မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 20 april 2010

ဝတပ်ဖွဲ့ စစ်ရေးပြင်ဆင်နေ

ကိုထွေးTuesday,April20,2010
.၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ကစစ်ရေးပြင်ဆင်မှုများအပါအ၀င်မဟာမိတ်များနှင့် နီးကပ်စွာဆက်ဆံမှုများကိုယခုရက်ပိုင်းအတွင်းပိုမိုပြုလုပ်လာသည်။
                                  ရှမ်းပြည်နယ်တနေရာတွင်စစ်ရေးပြလေ့ကျင့်နေသောUWSAတပ်ဖွဲ့ဝင်များ
လာမည့်ဧပြီလ၂၂ရက်နေ့တွင်UWSAကနယ်ခြားစောင့်တပ်အသွင်ပြောင်းခြင်းနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ကိုစစ်အစိုးရအားပေးရမည် ဖြစ်သည်။
စစ်အစိုးရကနယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက်ဝခေါင်းဆောင်များနှင့်ထပ်မံဆွေးနွေးရန် ကမ်းလှမ်းမှုများမရှိသကဲ့သို့စစ်အစိုးရ၏အစီအစဉ်ကိုလက်မခံနိုင်သည့်UWSAခေါင်းဆောင်များ၏ သဘောထားသည်လည်းပြောင်းလဲမှုမရှိကြောင်းUWSAနှင့်နီးစပ်သောသတင်းများအရသိရသည်။
UWSAကလည်းနယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက်၂၀၀၉ခုနှစ်ဧပြီလကတည်းကငြင်းပယ်နေခြင်းဖြစ်ပြီး နိုင်ငံရေးအရငြိမ်းချမ်းစွာဖြေရှင်းရန်ပြောဆိုခဲ့ပြီးအဆိုးဆုံးအခြေအနေကိုရင်ဆိုင်ရန်အတွက် ပြင်ဆင်ထားကာတပ်များကိုလည်းအသင့်အနေအထားရှိရန်သတိပေးထားခဲ့သည်။
ထိုင်းနိုင်ငံအခြေစိုက်ရှမ်းသံတော်ဆင့်သတင်းဌာနမှအယ်ဒီတာဦးခွန်စိုင်းကနိုဝင်ဘာနှင့်ဧပြီလအတွင်းတွင် ဥက္ကဋ္ဌပေါက်ယူချန်းကနအဖထံသို့စာ၂စောင်ရေးသားပေးပို့ခဲ့သော်လည်းပယ်ချခဲ့သဖြင့် ယခုအခြေအနေတွင်အလျှော့ပေးရန်မဖြစ်နိုင်ကြောင်း ဆိုသည်။
“အခုလောလောဆယ်ကတော့နအဖကတိုက်မယ်တကဲကဲပုံစံလုပ်ပြီးတော့မှအလျှော့ပေးစေချင်တဲ့ပုံစံဖြစ်တယ်၊ နအဖကလည်းသိတယ်၊၀ဘက်ကထွက်မတိုက်ချင်ဘူးမတိုက်ချင်တဲ့သူပိုများတယ်ဆိုတာ၊ အခြေအနေကတော့နအဖဘက်မှာပဲမှုတည်မှာပါ”ဟုဦးခွန်စိုင်းကဆိုသည်။
ဖိအားကိုလိုတာထက်ပိုပြီးပေးသွားပါကစစ်ပွဲဖြစ်လာနိုင်ကြောင်း၊စစ်ပွဲဖြစ်လာပါက ဒေသကန့်သတ်ထားသည့်အခြေအနေလောက်သာမဟုတ်ဘဲရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင် ပါဖြစ်လာနိုင်သည့်အတွက်ရွေးကောက်ပွဲကိုထိခိုက်လာနိုင်သည်ဟုစစ်အစိုးရက တွက်ထားပုံရကြောင်းလည်း၎င်းကဆိုသည်။
UWSAအနေဖြင့်နယ်ခြားစောင့်တပ်အဖြစ်လက်မခံပါက၅ရက်ကြာစစ်ဆင်ရေးတရပ်ကိုပြုလုပ်သွားမည်ဟု မှုဆယ်ရှိ စစ်အစိုးရ ထောက်လှမ်းရေးများက၀ါဒဖြန့်ချိနေကြောင်းတရုတ်-မြန်မာနယ်စပ်အရေးကိုလေ့လာ စောင့်ကြည့်နေသူဦးအောင်ကျော်ဇောကဧရာဝတီသို့ ပြောသည်။
“ဒါကတကယ်တမ်းကျတော့ဝတပ်ဖွဲတွေကိုခြိမ်းခြောက်တာပါ၊တရုတ်နဲ့ဆက်ဆံရေးကိုထိခိုက်နိုင်လို့ စစ်ပွဲဖြစ်လာဖို့ကတော့မလွယ်ပါဘူး”ဟုဦးအောင်ကျော်ဇောကဆိုသည်။
စစ်အစိုးရသည်ယခုနှစ်တွင်ကျင်းပပြုလုပ်မည်ဟုကြေညာထားသည့်ရွေးကောက်ပွဲမတိုင်မီအပစ်ရပ် အဖွဲ့များကိုနယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေးအတွက်လိုလားနေကြောင်းသိရသည်။ ဤအတောအတွင်းတပ်မတော်ခေါင်းဆောင်များကအပစ်ရပ်အဖွဲ့များနှင့်ဆက်တိုက်တွေ့ဆုံနေကြသည်။
“ရွေးကောက်ပွဲအပြီးတွင်အစစအရာရာသူ့လက်ထဲမှာရှိဖို့စီစဉ်ထားသော်လည်းပဲဒီအနာဂတ်ဆိုတာ မှန်းဆလို့မရတော့မထင်မှတ်တာပေါ်လာနိုင်တယ်လို့သူတို့မှတ်ပုံရတယ်။ဒါကြောင့်ရွေးကောက်ပွဲမပြီးခင် ကြိုတင်ပြီးအာဏာရှိနေတုန်းလုပ်ထားချင်ပုံရတယ်”ဟုဦးခွန်စိုင်းကဆက်ပြောသည်။
ယင်းအပြင်အတည်မပြုနိုင်သေးသောသတင်းများအရစစ်အစိုးရကလက်နက်ကြီးများနှင့် သံချပ်ကာကားများကိုရှမ်းပြည်အရှေ့ပိုင်းသို့ ပို့ဆောင်နေကြောင်းလည်းသိရသည်။
UWSAသည်ဗမာပြည်ကွန်မြူနစ်ပါတီ၏လက်နက်ကိုင်အင်အားစုအဖြစ်မှ၁၉၈၉ခုနှစ်တွင်ခွဲထွက်ခဲ့ပြီး၊ ယခုနှစ်ဧပြီလ၁၇တွင်တည်ထောင်သည့်နှစ်၂၁နှစ်ပြည့်မြောက်ပြီဖြစ်သည်။ယခင်ကပန်ဆိုင်းတွင် နှစ်ပတ်လည်အခမ်းအနားကိုအကြီးအကျယ်ကျင်းပသော်လည်းယခုနှစ်တွင်မှုကျင်းပခြင်းမရှိကြောင်းလည်း သိရသည်။
ယခုအခါစစ်သည်အင်အားနှစ်သောင်းမှနှစ်သောင်းခွဲကြားတွင်ရှိသည်ဟုသိရသည်။UWSAသည် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင်အခြေစိုက်လှုပ်ရှားလျက်ရှိသည်။စစ်အစိုးရ၏အခြေခံဥပဒေတွင်လည်းဝ ဒေသကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ်သည်။
အခြေခံဥပဒေတွင်ရှမ်းပြည်နယ်ရှိဟိုပန်၊မိုင်းမော၊ပန်ဝိုင်၊နားဖန်း၊မက်မန်း၊ပန်ဆန်း(ပန်းခမ်း)စသည့် မြို့နယ်များကို ခရိုင်၂ခရိုင်ဖွဲ့ပြီး“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း”အဖြစ်ဖော်ပြထားသည်။သံလွင်မြစ် အရှေ့ဘက်ခြမ်းမှထို မြို့နယ်၆ခုမှာတရုတ်မြန်နယ်စပ်တွင်တည်ရှိသည်။
ယခုအချိန်အထိအပစ်ရပ်အဖွဲ့၃ဖွဲ့ကနယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းပြီး ဖြစ်သည်။
အစိုးရနှင့်အပစ်အခတ်ရပ်စဲထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း၁၇ဖွဲ့ရှိသည်။

Geen opmerkingen: