မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 27 april 2010

အနှိပ်ခန်းနှင့်လောင်းကစားဒိုင်များမှဆက်ကြေးကောက်

ခိုင်လင်း/၂၇ဧပြီ၂ဝ၁ဝ
မကြာသေးမီကအသစ်ပြောင်းရွှေ့လာသည့်ရန်ကုန်တိုင်းရဲမှူးကြီးအားပေးရန်အတွက်ရဲအုပ်တဦးက ဦးဆောင်ကာရန်ကုန်တိုင်းအတွင်းရှိအနှိပ်ခန်းနှင့်လောင်းကစားဒိုင်များထံမှဆက်ကြေးငွေ ကောက်နေသည်ဟုသိရသည်။
စစ်တွေမြို့မှရန်ကုန်တိုင်းရဲမှူးကြီးအဖြစ်ပြောင်းရွှေ့လာသူရဲမှူးကြီးအောင်ဒိုင်းအတွက်ဂါဝရပြုရန်ဟုဆိုကာ လှိုင်မြို့နယ်အတွင်းတာဝန်ကျရဲအုပ်နိုင်ဦးဆိုသူကယခုလလယ်ပိုင်းလောက်မှစ၍ရန်ကုန်တိုင်းအတွင်း ငွေကောက်နေခြင်းဖြစ်သည်ဟုရဲတပ်ဖွဲ့နှင့်နီးစပ်သူတဦးကပြောသည်။
၎င်းက“ရဲအုပ်နိုင်ဦးကအရင်ရန်ကုန်တိုင်းရဲမှူးကြီးဝင်းနိုင်ရဲ့လက်စွဲပဲ။ဝင်းနိုင်အလုပ်ပြုတ်၊ထောင်ကျတော့ သူ့နေရာရောက်လာတဲ့ရဲမှူးကြီးအောင်နိုင်သူလက်ထက်မှာသူ့ကိုမသုံးဘူး။အခုအောင်နိုင်သူက မန္တလေးပြောင်းရတော့ရခိုင်ဘက်နေအောင်ဒိုင်းဆိုတာအသစ်ရောက်လာတယ်။သူ့ကိုကန်တော့ဖို့၊ဂါရဝ ပြုဖို့ဆိုပြီးအရင်ဝင်းနိုင်ရဲ့လက်စွဲနိုင်ဦးဆိုတာကကမကထလုပ်ပြီးငွေကောက်နေတာ။ မျက်နှာလုပ်တာပေါ့ဗျာ။ရဲမှူးကြီးအတွက်ဆိုတော့ကျန်တဲ့မြို့နယ်ကရဲတွေလည်းငြိမ်ငြိမ်နေပေးရတာပေါ့”ဟု ပြောသည်။
ယခုကဲ့သို့ငွေကောက်ခံမှုကိုရန်ကုန်တိုင်းရဲမှူးကြီးအောင်ဒိုင်းကိုယ်တိုင်သိမသိမသိရှိနိုင်သော်လည်းရဲအုပ် နိုင်ဦးကအခြားရဲတပ်ဖွဲ့ဝင်တဦးနှင့်အတူအနှိပ်ခန်းများမှကျပ်(၅)သိန်းနှုန်း၊နှစ်လုံး၊သုံးလုံး၊ဘောလုံး လောင်းကစားဒိုင်များထံမှကျပ်(၁)သိန်းနှုန်းဖြင့်ရန်ကုန်မြို့အတွင်းလှည့်လည်ကာငွေကောက်နေသည်ဟု အဆိုပါ ရဲတပ်ဖွဲ့နှင့်နီးစပ်သူကပြောသည်။
၎င်းက“လစဉ်ကြေးတို့၊လိုင်းကြေးတို့နဲ့မဆိုင်ဘူး။အဲဒါတွေကရဲစခန်းအပိုင်အလိုက်သူ့ဟာနဲ့သူရှိပြီးသား။ အဲဒါကိုလည်းလုပ်ရိုးလုပ်စဉ်အတိုင်းပေးကြပေါ့။အခုဟာကသီးသန့်ကောက်တာ။ရဲမှူးကြီးကို မျက်နှာလုပ်ပြတဲ့သဘောနဲ့ရဲအုပ်နိုင်ဦးကအလိုက်တသိလုပ်ပေးတဲ့ပုံမျိုးပေါ့”ဟုပြောသည်။
အနှိပ်ခန်း၊လောင်းကစားဒိုင်များကရဲစခန်းသို့လစဉ်ကြေးအပြင်အခြားသောငွေကြေးများကို မကြာခဏဆိုသလိုပေးကြရကြောင်း၊သို့သော်တခါတရံစီမံချက်အရဝင်ရောက်ဖမ်းဆီးမှုများရှိလာလျှင် မိမိတို့ငွေပေးထားသည့်ရဲများကလာရောက်တာဝန်ယူဖြေရှင်းခြင်းမျိုးမရှိကြောင်းအင်းစိန်မြို့နယ်အတွင်း အနှိပ်ခန်းလုပ်ကိုင်ဖူးသူတဦးကပြောသည်။
၎င်းက“ပုံမှန်လိုင်းကြေးအပြင်ဟိုရဲစခန်းမှူးကနယ်ပြောင်းရမှာမို့၊ဘယ်သူကပြောင်းတော့မှာမို့ဆိုပြီး ငွေကောက်တာလည်းခဏခဏကြုံရတယ်။ကိုယ်ကတော့အလုပ်မဖြစ်လို့ဆိုပြီးတောင်းတဲ့အတိုင်းမပေးဘဲ လျှော့ယူခိုင်းတာကလွဲလို့ဘာမှလုပ်လို့မရဘူး။ဖမ်းတာဆီးတာဖြစ်လာရင်လည်းကိုယ့်ဖာသာကိုယ်ရှင်း၊ ငွေတောင်းစားထားတဲ့ကောင်တွေကမသိသလိုရှောင်နေကြတာ”ဟုပြောသည်။





Geen opmerkingen: