မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 15 september 2011

အပြောင်းအလဲဖြစ်နိုင်ဟုဒေါ်အောင်ဆန်းစုကြည်ပြော

လင်းသန့် Thursday, 15 September 2011 14:04
.မြန်မာနိုင်ငံသည်အပြောင်းအလဲဖြစ်နိုင်သည့်အခြေအနေတွင်ရောက်နေပြီဟုယုံကြည်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ကျင်းပသောအပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနား(ဓာတ်ပုံ-NLD)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးချုပ်တွင်ကျင်းပသည့်ယနေ့ကျရောက်သောအပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင်ဒေါ်အောင်ဆန်းစုကြည်က“အခုဆိုလို့ရှိရင်ကျမတို့နိုင်ငံဟာ အပြောင်းအလဲဖြစ်နိုင်တဲ့အခြေအနေမှာရောက်နေပါတယ်။အပြောင်းအလဲဖြစ်ပြီလို့လည်းကျမ မပြောချင်ပါဘူး။ဒါပေမယ့်ဒါကျမကလည်းလူသိရှင်ကြားပြောပြီးသားလည်းဖြစ်နေပါတယ်။ အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေရောက်နေပြီလို့ ကျမ ယုံကြည်တယ်” ဟု ပြောသည်။
NLDရုံးချုပ်တွင်ကျင်းပသည့်အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားသို့နိုင်ငံရေးပါတီများမှကိုယ်စား လှယ်များ၊၈၈မျိုးဆက်ကျောင်းသားများ၊တခြားစိတ်ဝင်စားသူများစုစုပေါင်း၂၀၀ကျော်တက်ရောက်သည်ဟု NLD ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းထိန်က ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကမိန့်ခွန်းတွင်“အစိုးရများဆိုတာသူ့အချိန်နဲ့သူပြောင်းလဲကြရမယ်။ ဘာဖြစ်လို့လဲဆိုတော့ဒီလူတွေဒီလူတွေပဲအုပ်စိုးနေတယ်ဆိုတော့ဒီမိုကရေစီမဟုတ်တော့ဘူး။ ဒီမိုကရေစီစနစ်ကိုလက်ခံတယ်ဆိုလို့ရှိရင်အစိုးရအပြောင်းအလဲတွေကိုလည်းလက်ခံတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ဒီအပြောင်းအလဲတွေဆိုတာညင်သာရမယ်။ငြိမ်းချမ်းရမယ်။သိက္ခာရှိရမယ်။ ပြည်သူကို မထိရဘူး။နိုင်ငံကိုမထိရဘူး။ဆင်းသွားတဲ့အစိုးရကိုလည်းမထိရဘူး။တက်သွားတဲ့အစိုးရကိုလည်း မလိုလားအပ်တဲ့အခွင့်အရေးတွေမပေးရဘူး။အားလုံးဟာမျှတတဲ့အခြေခံပေါ်မှာတည်ရှိရမယ်”ဟု ထည့်သွင်းပြောဆိုသွားသည်။
ဒေါ်အောင်ဆန်းစုကြည်ကဆက်လက်၍အပြောင်းအလဲဖြစ်နိုင်သည့်အခြေအနေတွင် ရောက်နေပြီဟုဆိုလျှင်အပြောင်းအလဲများသည်ပြည်သူအတွက်အကောင်းဆုံး၊တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်ရန်မည်သို့မည်ပုံလုပ်မည်ဆိုသည်ကိုလူတိုင်းကတာဝန်သိသိနှင့်လေးလေးနက်နက် စဉ်းစားရမည်ဖြစ်ကြောင်း၊ တချို့က ပုံစံမပြောင်းနိုင်သေးကြောင်း၊ အခြေအနေပေါ်မူတည်ပြီး ပုံစံပြောင်းရန် လိုအပ်ကြောင်း၊ပုံစံမပြောင်းလဲနိုင်လျှင်အခြေအနေကိုဆင်ခြင်သုံးသပ်နိုင်သည့်အရည်အချင်း အားနည်းသည်ဟု ပြောလိုကြောင်း ဆိုသည်။
“ကျမကစဉ်းစားကြည့်တယ်။ကျမတို့အတွက်တကယ်တော့တနှစ်မှတခါကျင်းပတဲ့ကမ္ဘာ့ဒီမိုကရေစီနေ့မျိုး ဟာ တကယ်တော့လိုတာမဟုတ်ဘူး။ကျမတို့ဟာ နေ့တိုင်းနေ့တိုင်းကို ဒီမိုကရေစီနေ့အဖြစ်နဲ့ သတ်မှတ်ပြီး အလုပ်လုပ်ရမယ့် အဖွဲ့အစည်းဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နှစ်က နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း မြန်မာအစိုးရ ကိုယ်စားလှယ် ၀န်ကြီး ဦးအောင်ကြည်နှင့် ၂ ကြိမ်တွေ့ဆုံဆွေးနွေးပြီး ပူးတွဲကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
အဆိုပါကြေညာချက်များတွင်မြန်မာနိုင်ငံသားများအကျိုးအတွက်အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊မတူသည်များကိုရှောင်ရှားပြီးတူညီမှုများမှအစပြုကာပူးပေါင်း လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မကြာသေးမီကလည်းဒေါ်အောင်ဆန်းစုကြည်သည်နေပြည်တော်တွင်ကျင်းပသည့်စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပြီးသမ္မတဦးသိန်းစိန်နှင့်လည်းသမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။အဆိုပါ ဆွေးနွေးမှုနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက်စလုံးက အားရကျေနပ်ကြောင်း ပြောဆိုကြသည်။
အပြုသဘောဆောင်သည့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ အဓိပ္ပာယ်ရှိသည့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးများ ဆက်လက်ဖြစ်ထွန်းလာစေရန် မျှော်လင့်နေကြောင်း နိုင်ငံရေးလေ့လာသူတချို့က ဆိုသည်။
“အခုလို ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေရှိတာကို ယုံကြည်တယ်လို့ ဒီနေ့ ထုတ်ပြောလိုက်တော့ အကောင်းဘက်ကို ကျနော်တို့မျှော်လင့်ချက်ပိုလာတာပေါ့ဗျာ”ဟု ယနေ့အခမ်းအနား တက်ရောက်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောသည်။
အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားကိုနေပြည်တော်တွင်ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ပူးပေါင်းလျက်လွှတ်တော်အဆောက်အအုံသဘင်ဆောင်၌ ယနေ့နံနက်တွင် ကျင်းပသည်။ အစိုးရအဖွဲ့ဝင်များ၊လွှတ်တော်ကိုယ်စားလှယ်များ၊ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များ ဖိတ်ကြားထားပြီး ပြည်တွင်းအခြေစိုက်ပြည်ပသတင်းထောက်များ၊ပြည်တွင်းသတင်းထောက်များအပြင် ပြည်ပအခြေစိုက်သတင်းဌာနတချို့မှသတင်းထောက်များသတင်းယူခွင့်ပြုကြောင်းအစိုးရ၏ ကြိုတင်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Geen opmerkingen: