မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 22 april 2010

ရွေးကောက်ပွဲအတွက်လူဦးရေစာရင်းကောက်ယူ

မျိုးဝင်းဇော်/၂၂ ဧပြီ ၂ဝ၁ဝ
ပြီးခဲ့သည့်သင်္ကြန်မတိုင်ခင်ရက်မှစပြီးရန်ကုန်တိုင်းအတွင်းမြို့နယ်အချို့တွင်လာမည့်ရွေးကောက်ပွဲအတွက် အိမ်ထောင်စုအလိုက်လူဦးရေစာရင်းများကောက်ယူနေသည်။
ရန်ကုန်တိုင်းတောင်ဒဂုံ(၇၁)ရပ်ကွက်တွင်နေသူတဦးက“ကျမတို့ဆီမှာရပ်ကွက်အာဏာပိုင်တွေ တအိမ်တက်ဆင်းလူစာရင်းလိုက်ကောက်နေတယ်။အိမ်မှာလက်ရှိနေထိုင်တဲ့လူစာရင်းတွေကိုပဲ ကောက်ယူပြီးခရီးသွားနေတဲ့သူတွေရှိပြီးပြန်ရောက်လာရင်ရပ်ကွက်ရုံးမှာစာရင်းလာပေးရမယ်လို့ ပြောတယ်”ဟုဆိုသည်။
ယခုစာရင်းကောက်ယူရာတွင်အမည်၊မွေးသက္ကရာဇ်၊ကျား-မ၊အဘအမည်၊တော်စပ်ပုံ၊အလုပ်အကိုင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊လူမျိုး၊နိုင်ငံသား၊ဘာသာစသည်တို့ကိုပုံစံစာရွက်တွင်ဖြည့်ရပြီး မိတ္တူတစောင်ကိုအိမ်ရှင်ထံတွင်ထားရှိသည်။
ယခုကဲ့သို့စာရင်းကောက်ယူနေခြင်းသည်ရွေးကောက်ပွဲအတွက်သက်ဆိုင်ရာအုပ်ချုပ်ရေး အာဏာပိုင်အဆင့်ဆင့်ကကောက်ယူခြင်းဖြစ်ပြီးမြို့နယ်အဆင့်စာရင်းများကိုမိမိတို့ရုံးသို့လည်း မိတ္တူပေးမည်ဖြစ်ကြောင်းကျောက်တံတားမြို့နယ်လ၀ကရုံးမှအရာရှိတဦးကပြောသည်။
၎င်းက“ဒီစာရင်းတွေဟာမြို့နယ်၊ရပ်ကွက်အလိုက်နေအိမ်တွေမှာလက်ရှိနေထိုင်သူတွေရဲ့စာရင်းဖြစ်ပြီး ကျနော်တို့ဌာနမှာစာရင်းပေါက်နေတဲ့အိမ်ထောင်စုစာရင်းတွေနဲ့တော့မတူဘူး။အရေအတွက် သိပ်ကွာတယ်။ဘာလို့လဲဆိုတော့သက်ဆိုင်ရာမြို့နယ်ရပ်ကွက်တွေမှာနေထိုင်ကြပေမယ့် ရပ်ကွက်စာရင်းပေါက်အိမ်ထောင်စုစာရင်းလုပ်မထားသူတွေသန်းနဲ့ချီရှိနေလို့ပဲ”ဟုပြောသည်။
ယခုနှစ်အတွင်းစစ်အစိုးရကကျင်းပမည့်ရွေးကောက်ပွဲတွင်မဲပေးပြီးချိန်သက်ဆိုင်ရာမဲရုံအသီးသီးက မဲရေတွက်ရာတွင်ရွေးကောက်ခံပုဂ္ဂိုလ်အသီးသီး၏ကိုယ်စားလှယ်များကိုကြည့်ရှုခွင့်ပေးသည်မှလွဲပြီးကျန်သည့် မည်သည့်အဆင့်များတွင် မည်သူမျှ ပါဝင်စစ်ဆေးနိုင်ခြင်း မရှိပေ။
ရန်ကုန်မှဝါရင့်သတင်းစာဆရာတဦးက“ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ဖွဲ့စည်းတာ၊ မဲရုံမှူးအသီးသီးခန့်ထားတာ၊မဲပေးနိုင်သူအရေအတွက်စာရင်းပြုစုတာ၊မဲပေးပိုင်ခွင့်လက်မှတ်ထုတ်ပေးတာ၊ ကြိုတင်မဲဆန္ဒပေးတာ၊ရေတွက်တာ၊မဲရုံ၊ရပ်ကွက်၊မြို့နယ်၊တိုင်းနဲ့ပြည်နယ်၊ပြည်လုံးကျွတ်မဲစာရင်းတွေ စုစည်းတာစတဲ့အဆင့်ပေါင်းများစွာမှာဘယ်သူမှစောင့်ကြည့်ခွင့်ရမှာမဟုတ်ဘူး။ဒါကြောင့်စစ်အစိုးရကသာ သူ့စိတ်ကြိုက်လုပ်ကိုင်ဆောင်ရွက်သွားနိုင်တဲ့အနေအထားရှိတယ်”ဟုရှင်းပြသည်။
၂၀၀၈မေလအတွင်းကပြုလုပ်ခဲ့သည့်ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲတွင်လည်းနအဖစစ်အစိုးရသည် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ဖွဲ့စည်းခြင်းမှအစမဲပေးနိုင်သူအရေအတွက်စာရင်းပြုစုခြင်း၊ မဲပေးပိုင်ခွင့်လက်မှတ်များထုတ်ပေးခြင်း၊ကြိုတင်မဲဆန္ဒပေးခြင်း၊မဲပေးခြင်း၊မဲရေတွက်ခြင်း၊မဲရုံ၊မြို့နယ်၊ တိုင်းနဲ့ပြည်နယ်၊ပြည်လုံးကျွတ်မဲစာရင်းများစုစည်းခြင်းစသည်တို့ကို၎င်းတို့ကိုယ်တိုင်စိတ်တိုင်းကျ လုပ်ကိုင်ခဲ့သည်။
စစ်အစိုးရသည်အဆိုပါဆန္ဒခံယူပွဲတွင်မသမာသည့်နည်များဖြင့်ထောက်ခံမဲများရရှိအောင်ပြုလုပ်ခဲ့သည်ဟု ပြည်သူအများကသိရှိထားကြသည်။
ထိုအချိန်ကတနိုင်ငံလုံးတွင်မဲပေးနိုင်သူဦးရေ(၂၇)သန်းကျော်ရှိသည့်အနက်မဲပေးသူပေါင်း(၂၆)သန်း(၇) သိန်းကျော်ရှိကာထောက်ခံဆန္ဒမဲပေးသူပေါင်း(၂၄)သန်း(၇)သိန်းကျော်ရှိပြီးမဲပေးသူစုစုပေါင်း၏(၉၂.၄၈) ရာခိုင်နှုန်းရှိသောကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုအတည်ပြုကြောင်းစစ်အစိုးရကကြေညာခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတိုက်အခံဒီမိုကရေစီအင်အားစုများကမူနအဖစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည်စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေရန်ပံ့ပိုးထားသည့်ဥပဒေဖြစ်သဖြင့် ဆန့်ကျင်န့်ကွက်ကြောင်း၊ဆန္ဒခံယူပွဲသည်လည်းတရားမျှတမှုမရှိသဖြင့်ဆန္ဒခံယူပွဲရလဒ်ကို အသိအမှတ်မပြုကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။





Geen opmerkingen: