မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 20 april 2010

ရွေးကောက်ပွဲမှတ်ပုံမတင်သေးသည့်ကြံ့ဖွံ့အကြီးအကျယ်စည်းရုံးရေးလုပ်

တက်လူ/ ၂၀ ဧပြီ ၂ဝ၁ဝ
သင်္ကြန်ရက်အတွင်း၌ရန်ကုန်မြို့တွင်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်းစစ်အစိုးရကရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများပြုလုပ်နေကြောင်းရန်ကုန်ရှိအစိုးရဌာနဆိုင်ရာသတင်းရပ်ကွက်များမှသိရသည်။
၂၀၁၀ရွေးကောက်ပွဲကိုမည်သည့်နေ့ရက်တွင်ကျင်းပမည်ဟုမကြေညာသေးသည့်စစ်အစိုးရက ရွေးကောက်ပွဲကော်မရှင်တွင်နိုင်ငံရေးပါတီအဖြစ်မှတ်ပုံမတင်သေးသည့် ၎င်းတို့၏ဒေါက်တိုင်အဖွဲ့အစည်းဖြစ်သောပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့)က ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးမူကိုအင်တိုက်အားတိုက်ပြုလုပ်နေကြောင်းလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှအရာထမ်းတဦးကပြောသည်။
“ကျနော်တို့က၀န်ထမ်းတွေဆိုတော့ကြံ့ဖွံ့ဆိုရင်ကြံ့ဖွံ့ပေါ့ဗျာ၊မဲပေးရမှာကအဲဒီနာမည်ဆိုရင်အဲဒီနာမည်ကိုပဲ ပေးရမှာပေါ့၊ဘယ်တတ်နိုင်မလဲ၊အလုပ်ပြုတ်မှာကြောက်တယ်”ဟု၎င်းကပြောသည်။
ကြံ့ဖွံ့ကမဲဆွယ်မှုများကိုကြံ့ဖွံအသင်းသားများထဲမှစကားပြောကျွမ်းကျင်သူများကိုရွေးချယ်ကာ စည်းရုံးရေးမှူးများအဖြစ်ခန့်ထားခြင်းဖြစ်ကြောင်းသိရသည်။
“ကျနော်ကတာမွေမြို့နယ်ကျောက်မြောင်းကကြံ့ဖွံ့အသင်းသားပါ၊ကျနော်တို့ကတော့(၅)သိန်းတန် ဖုန်းတလုံးရထားပါတယ်။ငွေကြေးတတ်နိုင်တဲ့အသင်းသားတွေဆိုရင်စီးပွားရေးလုပ်ကွက်တွေကို လုပ်ချင်တဲ့နေရာမှာလုပ်ခွင့်ချပေးတယ်၊ဥပမာဗျာစားသောက်ဆိုင်ဖွင့်ချင်ရင်ပေါ့၊ နေရာလည်းကောင်းတာမျိုးဆိုရင်ချပေးတာပါ၊ကျနော်တို့ကအရင်းအနှီးမရှိဘူး၊တချို့တွေက အရင်းအနှီးရှိတယ်၊လုပ်ချင်တာအတွက်အခွင့်အရေးပိုရတာပေါ့”ဟုအဆိုပါအရာထမ်းဖြစ်သူက ရှင်းပြသည်။
ယင်းသို့မဲဆွယ်မှုများကိုမြန်မာတနိုင်ငံလုံးတွင်ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ယခုအခါရခိုင်ပြည်နယ်တွင်လည်း မဲဆွယ်စည်းရုံးနေကြောင်း သိရသည်။
စစ်တွေမြို့ခံတဦးက“ကျနော်တို့စစ်တွေမှာကြံ့ဖွံ့တွေခြေချင်းလိမ်နေတယ်၊စည်းရုံးရေးကောင်းသူကို ကောင်းသလိုထောက်ပံ့တယ်တဲ့၊ဒါကြောင့်ငွေကြေးအခက်အခဲရှိသူတွေကတော့ကြံ့ဖွံ့အဖွဲ့ဝင်ပြီးတော့ တရက်မှာ(၃၀၀၀)ကျပ်နှုန်းနဲ့ဒီစည်းရုံးရေးမှူးအလုပ်ကိုဝင်လုပ်နေကြတာလို့သိရတယ်”ဟုပြောသည်။
မဲဆွယ်စည်းရုံးမှုကိုလူတဦးလျှင်အိမ်ခြေမည်မျှတာဝန်ယူရမည်ဟုသတ်မှတ်ထားကြောင်း၊ လတ်တလောတွင်ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းလူတဦးလျှင်အိမ်ခြေ(၅)အိမ်နှင့်(၁၀)အိမ်အကြားကို မဲဆွယ်ရကြောင်းဒေသခံများထံမှသိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြီးခဲ့သည့်မတ်(၂၂)ရက်မှစ၍ဧပြီ(၉)ရက်အထိရွေးကောက်ပွဲဝင်ရန်မှတ်ပုံတင်လျှောက်ထားခဲ့သည့်နိုင်ငံရေးပါတီများမှာ(၁၈)ခု ရှိပြီဖြစ်ပြီးပါတီသစ်(၁၅)ခုနှင့် ပါတီဟောင်း (၃) ခုတို့ဖြစ်ကြောင်း ပြည်တွင်းမီဒီယာများမှ စုံစမ်းသိရသည်။







Geen opmerkingen: