မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 12 september 2011

မြန်မာ့နိုင်ငံရေးပြောင်းလဲမှုအမေရိကန်အကောင်းဖက်မှရှုမြင်

အေးလဲ့ တနင်္လာနေ့၊ စက်တင်ဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၆ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။အမေရိကန်အစိုးရ၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်မူဝါဒညှိနှိုင်းရေးမှူး ဒဲရက်ခ်ဂျေမစ်ချဲလ်ကမြန်မာ့နိုင်ငံရေးတွင်ပြောင်းလဲတိုးတက်မှုရှိကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ခေါင်းဆောင်များနှင့်တနင်္လာနေ့နံနက်ပိုင်းတွေ့ဆုံစဉ်ပြောဆိုခဲ့သည်ဟု သိရသည်။
“မစ္စတာဒဲရက်ခ်မစ်ချဲလ်ကအခြေအနေတွေတဖြေးဖြေးနဲ့ပြောင်းလဲတိုးတက်နေတဲ့အလားအလာတွေရှိတယ် လို့မြင်တဲ့အကြောင်း၊မကြာခင်မှာဒီထက်ကောင်းတဲ့ရလာဒ်သစ်တွေရလာမလားလို့သူ့အနေနဲ့ယုံကြည်တဲ့ အကြောင်းပြောဆိုပါတယ်”ဟုNLDပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်ကပြောသည်။
မစ္စတာမစ်ချဲလ်သည်ဒေါ်ဆောင်ဆန်းစုကြည်နှင့်တက္ကသိုလ်ရိပ်သာလမ်းရှိနေအိမ်တွင် သွားရောက်တွေ့ဆုံရာမိနစ်၎ဝကြာမြင့်ခဲ့သည်။တွေ့ဆုံမှုအပြီးဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား၁၅မိနစ်ကြာသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်ယခုလက်ရှိအခြေအနေသည် ပြောင်းလဲတိုးတက်နေပြီဖြစ်၍ထိုသို့ပြောင်းလဲ တိုးတက်နေသည့် အခြေအနေနှင့်အတူ သူ့ဘက် ကိုယ့်ဘက် မျှော်လင့်ချက် ဖလှယ်ခွင့်ရခဲ့ကြောင်း ပြောဆိုခဲ့သည်ဟု ဦးအုန်းကြိုင်က ပြောပြသည်။
မစ္စတာမစ်ချဲလ်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံရာတွင်အမေရိကန်စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်၍
လုံးဝထည့်သွင်းဆွေးနွေးခြင်းမရှိခဲ့ကြောင်း လည်း ဦးအုန်းကြိုင်၏ ပြောဆိုချက်အရ သိရှိရသည်။
မြန်မာနိုင်ငံတွင်ဒီမိုကရေစီရေးပြောင်းလဲမှုများဖြစ်သည့်တိုင်“အမေရိကန်နိုင်ငံကလူမှုရေး၊ပညာရေး ကဏ္ဍများတွင်ဆက်လက်ကူညီသွားမည့်အလားအလာရှိကြောင်း”ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏မေးခွန်းကို ဖြေကြားရာတွင် ပြောသွားသည်ဟု ဦးအုန်းကြိုင်က ပြန်ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံမှုအပြီးတဆက်တည်းNLDဒုတိယဥကဋ္ဌဦးတင်ဦးအပါအဝင် NLDဗဟိုအလုပ်အမူဆောင်ကော်မတီအဖွဲ့ဝင်များဦးဝင်းတင်တို့နှင့်အတူ၁၉၉ဝရွေးကောက်ခံပါတီများဖြင့် ဖွဲ့စည်းထားသည့်ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဝင်-CRPPအဖွဲ့ဝင်များဖြစ်သည့် ဦးအေးသာအောင်၊ ပူးကျင့်ရှင်းထန်၊ ဦးစိုးဝင်းတို့နှင့် လည်း တနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင်ဦးတင်ဦးကNLD၏နိုင်ငံရေး၊စည်းရုံးရေး ဆောင်ရွက်နေပုံများကို ရှင်းပြခဲ့သည် ဟုသိရ
သည်။
ထို့အပြင်လူငယ်ကွန်ယက်အဖွဲ့အစည်းများကအခမဲ့ပညာရေး၊ကျန်းမာရေးဆောင်ရွက်မှုနှင့် ပြည်သူလူထုအားဥပဒေရေးရာများတွင်အကာအကွယ်ပေးနိုင်ရန်ကွန်ယက်ဖွဲ့စည်း ဆောင်ရွက်နေခြင်းတို့ကို ရှင်းပြခဲ့သည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။
CRPP အတွင်းရေးမှူး ဦးအေးသာအောင်က စစ်မှန်သည့် ပြည်ထောင်စုတရပ် ပေါ်ထွန်းရေးကို အပစ်ရပ် ခေါင်းဆောင် တချို့က ကျင်းပပြီးစီးသွားခဲ့သည့် အမျိုးသားညီလာခံတွင် တင်ပြခဲ့သော်လည်း အစိုးရဘက်မှ တစုံတရာ တုန့်ပြန်မူ မရှိသေးကြောင်း တိုင်းရင်းသား အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဌ ပူးကျင့်ရှင်းထန်ကလည်း နိုင်ငံရေးတိုးတက်တဲ့ အရှိန်တွေပိုမိုတိုးမြင့်ရန် အကျဉ်းထောင်ထဲရှိယုံကြည်ချက်ကြောင့် အကျဉ်းကျနေသည့်နိုင်ငံရေးအကျဉ်းသား၂ထောင်ခန့်ကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်လိုအပ်ကြောင်း လည်း ပြောဆိုသည်ဟု သိရသည်။
ဒဲရက်ခ်မစ်ချဲလ်သည်တနင်္ဂနွေနေ့ကလူမူကူညီရေးအသင်းများဖြစ်သည့်ရုပ်ရှင်မင်းသားဦးကျော်သူ ဦးစီးသောနာရေးကူညီမူအသင်း၊သုခကုသိုလ်ဆေးခန်းနှင့်တောင်ဒဂုံမြို့နယ်ရှိမဖြူဖြူသင်းဦးစီးသော HIV/AIDS ဝေဒနာ သည် ကူညီစောင့်ရှောက်ရေး ဂေဟာများသို့ သွားရောက်လေ့လာခဲ့သည်။
မနက်ဖြန်တွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)၏ ခေါင်းဆောင် ဦးခင်မောင်ဆွေတို့နှင့် မွန်းလွဲ ၂နာရီခွဲ တွင် တွေ့ဆုံရန် ရှိသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။
မစ္စတာမစ်ချဲလ်၏ ပထမဆုံးသော တပတ်ကြာ မြန်မာနိုင်ငံခရီးစဉ်သည် လာမည့်ဗုဒ္ဓဟူးနေ့တွင် ပြီးဆုံးမည် ဖြစ်သည်။မြန်မာနိုင်ငံမှမထွက်ခွာမီဗုဒ္ဓဟူးနေ့နံနက်၇နာရီခွဲတွင်မင်္ဂလာဒုံလေဆိပ်၌ သတင်းထောက်များနှင့် တွေ့ဆုံ ရှင်းလင်းမည်ဟုလည်း အမေရိကန် ပြန်ကြားရေး ဋ္ဌာနမှ ထုတ်ပြန်ထားသည်။
သူသည် နေပြည်တော်တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တို့နှင့်လည်း ယခုလ ၉ ရက်နေ့က တွေ့ဆုံခဲ့သည်။



Geen opmerkingen: