မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 9 september 2011

UWSAနှင့်မိုင်းလားတပ်ကိုနယ်ခြားစောင့်တပ်ဖွဲ့ရေးအစိုးရမတောင်းဆိုတော့

ရန်ပိုင် Friday, 09 September 2011 18:10
.၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA)နှင့်မိုင်းလားအခြေစိုက်အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မ တော်(NDAA)အဖွဲ့တို့ကိုနယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲဖွဲ့စည်းရန်အစိုးရကတောင်းဆိုခြင်း မပြုတော့ဟုသိရသည်။
ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာပါအစိုးရနှင့်UWSA၊NDAAတပ်များပဏာမငြိမ်းချမ်းရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးနေပုံ
ပြီးခဲ့သည့်အင်္ဂါနေ့ကရှမ်းပြည်နယ်ကျိုင်းတုံမြို့၌နှစ်ဘက်ပဏာမငြိမ်းချမ်းရေးသဘောတူညီချက်ယူရာတွင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းပြဌာန်းထားသည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲပြီးတပ်မတော်အောက်တွင်ထားရှိရန်ဆိုသောအချက်ကိုအစိုးရက ထည့်သွင်းဆွေးနွေးခြင်း မရှိကြောင်း UWSA အရာရှိ တဦးက ပြောသည်။
“ဦးအောင်သောင်းတို့ကိုမေးတယ်၊နယ်ခြားစောင့်တပ်ပြောင်းဖို့ဆွေးနွေးမှာလားဆိုတော့အရင်တပ်မတော် အစိုးရကလုပ်တာအခုအရပ်သားအစိုးရဆိုတော့ဆွေးနွေးဖို့မလိုဘူးဆိုလို့သဘောတူတာ”ဟု အဆိုပါ အရာရှိကပြောသည်။
ဆက်ဆံရေးရုံးများကို မြို့ကြီးများတွင် ပြန်လည်ဖွင့်လှစ်ရန်၊ နှစ်ဘက်တပ်ဖွဲ့များ လက်ရှိအခြေအနေအတိုင်း ဆက်ရှိနေရန်၊လက်နက်ကိုင်တပ်ဖွဲ့များအစိုးရနယ်မြေများသို့လာရောက်လျှင် ကြိုတင်အကြောင်းကြားရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တူညီသည့် ဘုံအချက်များကိုသာ ဆွေးနွေးပြီး ပဋိပက္ခဖြစ်မည့်အငြင်းပွားဖွယ်အချက်များကိုရှောင်ရန်စသည့်အချက်၎ချက်ကိုအခြေခံ၍ ဆွေးနွေးကြောင်း အဆိုပါ အရာရှိကပြောသည်။
ထို့အပြင် အစိုးရ၀န်ထမ်းများကိုလည်း ယခုအခါ ပြန်လည်လက်ခံရန် ကမ်းလှမ်းချက်လည်း ဆွေးနွေးရာတွင် ပါဝင်သည်။
ယနေ့ထုတ်အစိုးရသတင်းစာများတွင်ရှမ်းပြည်နယ်အစိုးရနှင့်UWSA၊NDAAအဖွဲ့တို့ပဏာမငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြီးခဲ့သည့် စက်တင်ဘာ၆ရက်နှင့်၇ရက်နေ့များက နှစ်ဘက်လက်မှတ်ရေးထိုးကြောင်း ဓာတ်ပုံများနှင့် ဖော်ပြထားသည်။
ရှမ်းပြည်နယ်အစိုးရ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးအောင်သူက ဦးဆောင်ကာ UWSA ဗဟိုကော်မတီဝင် ဦးကျောက်ကွမ်းအမ်းနှင့်လည်းကောင်း၊မိုင်းလားအခြေစိုက်NDAAအဖွဲ့ကိုဒုဥက္ကဋ္ဌ ဦးစံပေ့က လည်းကောင်း ဦးဆောင် လက်မှတ်ရေးထိုးခြင်း ဖြစ်သည်ဟု ရေးထားသည်။
မကြာသေးမီက ကရင်၊ ကချင်နှင့် မွန်အပါအ၀င် လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင်တပ်များ စုပေါင်းကာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ (UNFC)ကို ဖွဲ့စည်းပြီး အစိုးရနှင့် ဆွေးနွေးရာတွင် တဖွဲ့ချင်းတဦးချင်းမဟုတ်ဘဲUNFCကိုသာ ကိုယ်စားပြု ဆွေးနွေးရန် သဘောတူညီခဲ့သည်။
မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူးနိုင်ဟံသာကယခုအစိုးရအနေဖြင့်ဝ အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့ကို သီးခြားစီ တွေ့ ဆုံကာပဏာမငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးစေခြင်းသည် UNFC အဖွဲ့၏ သဘောထားကို သေးသိမ်အောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သုံးသပ်သည်။
“အခုသဘောတူညီချက်ကို ပြပြီး တခြားတိုင်းရင်းသား အဖွဲ့တွေကိုလည်း စည်းရုံးနိုင်မယ်၊ နိုင်ငံရေးအရ အသာစီးရအောင် လုပ်လိမ့်မယ်။ နိုင်ငံတကာမှာလည်း ပြယုဂ်ကောင်းတာပေါ့” ဟု ၎င်းက ဆိုသည်။
အစိုးရအနေဖြင့်စစ်မှန်သောငြိမ်းချမ်းရေးရရှိရန်တဖွဲ့ချင်းခေါ်ယူဆွေးနွေးမှုများမလုပ်ဘဲညီညွတ်သော တိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ(UNFC)ဖြင့်သာဆွေးနွေးသင့်သည်ဟုနိုင်ဟံသာက ဆက်လက်ပြောသည်။
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်တိုင်းရင်းသားလက်နက်ကိုင်များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး တခုတည်းသောတပ်မတော်အဖြစ်ထားရှိရန်ပြုလုပ်ခဲ့ရာ လက်မခံနိုင်သည် တိုင်းရင်းသား အဖွဲ့များနှင့် တင်းမာမှုများ ဖြစ်ပွား ခဲ့သည်။
၁၉၉၄ ခုနှစ်တွင် ငြိမ်းချမ်းရေးယူခဲ့သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အတွင်း၌ နယ်ခြား စောင့် တပ်ပြောင်းရေးကို လက်မခံသည့် ဗိုလ်မှူးချုပ် စောလားပွယ်၏ တပ်များက ပြီးခဲ့သည်နှစ် နိုဝင်ဘာလမှ စတင်ပြီး အစိုးရတပ် များကို ပြန်လည်တိုက်ခိုက်ခဲ့သည်။
ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA)နှင့်လည်း ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ တရုတ်-မြန်မာနယ်စပ် မိုးမောက်ဒေသရှိ တာပိန်ရေကာတာအနီးဘွမ်ဆွမ်တောင်ကုန်းတွင်တပ်စွဲထားသည့်KIAတပ်များကို ဖယ်ရှားရန်ကြိုးစားရာမှအစိုးရတပ်နှင့်KIAတပ်များတိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာယခုတိုင်ကြိုကြား တိုက်ပွဲငယ်များ ဖြစ်ပွားဆဲဖြစ်သည်။

Geen opmerkingen: