မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 19 september 2011

တရုတ်သံရုံးရှေ့လုံခြုံရေးတင်းကျပ်

လင်းသန့် Monday, 19 September 2011 17:17
.တရုတ်အစိုးရပိုင်CPIစွမ်းအင်ကုမ္ပဏီပါဝင်လုပ်ဆောင်နေသောမြစ်ဆုံဆည်စီမံကိန်းရပ်တန့်ရေးအတွက် ယနေ့နံနက်ပိုင်း၌ရန်ကုန်မြို့ရှိတရုတ်သံရုံးရှေ့တွင်ဆန္ဒပြကန့်ကွက်မည်ဟူသောသတင်းများ ထွက်ပေါ်နေပြီးသံရုံးရှေ့တွင်လည်းလုံခြုံရေးထူထပ်စွာချထားကြောင်းသိရသည်။
“သတင်းလာယူကြတဲ့သတင်းထောက်တွေလည်းရောက်နေတယ်။ဧရာဝတီကိုကယ်တင်ကြဆိုတဲ့တီရှပ် တွေဝတ်ထားတဲ့၂ယောက်၃ယောက်တော့တွေ့တယ်။လုံထိန်းကား၎စီးလောက်ကပတ်ဝန်းကျင်မှာ နေရာယူထားတာတွေ့ရတယ်”ဟုသံရုံးရှေ့တွင်ရှိနေသောရန်ကုန်မှလူငယ်တဦးက ဧရာဝတီကို ပြောသည်။
ဆန္ဒပြသည့်အခါ ပူးပေါင်း ပါဝင်နိုင်ရန်အတွက် တချို့ကလည်း သံရုံး မျက်နှာချင်းဆိုင်ရှိ ကလေးဆေးရုံနှင့် သံရုံးအနီးရှိ လက်ဘက်ရည်ဆိုင်များတွင် မနက်ကတည်းက ရောက်ရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့ရှိလူစည်ကားရာနေရာများဖြစ်သောမြို့တော်ခန်းမရှေ့၊အောင်ဆန်းကွင်းနှင့် လမ်းဆုံတချို့တွင်လည်း လုံခြုံရေး ထူထပ်စွာချထားကြောင်း ရန်ကုန် ဒေသခံတဦးက ဆိုသည်။
တရုတ်သံရုံးကလည်းဆန္ဒပြမည်ဆိုသည့် သတင်း အခိုင်အမာရရှိထားသည့် အတွက် သံရုံးဝန်ထမ်းများအား အပြင် မထွက်ရန် တားမြစ်ထားသည်ဟု သိရသည်။
တရုတ်သံရုံးရှေ့ဆန္ဒပြကြမည်ဟုသတင်းထွက်နေရခြင်းမှာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များနှင့်မြန်မာနိုင်ငံသားအများအပြားကန့်ကွက်နေသော်လည်းမြစ်ဆုံစီမံကိန်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်းအမှတ်၁လျှပ်စစ်ဝန်ကြီးဗိုလ်မှူးကြီးဟောင်းဇော်မင်း၏ မကြာသေးမီကပြောဆိုချက်နှင့်ဆက်စပ်နေသည်ဟုရန်ကုန်ရှိနိုင်ငံရေးအကျဉ်းသားဟောင်း ကိုဟိန်းလတ်က ဆိုသည်။
“ဧရာဝတီကိစ္စကလူတိုင်း စိတ်ဝင်စားနေကြတာ။ ဟိုတလောက ၀န်ကြီး ပြောလိုက်တာကို မကျေနပ်သံတွေ ထွက်တာသတိထားမိတယ်။မနေ့ကအလုပ်ရုံဆွေးနွေးပွဲကလည်းအဖြေထွက်တဲ့သဘောမရှိလို့တချို့ လူငယ်တွေကများ လုပ်ဖို့ ပြင်သလားမသိဘူး” ဟု ကိုဟိန်းလတ် က ဧရာဝတီကို ပြောသည်။
စနေနေ့က နေပြည်တော်တွင် မြစ်ဆုံစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရာ တက်ရောက်သော ပညာရှင်များကစီမံကိန်းကိုအတတ်နိုင်ဆုံးဟန့်တားကြကြောင်း၊ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော် သမ္မတရုံး၏ ထောက်ခံမှုရှိသောကြေညာချက်တရပ်ထုတ်ပြန်ရာတွင်အားလုံး တိုင်ပင်ပြီး လုပ်ဆောင်မှသာ အကျိုးများမည်ဟုပြောဆိုပြီးစီမံကိန်းကိုပြန်လည်ဆန်းစစ်မည်ဟုပြောဆိုခဲ့ကြောင်း သိရသည်။
သို့သော်ဆွေးနွေးပွဲကစီမံကိန်းနှင့်ပတ်သက်၍သိသာထင်ရှားသည့်ဆုံးဖြတ်ချက်မချမှတ်နိုင်ခဲ့ကြောင်း၊ ဆက်လက် လုပ်ဆောင်မည်ဟု ယူဆရကြောင်း၊ အစိုးရအဖွဲ့အတွင်းတွင်လည်း မြစ်ဆုံအရေးနှင့်ပတ်သက်၍ အယူအဆ အမျိုးမျိုး ရှိနေကြောင်း လေ့လာသူများက ထောက်ပြသည်။
“၀န်ကြီးကအဲဒီကိစ္စသတင်းထောက်တွေကိုဝန်ခံပြောသွားတယ်လို့သိရပေမယ့်မသဲကွဲသေးပါဘူး၊၂နိုင်ငံ ကိစ္စရှိသေးတယ်လေ”ဟုသဘာဝပတ်ဝန်းကျင်ဆိုင်ရာNGOတခုဖြစ်သည့်EcoDev၏အမူဆောင် ဒါရိုက်တာ တဦးဖြစ်သူ ဦးဝင်းမျိုးသူ က ဧရာဝတီကို ပြောသည်။
တရုတ်နိုင်ငံနှင့်စာချုပ်ချုပ်ဆိုထားသည့်အတွက်ယခုကိစ္စသည်လွယ်လွယ်နှင့်ဖြေရှင်း၍မရနိုင်ကြောင်း၊ စီမံကိန်းကြီးကိုလည်းစတင်ထားပြီးဖြစ်သဖြင့်ဖြေရှင်းရန်ခက်ခဲနေသေးကြောင်းသူကဆက်လက် ပြောကြားသည်။
စီမံကိန်း ရပ်တန့်ရေး တောင်းဆိုမှုများသည် မြန်မာနိုင်ငံ၌ တရုတ်အစိုးရဆန့်ကျင်ရေး ကျယ်ပြန့် လာမှု၏ အစိတ်အပိုင်းတခုဖြစ်ကြောင်းလည်း လေ့လာသူတချို့က ထောက်ပြနေကြသည်။
၁၉၈၈ခုနှစ်စက်တင်ဘာလတွင်အာဏာသိမ်းပြီးတက်လာသည့်စစ်အစိုးရသည် အမေရိကန်နှင့် အနောက်အုပ်စုကတားမြစ်၊ကန့်သတ်မှုများကြောင့်တရုတ်အစိုးရနှင့်နီးနီးကပ်ကပ် ဆက်ဆံခဲ့သည်။ နိုင်ငံတကာဖိအားများခံနေရသည့်မြန်မာစစ်အစိုးရကတရုတ်၏သံတမန်ရေးဆိုင်ရာ ကျောထောက်နောက်ခံပေးမှုကို ရယူခဲ့သည်။ ထို့ပြင် တရုတ်ထံမှ လက်နက်များလည်း ၀ယ်ယူခဲ့သည်။
ယခုအရပ်သားအစိုးရလက်ထက်တိုင်မြန်မာနိုင်ငံ၏ကျွန်းသစ်အပါအ၀င်အဖိုးတန် သစ်တောထွက်ပစ္စည်းများ၊ တွင်း ထွက် ပစ္စည်းများကို တရုတ်ပြည်သို့ တင်ပို့နေဆဲဖြစ်သည်။
မြန်မာပြည်မြောက်ဖျားပိုင်းတွင်တရုတ်နိုင်ငံမှလာရောက်အခြေချသူလူဦးရေ၁သန်းမှ၂သန်းကြား ရှိကြောင်း၊ကျောက်စိမ်းဈေးကွက်ကိုလည်း ပြည်ကြီးတရုတ်များကချုပ်ကိုင်ထားသည့်အပြင်၊မန္တလေး၊ မြစ်ကြီးနားစသည့်မြို့ကြီးများ၏စီးပွားရေး၊လူမှုရေးတို့တွင်လက်ဝါးကြီးအုပ်ထားကြကြောင်းThe Economist အင်တာနက်စာမျက်နှာတွင် ဇွန်လက ဖော်ပြထားသည်။
မြစ်ဆုံဆည်စီမံကိန်းကြောင့်ကချင်ပြည်နယ်ဒေသခံစုစုပေါင်းတသောင်းကျော်အတင်းအဓမ္မ နေရပ်ရွှေ့ပြောင်းပေးရကြောင်းလည်း ဖော်ပြထားသည်။
သို့သော်မန္တလေးမြို့မှစာရေးဆရာတဦးဖြစ်သူကျော်ရင်မြင့်ကမူဧရာဝတီမြစ်အရေးသည် မြန်မာနိုင်ငံဖွား တိုင်းရင်းသားအားလုံးနှင့်သက်ဆိုင်ကြောင်း၊တရုတ်ဆန့်ကျင်ရေးကဲ့သို့သောလူမျိုးရေးမုန်းတီးမှုနှင့် မဆိုင်ကြောင်း၊ သို့သော် ဧရာဝတီမြစ်ကြီးအတွက် စိုးရိမ်မိကြောင်း ပြောသည်။
“ဧရာဝတီမြစ်ကြီးကအသက်ငင်နေတဲ့လူမမာနဲ့တူနေပါပြီ။အဲဒီလူမမာကိုအခုသူတို့မြစ်ဆုံမှာဆည်ထပ် ဆောက်မယ်ဆိုတော့လည်ပင်းညှစ်သတ်လိုက်သလို ဖြစ်နေတာပေါ့”ဟုကျော်ရင်မြင့်က ဧရာဝတီကို ပြောသည်။

Geen opmerkingen: