မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 22 april 2010

ယတြာဗုံးနဲ့သင်္ကြန်အမြောက်

ရန်ကုန်သားတာတေWednesday,April 21,2010
.“ဒီနှစ်တော့ရန်ကုန်သင်္ကြန်စည်မှာမဟုတ်ဘူး”ပြောနေကြသူတွေဖျားသွားသည်။ထိုသို့ဖျားသွားသူ များထဲတွင်ဒေဝါလီမဂ္ဂဇင်းလည်းပါသည်။ဒေဝါလီမဂ္ဂဇင်းကရန်ကုန်သင်္ကြန်မစည်ဟုပြောသူထဲတွင်ထိပ်ဆုံး မဟုတ်လား။နောက်ထပ်ဖျားသူကတော့ဦးရုက္ခစိုးဖြစ်သည်။နေပူပူတွင်ချင်းမိုင်ကျုံးရေရေခဲစိမ်ဖြင့် အပက်ခံရသောကြောင့်နှာတချေချေဖြစ်နေသည်။

ရုက္ခစိုး။ ။ ဟတ် ….. ဟတ် …. ဟတ်ချိုး။
ချိုကုပ်။ ။ဝက်တုပ်ကွေးများလားဦးရုက္ခစိုးရယ်။ဒီလောက်ဖြစ်နေလည်းချင်းမိုင်မှာပဲအေးအေး နေပါတော့လား။ဘာလို့ရန်ကုန်လာနေလဲ။
ကန်တော်ကြီးစောင်းတနေရာတွင်မိန့်မိန့်ကြီးပြုံး၍ဗုံး၃လုံးကွဲထားသောနေရာကိုကြည့်နေသည့် ချိုကုပ်ဒူးကြီးနှင့်ဦးရုက္ခစိုးတို့အချီအချပြောနေကြခြင်းဖြစ်သည်။
ရုက္ခစိုး။ ။ ဝက်တုပ်ကွေး မဟုတ်ပါဘူးဗျာ။ ချင်းမိုင်သင်္ကြန်မှာ ဖိုးရှုပ်တို့ ကြွက်စုတ်တို့နဲ့ တရက်ပါသွားမိလို့ပါ။ ရန်ကုန် လာရတဲ့ အကြောင်းရင်းကတော့ အကြတ်နေ့ ဗုံးကွဲတဲ့ ကိစ္စ သိချင်လို့ ဆိုပါတော့။
ချိုကုပ်။ ။ဒေဝါလီမဂ္ဂဇင်းကပြောထားသမျှပြောင်းပြန်ဖြစ်သွားပြီဟီဟိ။ရန်ကုန်သင်္ကြန်မစည်ဘူးဆို။ရန်ကုန် သင်္ကြန်စည်ရုံတင်မကဘူးတခါတည်းကမ္ဘာကချက်ချင်းစိတ်ဝင်စားသွားတာတွေ့ပြီမဟုတ်လား။ရုက္ခစိုး။ ။ တော်တော် ဆိုးတာပဲဗျာ။ ဘယ်သူကများ လုပ်တာလဲ။ ချိုကုပ်ဒူးကြီး မသိဘူးလား။
ချိုကုပ်။ ။မသိဘဲဘယ်နေမလဲဗျ။ဒါမျိုးဘယ်သူကလုပ်မှာလဲစဉ်းစားကြည့်…ပြည်ပအားကိုးပုဆိန်ရိုးတွေပဲ ဖြစ်မှာပေါ့။
ရုက္ခစိုး။ ။ခင်ဗျားသတင်းစာထဲကနေစွပ်စွဲတဲ့သူတွေဆီမှာဒီလောက်လက်နက်ကိရိယာရှိပါ့မလားဗျာ။သူတို့ မှာလည်းဖန်ဒင်တွေအဖြတ်ခံရလို့မွဲနေရှာတာပါ။တတ်နိုင်မယ်မထင်ပါဘူး။ထစ်ခနဲရှိသူတို့ကိုပဲ စွပ်စွဲနေသလို ဖြစ်နေပြီ။
ချိုကုပ်။ ။ ဟာ …ဦးရုက္ခစိုးကလည်း၊သူတို့ကုကျုပ်ကမစွပ်စွဲရင်သူတို့ကကျုပ်ကိုစွပ်စွဲမှာပေါ့။ ဒီလိုပဲဦးအောင် ရမ်းရတာပဲ။
ရုက္ခစိုး။ ။မဟုတ်သေးဘူးလေ။ကျုပ်ပြောတာက…စွပ်စွဲတာကိုပြောနေတာမဟုတ်ဘူး။တကယ်ခွဲတဲလူ ဘယ်သူလဲဆိုတာသိချင်တာ။
ချိုကုပ်။ ။သြော်ဦးရုက္ခစိုးရယ်ခက်နေပြန်ပါပြီ။ရမ်းပါတယ်ဆိုမှ။
ချိုကုပ်ဒူးကြီးစကားမဆုံးခင်ထိုနေရာသို့မိန်းမတယောက်ပျာယီးပျာယာဖြင့်ရောက်လာသည်။ သူ့ပုံစံကြည့်ရသည်မှာထဘီမနိုင်ပုဝါမနိုင်နှင့်အရူးမီးဝိုင်းနေပုံရသည်။တခြားသူမဟုတ်ချိုကုပ်ဒူးကြီး ကတော် ဒေါ်ကွိုင်ကွိုင်ဖြစ်သည်။
ကွိုင်ကွိုင်။ ။မောင်တော်၊အောင်မလေးမောင်တော်ရဲ့ …။မောင်တော်ကယ်ပါ၊ကယ်ပါမောင်တော်။
ချိုကုပ်။ ။ ဘယ်လိုဖြစ်လာတာလဲ နှမတော်ရယ်။
ကွိုင်ကွိုင်။ ။နှမတော်ယတြာအချေကောင်းတာမြေးတော်လေးအသက်တော်နဲ့သီသီလေးပဲလိုတော့တယ် မောင်တော်ရဲ့။
ချိုကုပ်။ ။ဘယ်လိုဘယ်လို။နှမတော်ကဘယ်လိုများယတြာတွေချေလိုက်လို့လဲ။
ကွိုင်ကွိုင်။ ။ဘယ်လိုမှမဟုတ်ပါဘူးဗုံးလေးခွဲရုံလေးပါ။ခွဲတာလည်းရတနာ၃ပါးဦးထိပ်ထားပြီး၃လုံးတည်း ခွဲတာပါ။လူတွေကချဲ့ကားပြီးရုတ်ရုတ်ရုတ်ရုတ်လုပ်ကြတာ။
ချိုကုပ်။ ။ နေပါဦး နှမတော်ရဲ့…မြေးတော်မျောက်လောင်းနဲ့ဘယ်လိုများပတ်သက်နေလို့လဲ။
ကွိုင်ကွိုင်။ ။ အဲဒီနေ့က မြေးတော်လေးက နေပြည်တော်သွားမယ်လို့ ပြောထားလို့ ရန်ကုန်မှာ ခွဲလိုက်တာ။ မြေးတော် မျောက်လောင်းက စိတ်ပြောင်းပြီး လိပ်ခေါင်း … အဲ ယောင်လို့ … စိတ်ပြောင်းပြီး တေဂွသားတွေ ငှားထားတဲ့ သြစတြေးလျက အဝှာမလေးတွေနဲ့ အဲဇလုံမှာ ကဲမယ်ဆိုပြီး ဖြစ်သွားတာကိုး။ နှမတော်က မသိလိုက်ဘဲ ယတြာချေလိုက်မိတာ။ ကံကောင်းလို့ ကံတော်ကြီးစောင်းက ဗုံးဆံက အင်းလျားထိ မလွင့်တာနော်။ အောင်မလေး ဘုရားဘုရား … ခုထိ ရင်တုန်တုန်းပဲ။
“သူ့ အမျိုးကျ သိတတ်လိုက်တာ” ဟု ဦးရုက္ခစိုးက စဉ်းစားနေသည်။
ချိုကုပ်။ ။ ဖြစ်ရလေ ကွိုင်ကွိုင်ရယ်။ ဘာအတွက်များ ယတြာချေတာလဲ။ မောင်တော်လည်း မသိရပါလား။
ကွိုင်ကွိုင်။ ။မောင်တော်ပဲဆူဒန်သမ္မတကိုရွေးကောက်ပွဲမှာနိုင်စေချင်တယ်ဆို။သူနိုင်ရင်မောင်တော်လည်း အလိုလိုတပ်ချုပ်ကြီးလုပ်ပြီးဆက်အုပ်ချုပ်ရုံပဲဆို။အဲဒါကြောင့်ယတြာချေပေးတာလေ။
ရုက္ခစိုး။ ။ ဟင်… ဆူဒန်ရွေးကောက်ပွဲအတွက်ယတြာချေပေးတယ်ဟုတ်လား။
ကွိုင်ကွိုင်။ ။ဟုတ်တယ်လေ၊ဘာလဲသူများကိုအပြစ်တင်မလို့လား၊လူလေး၁၀ယောက်လောက် သေတာကိုများ ရေးကြီးခွင်ကျယ်လုပ်မနေနဲ့။ မောင်တော် အာဏာတည်မြဲရေး တို့အရေးပဲ။
ဦးရုက္ခစိုးကို ဒေါ်ကွိုင်ကွိုင်က နှုတ်သီးကောင်းလျှာပါး ရန်တွေ့လိုက်သည်။ ထိုစဉ်“ဒိုင်း”ဆိုသည့် သေနတ်သံ တသံကြားလိုက်ရပြီးသူတို့ရပ်နေရာနေရာနား၌ခိုတကောင်ပြုတ်ကျလာသည်။ချိုကုပ်ဒူးကြီးကလက်ထဲက သေနတ်ဖြင့်မကြည့်ဘဲပစ်ချလိုက်ခြင်းဖြစ်သည်။ခို၏ခြေထောက်တွင်စာတစောင်ချည်ထားသည်ကို တွေ့လိုက်သည်။
“မိတ်ဆွေချိုကုပ်။မိတ်ဆွေ၏ယတြာကြောင့်ကျွန်ုပ်ရွေးကောက်ပွဲတွင်အနိုင်ရကာသမ္မတဆက်လုပ်နိုင်ပြီ။ ကျွန်ုပ်ကဲ့သို့နိုင်ငံတကာကအမြင်ကတ်၊လူတကာကိုနှိပ်စက်သဖြင့်စစ်ခုံရုံးအတင်ခံနေရသူပင် ရွေးကောက်ပွဲကြီးကိုနိုင်သည်ဆိုလျှင်ကျွန်ုပ်၏ခြေဖျားမီအောင်အမြင်ကတ်မခံရသူမိတ်ဆွေအနေနှင့် အလွယ်တကူနိုင်မည်မှာမြေကြီးလက်ခတ်မလွဲဟုကျွန်ုပ်ယုံကြည်ပါသည်။အရေးကြီးသည်က ယတြာကောင်းရန်နှင့် အစွမ်းကုန် ကလိန်ကကျစ် ကျရန်ဖြစ်သည်။ ရွေးကောက်ပွဲ တရားမဝင်ဟု သင်္ကြန်အမြောက် ဖောက်သူများကို တကယ့်အမြောက်ဆံထည့်ပြီး ပစ်ပြလိုက်ပါ။ မိတ်ဆွေကို အထူး ကျေးဇူး တင်ပါသည်။ မိတ်ဆွေအလှည့်တွင်လည်း ကျွန်ုပ် အစွမ်းကုန် ကူညီမည်။ ပုံ-ရှာမှရှားသည့် မောင်ဘရှား(ဆူဒန်သမ္မတအသစ်စက်စက်၊အဟောင်းလည်းကျွန်ုပ်ပဲ)”ဟူ၍ စာတွင်ရေးထားသည်။ ချိုကုပ်ဒူးကြီးက မျက်နှာပိုး မသတ်နိုင်ဘဲ ပြုံးစိစိ လုပ်နေသည်။
ချိုကုပ်။ ။ ကိစ္စတော့ပြီးပြီ ဦးရုက္ခစိုးရေ၊ ကျုပ်ပဲ ကျန်တော့တယ်။ ကျုပ်လည်း သူ့လိုပဲ လုပ်မှာပဲ ဟဲဟဲ။ အဆွေတော်ကတော့ အားကိုးရတယ်ဗျာ။
ရုက္ခစိုး။ ။ ဗုံး တရားခံက ခုမှပဲ တွေ့တာပေါ့နော်။
ချိုကုပ်။ ။ နေဦး နေဦး။ အဲဒီလို လက်လွတ်စပယ် မပြောနဲ့ဦး။ တရားခံက ရှာရဦးမှာ။
ရုက္ခစိုး။ ။ တွေ့ပြီလေ၊ ခင်ဗျားမိန်းမပဲဟာ။
ချိုကုပ်။ ။ဘယ်ရမလဲ…ကျုပ်ကအမျိုးတော့သိတယ်ဗျ။ငါမကောင်းရင်၊ငါ့အကြောင်းမရေးနဲ့၊ငါ့မိန်းမ မကောင်းရင်သူများကိုတရားခံရှာဆိုတဲ့အတိုင်းပဲ ...။
ချိုကုပ်ဒူးကြီးက ပြောရင်းနှင့် မျက်လုံးက ဟိုဟိုသည်သည် ကြည့်လိုက်သည်။ ထိုစဉ် ခေါင်းငိုက်စိုက် ငိုက်စိုက်နှင့် ကိုယ်ရောင် ကိုယ်ဝါ ပျိုးပြက် တောက်ပသူ တဦး အနားကို ရောက်လာသည်။
ချိုကုပ်။ ။ ဟော…တွေ့ပြီ …ဗုံးခွဲတဲ့တရားခံခင်ဗျားပဲဖြစ်မယ်။ကိုယ်ရောင်ကိုယ်ဝါဒီလောက် တောက်ပနေမှတော့ … ဗုံးဝယ်စရာ ပိုက်ဆံလည်း ရှိမှာပဲ။
“ဟာ…ကျုပ်သိကြားမင်းပါဗျာ။နတ်ပြည်ပြန်တက်မလို့ဟာကျုပ်စီးလာတဲ့ကျွဲကိုလိုင်စင်မဲ့ဆိုပြီးမသွားလို့ ဘာစီးပြန်ရမှန်း မသိဖြစ်နေတာ”ဟုကိုယ်ရောင်ကိုယ်ဝါ ပျိုးပြက်သူက မျက်နှာငယ်လေးနှင့် ဖြေလိုက်သည်။
ချိုကုပ်။ ။ နားမလည်ဘူး … ။ ခင်ဗျားက လူစိမ်းပဲ။ ခင်ဗျားကိုပဲ တရားခံ လုပ်ရမယ်။
ရုက္ခစိုး။ ။ မလုပ်ပါနဲ့ဗျာ။ သိကြားမင်းက လူ့ပြည်မှာ ဗုံးကွဲလို့ စိတ်ညစ်နေရတဲ့အထဲ။ ပြန်ခိုင်းလိုက်ပါ။
သိကြား။ ။ ဟုတ်ယ်၊ ဟုတ်တယ်။ နောက်နှစ်တောင် မလာတော့ဘူးလား စဉ်းစားနေတာ။
ချိုကုပ်။ ။ သြော်…ဦးရုက္ခစိုးကပါ ရှေ့နေလိုက်တယ်ပေါ့။ ထင်ပါတယ်၊ ခင်ဗျားတို့ တကြိတ်တည်း တဉာဏ်တည်းတွေပဲ။ သေချာ စဉ်းစားလိုက်တော့ ဦးရုက္ခစိုးကလည်း ချင်းမိုင်က၊ ပြည်ပက တရားမဝင် အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် ရှိတယ်။ အခု သိကြားမင်း ဆိုတဲ့သူကလည်း ပြည်ပကပဲ။ စီးလာတဲ့ ကျွဲကလည်း လိုင်စင်မဲ့ … ဒီတော့ ဘာမှ စဉ်းစားစရာ မလိုဘူး။ ဖမ်းကြဟေ့ … ဖမ်းကြ။ ဗုံးခွဲတဲ့ တရားခံတွေ ဖမ်းကြ။
ချိုကုပ်ဒူးကြီးက အသံပြဲကြီးနှင့် အော်လိုက်သည်။ ဦးရုက္ခစိုးနှင့် သိကြားမင်းတို့မှာ လူသာမန်များ မဟုတ်ကြ သောကြောင့် စွမ်းအားရှင်များ၊ ကြံ့ဖွံ့များနှင့် ရဲများ မရောက်ခင်ပင် ကိုယ်ယောင်ဖျောက်ကာ ဌာနေသို့ အမြန်ဆုံး ပြန်လစ်နိုင်ခဲ့ကြသည်။
သို့ရာတွင် နောက်တနေ့ မြန်မာ့အမှောင် သတင်းစာ၌ စာလုံးမည်းကြီးများနှင့် သတင်းတပုဒ် ပါလာသည်။
“ဗုံးခွဲသည့်တရားခံ၂ဦးကိုချိုကုပ်ဒူးကြီးကိုယ်တိုင်တွေ့ရှိသဖြင့်အမြန်ဆုံးဖမ်းဆီးရန်ကြိုးစားသော်လည်း အနောက်အုပ်စုနှင့် ပြည်ပြေးများ၏ ကူညီမှုကြောင့် လွတ်သွားရာ ဖမ်းဆီးနိုင်သူများကို ဆုတော်ငွေ ကျပ် ၁၀၀၀၀၀၀၀၀၀၀၀၀ တိတိ ချီးမြှင့်မည်” ဟူ၍ ဖြစ်လေတော့သည်။

ထွေရာလေးပါး”သည် Satireခေါ်သရော်စာကဏ္ဍဖြစ်ပါသည်။သတင်းမှန်များအပေါ်အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

Geen opmerkingen: