မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 20 september 2011

ငြိမ်းချမ်းရေးဆန့်ကျင်သူများရှိနေကြောင်းဒဂုန်တာရာပြော

ကိုပေါက် အင်္ဂါနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၀ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။မြန်မာပြည်တွင်းငြိမ်းချမ်းရေးအားဆန့်ကျင်သူများရှိနေကြောင်းငြိမ်းချမ်းရေး လှုပ်ရှားသူစာရေးဆရာကြီး ဒဂုန်တာရာက ပြောဆိုလိုက်သည်။
“ပြည်တွင်းငြိမ်းချမ်းရေးကိုဆန့်ကျင်နေတဲ့သူတွေရှိတယ်။တပ်ထဲမှာလည်းရှိတယ်။အပြင်မှာလည်း ရှိသလားတော့မသိဘူး။ခပ်ဝါးဝါးထင်တာကတော့ရှိတယ်လို့ထင်တယ်”ဟုမဇ္ဈိမကိုပြောသည်။
ယခုနှစ်အတွင်းပြန်လည်သည်းသန်လာသည့်ပြည်တွင်းစစ်မီးအားပိုမိုရှည်လျားသွားမည်ကို စိုးရိမ်ကြောင်းလည်း“ခုပြန်ဖြစ်တယ်ဆိုတာကျနော်စိုးရိမ်တာကဇာတ်ရှည်ကြီးဖြစ်မှာကို။နှစ်ပိုကြာလာမှကို ကျနော်က မကြိုက်ဘူး။ ငြိမ်းချမ်းရေးကို ဆန့်ကျင်တာမှန်သမျှ ကျနော်က ဘာမှမကြိုက်ဘူး”ဟု ပြောသည်။
၁၉၅ဝ-၆ဝစုနှစ်များအတွင်းကပြည်တွင်းငြိမ်းချမ်းရေး၊ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သည့်အသက်၉၄နှစ်အရွယ်ဒဂုန်တာရာအနေဖြင့်ပြည်တွင်းငြိမ်းချမ်းရေးတွက် လုပ်နိုင်သည့် အခြေအနေများ တွေ့ရှိနေရပြီး မျှော်လင့်ချက် ရှိကြောင်းလည်း ပြောသည်။
“ငြိမ်းချမ်းရေးကိုဆန့်ကျင်တာမှန်သမျှကျနော်ကဘာမှမကြိုက်ဘူး”ဟုဆိုသည့်ငြိမ်းချမ်းရေးလှုပ်ရှားသူစာရေး ဆရာကြီးဒဂုန်တာရာ(ဓါတ်ပုံ မဇ္ဈိမ)
တကမ္ဘာလုံးအတိုင်းအတာဖြင့်တရက်တာအပစ်အခတ်ရပ်စဲရန်ကုလသမဂ္ဂမှသတ်မှတ်ထားသည့် စက်တင်္ဘာ၂၁ ရက်နေ့‘ကမ္ဘာ့ငြိမ်းချမ်းရေးနေ့’မှသည်အမြဲတမ်းအပစ်အခတ်ရပ်စဲဖို့လိုအပ်ကြောင်းလည်း “ငယ်ငယ်တုန်းကတော့ငြိမ်းချမ်းရေးဆိုတာခပ်ဝါးဝါး၊ခပ်ထွေးထွေးနဲ့။ခုတော့ငြိမ်းချမ်းရေးဆိုတာပြတ်ပြတ်သား သားနဲ့ထင်ထင်ရှားရှားသိလာရတာ။ငြိမ်းချမ်းရေးမရှိရင်ဘာမှလုပ်လို့မရဘူးဆိုတာ။အမြဲတမ်း အပစ်အခတ် ရပ်စဲရေး ဖြစ်စေချင်တယ်” ဟု ဒဂုန်တာရာက ပြောသည်။
သမိုင်းခေတ်များအားဖြတ်သန်းခဲ့ရသည့် ဒဂုန်တာရာက သူ၏ ငြိမ်းချမ်းရေးလှုပ်ရှားမှု အတွေ့အကြုံများအား ‘ကြာပန်းရေစင်’ဟူ၍ဝတ္ထုတအုပ်၁၉၆၃ခုနှစ်ကရေးသားခဲ့ဖူးပြီးဤစာအုပ်အားပြန်လည်ထုတ်ဝေရန်စီစဉ် နေကြောင်း သိရသည်။
ထို့ပြင် ‘ငြိမ်းချမ်းရေး’ ခေါင်းစဉ်ဖြင့် ပိတောက်ပွင့်သစ် မဂ္ဂဇင်း အထူးထုတ်လည်း အောက်တိုဘာလအတွင်း
ထုတ်ဝေရန် စီစဉ်နေကြောင်း သိရသည်။
“မည်သည့်အာဏာ၊မည်သည့်ဖိနှိပ်မှုနဲ့မှငြိမ်းချမ်းရေးကိုရယူလို့မရဘူး။စကားပြောမှရမယ်ဆိုတဲ့အဓိပ္ပါယ် ပါပဲ။ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့၊ ဦးသန့်တို့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ၊ ပျက်ပြားခဲ့ရတာတွေ အပြင် ဒီဘက်ခေတ်အထိစစ်ပွဲတွေ ကိစ္စတွေရောပေါ့” ဟု အယ်ဒီတာမောင်စိမ်းနီကမဇ္ဈိမကို ပြောသည်။
မြန်မာတနိုင်ငံလုံးရှိစာပေအနုပညာရှင်များ၊ဂီတပညာရှင်များအပြင်လက်လုပ်လက်စားများ၏ ငြိမ်းချမ်းရေးအပေါ်ခံစားချက်၊ဖြတ်သန်းမှုအတွေ့အကြုံများအားမှတ်ချက်တိုများ၊လက်မှတ်များဖြင့် ဖော်ပြသွားမည် ဖြစ်သည်။
ပိတောက်ပွင့်သစ်မဂ္ဂဇင်းသည်ဧရာဝတီ၊ချင်းတွင်း၊သံလွင်ကဲ့သို့ မြန်မာပြည်၏အရေးပါသော မြစ်ကြီးများ ထိန်းသိမ်း စောင့်ရှောက်ရေး အတွက် အထူးထုတ်များလည်း ထုတ်ဝေခဲ့ပြီး ဖြစ်သည်။



Geen opmerkingen: