁၁ရက် အစိုးရသတင်းစာထဲမှာ ကြေညာချက်ပါတော့ ကားဟောင်းပိုင်ရှင်တွေက မရောင်းဘူးဆိုပြီး ဖြစ်ကုန်ကြတယ်” ဟု ပြောသည်။
လက်ရှိတွင် မှတ်ပုံတင်သက်တမ်း အနှစ်၄၀ကျော်သောကားများ အစားထိုးရန် စာရင်းပေးသွင်းပြီးပါက အမေရိကန်ဒေါ်လာ၃၅၀၀ထက်မပိုသော၁၉၉၅ ခုနှစ်မော်ဒယ်နှင့်အထက် ကားဝယ်ယူခွင့် ပါမစ် ထုတ်ပေးပြီးနိုင်ငံခြားမှကားတင်သွင်းခွင့်ပေးမည်ဖြစ်ကြောင်း၊ မှာယူတင်သွင်းထားသော ကားရောက်ရှိလာပါက မူလကားအိုကားဟောင်းကိုသံရည်ကျိုစက်ရုံ ပို့မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဦးအောင်မင်းကစက်တင်ဘာ၁၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကပါမစ်နှင့်တင်သွင်းလာသောကားများကိုအခွန်ကောက်ခံမည်ဖြစ်ပြီး အကောက်ခွန်၄၀ရာခိုင်နှုန်းနှင့်ကုန်သွယ်လုပ်ငန်းခွန်၂၅ရာခိုင်နှုန်းစုစုပေါင်း၆၅ရာခိုင်နှုန်း ကောက်ခံမည်ဟု သိရသည်။
အစိုးရ၏ကားအစားထိုးလဲလှယ်ရေးအစီအစဉ်ကြောင့်အစိုးရ၀န်ထမ်းများအကြားတွင် လာဘ်ပေးလာဘ်ယူမှုများအကြီးအကျယ်ဖြစ်ပေါ်လိမ့်မည်ဟု ခန့်မှန်းနေကြသည်။
ပြည်တွင်းအခွန်များဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီးတဦးက “ကားအိုကားဟောင်းက ကိုယ့်အမည်ပေါက်ဖို့ လိုတယ်လို့သတ်မှတ်ချက်မှာပါတယ်။အဲဒီတော့အမည်ပေါက်ပြောင်းဖို့ငွေပေးပြီး လုပ်ကြမှာပဲ။ နောက်တခုကဒေါ်လာ၃၅၀၀ထက်မပိုသောလို့ ပြောပေမယ့်အဲဒီထက်ပိုတန်ဖိုးကြီးတဲ့ကားတွေ သွင်းချင်တဲ့သူတွေကလည်းသက်ဆိုင်ရာဝန်ထမ်းတွေကိုငွေပေးပြီးတရားဝင်လိုင်စင်ရအောင် လုပ်နိုင်တယ်။လာဘ်ပေးလာဘ်ယူကိစ္စတွေအများကြီးဖြစ်လာမယ်။ ဒါတွေကို နိုင်အောင်မထိန်းနိုင်ရင်တော့ မီးခိုးကြွက်လျှောက် ပြဿနာတွေရှိလာနိုင်ပါတယ်” ဟု သုံးသပ်သည်။
ပြုပြင်ထားမှုကြောင့်အစားထိုးမလဲလှယ်လိုသောကားအိုကားဟောင်းများကိုလည်းဆက်လက် အသုံးပြုခွင့်ပေးမည်ဖြစ်သော်လည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ယာဉ်ကြံ့ခိုင်မှု စစ်ဆေးခံရန် လိုအပ်သည်။
ကားအိုကားဟောင်းများအစားထိုးခွင့်ပြုမည့်အပြင်နိုင်ငံခြားပို့ကုန်လုပ်ငန်း၊ ဟိုတယ်ခရီးသွားလာမှုလုပ်ငန်း၊ ရင်းနှီးမြုပ်နှံမှုလုပ်ငန်း လုပ်ကိုင်သူများ၊ နိုင်ငံခြားသင်္ဘောသားများ၊ တရားဝင်အခွန်ဆောင်ပြီး နိုင်ငံခြားတွင် အလုပ်လုပ်နေသူများသည် အစိုးရဘဏ်များတွင်နိုင်ငံခြားငွေ အပ်နှံစုဆောင်းထားပါက ကားသွင်းခွင့် ပါမစ်များထုတ်ပေးမည်ဖြစ်ကြောင်း၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခွင့်ပြုသွားမည်ဖြစ်ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
နိုင်ငံခြားတွင်တရားဝင်အလုပ်လုပ်နေသူများနှင့် သင်္ဘောသားများသည် အစိုးရဘဏ်တွင် အမေရိကန်ဒေါ်လာ၃သောင်းနှင့်အထက်ရှိလျှင်ကားတစီးတင်သွင်းခွင့် ပါမစ်ထုတ်ပေးမည်ဖြစ်ပြီး ပို့ကုန်လုပ်ငန်း၊ဟိုတယ်လုပ်ငန်းနှင့်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းလုပ်ကိုင်သော စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် အစိုးရဘဏ်တွင်အမေရိကန်ဒေါ်လာ၁သိန်းနှင့်အထက်ရှိလျှင်ကားတင်သွင်းခွင့် ပါမစ်ထုတ်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့သော ကားတင်သွင်းမှုများအတွက် ကားတန်ဖိုးနှင့် မော်ဒယ် သတ်မှတ်ထားခြင်း မရှိကြောင်း သိရှိရသည်။
ထို့အပြင် အစိုးရက ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ကားကုမ္ပဏီများနှင့် ဆက်သွယ်ပြီး မြန်မာနိုင်ငံတွင် ကားအရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနိုင်ရေး ဆောင်ရွက်သွားမည်ဟု သိရှိရသည်။
အစိုးရသစ်၏ အစီအစဉ်သစ်ကြောင့် ကားဈေးကွက်တွင် ဈေးနှုန်းများ အတက်အကျ များနိုင်ကြောင်း ကားပွဲစားများက သုံးသပ်သည်။
“အခု ကားဈေးကွက်က အတော်ကိုလှုပ်ခတ်ပါတယ်။ ဈေးကျမယ်လို့ အများစုက သုံးသပ်တယ်။ ဒါပေမယ့် လာဘ်ပေးလာဘ်ယူတွေ၊ လက်ဝါးကြီးအုပ်တာတွေ ဖြစ်လာရင်တော့ ကားဈေးပြန်တက်လာ နိုင်ပါတယ်။
မော်ဒယ်မြင့်ကားတွေစီးနေကြတာကလူကြီးအသိုင်းဝိုင်း၊အဲဒီအသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေ ဖြစ်နေတော့မော်ဒယ်မြင့်ကားဈေးတော့တအားကြီးမကျဘူးလို့သုံးသပ်တယ်။ကားဈေးနှုန်းတွေ ချိုချိုသာသာ စီးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်” ဟု ဟံသာဝတီကားပွဲစားတန်းမှ ကားပွဲစားတစ်ဦးက ပြောသည်။
ကားအစားထိုး လဲလှယ်မှုတွင် အကျုံးဝင်သည့် မှတ်ပုံတင်သက်တမ်း နှစ် ၄၀ ကျော် ကားအရေအတွက်မှာ ၅ သောင်းကျော်ရှိကြောင်း ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ဆိုသည်။
ကားတင်သွင်းခွင့်သည် စစ်တပ်ကျောထောက်နောက်ခံ ပေးထားသော စီးပွားရေးဦးပိုင်လီမိတက်နှင့် စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သော စီးပွားရေး အသိုင်းအ၀ိုင်းများကသာ ရရှိနေသော အခွင့်ထူးတခုအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့သည်။

Geen opmerkingen: