မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 27 april 2010

စစ်ဗိုလ်ချုပ်အချို့ယူနီဖောင်းချွတ်မှု

NEJ/၂၇ ဧပြီ ၂ဝ၁ဝ
မြန်မာနအဖစစ်အစိုးရ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်ဝန်ကြီး(၂၂)ဦးတို့သည်ယမန်နေ့ညနေပိုင်းတွင် ၎င်းတို့၏စစ်ရာထူးများမှအနားယူလိုက်ကြောင်းသိရသည်။
ယခုကဲ့သို့စစ်ရာထူးများမှအနားယူလိုက်ခြင်းသည်ယခုနှစ်အတွင်းကျင်းပရန်ရှိသည့်ရွေးကောက်ပွဲမတိုင်ခင် အရပ်ဝတ်ခေါင်းဆောင်မှုပိုင်းသို့ပြောင်းလဲလိုက်သည့်ခြေလှမ်းတရပ်ဖြစ်ကြောင်းအမည်မဖော်လိုသည့် အစိုးရအရာရှိတဦးကိုကိုးကားပြီးအေအက်ဖ်ပီသတင်းတွင်ဖော်ပြသည်။
ယခုလောလောဆယ်ဝန်ကြီးနှင့်ဒု-၀န်ကြီး(၂၃)ဦးခန့်စစ်တပ်မှစစ်ယူနီဖောင်းချွတ်ကာ သာမန်အရပ်သားအဖြစ်ကူးပြောင်းလိုက်ကြသော်လည်း၎င်းတို့၏အလုပ်တာဝန်များမှာမူ မူလရာထူးများအတိုင်းဆက်လက်ရှိမည်ဖြစ်ကြောင်း၊နောက်ထပ်အရပ်ဘက်သို့ကူးပြောင်းမည့်သူများ ရှိသေးကြောင်းသတင်းတွင်ဖော်ပြသည်။
စစ်တပ်မှအနားယူကြသူများထဲတွင်ဗိုလ်ချုပ်ဌေးဦးနှင့်ဗိုလ်မှူးချုပ်ဘုန်းဆွေတို့လည်းပါဝင်ကြောင်း၊ ယခုအသုတ်သည်ပထမဆုံးအသုတ်ဖြစ်ပြီးနောက်ထပ်စစ်ဘက်မှအရပ်ဘက်ပြောင်းသူများဆက်လက် ထွက်ပေါ်လာဦးမည်ဖြစ်ကြောင်းအဆိုပါအစိုးရအရာရှိကပြောကြားသည်။စစ်အစိုးရကမူတရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။
ယင်းသို့စစ်ဗိုလ်ချုပ်များစစ်ဘက်ရာထူးမှနုတ်ထွက်ကာအရပ်ဘက်သို့ကူးပြောင်းသည့်သတင်းကို ပြည်သူများကစိတ်မ၀င်စားကြကြောင်းရန်ကုန်မြို့ခံများကပြောသည်။
ဗဟန်းမြို့နယ်တွင်နေထိုင်သူစီးပွားရေးသမားတဦးက“သူတို့ဟာသူတို့အရပ်ဝတ်ပဲပြောင်းပြောင်း၊ဘုန်းကြီးဝတ်ပဲပြောင်းပြောင်းကျနော်တို့အလုပ်မဟုတ်ဘူး။စားဝတ်နေရေးဘယ်လိုအဆင်ပြေမလဲဆိုတာကို တွေးနေရတော့ဘယ်သူကဘာပြောင်းပြောင်းကျနော်တို့ စိတ်မ၀င်စားနိုင်ဘူး”ဟုပြောသည်။
ယခုအရပ်ဝတ်လဲသူများအနက်ရန်ကုန်မြို့တော်ဝန်လည်းပါဝင်ကြောင်းသတင်းထွက်နေသည့်အတွက် ရန်ကုန်စည်ပင်အငြိမ်းစားအရာထမ်းတဦးက“မြို့တော်ဝန်ကအရပ်ဘက်ပြောင်းနေတာအရင်ကပဲ ပြောင်းနေတာပဲ။သူလုပ်နေတဲ့အလုပ်တွေကမြို့တော်စည်ပင်ဆိုတာထက်ကြံ့ဖွံ့ကိုပဲလုပ်နေတာ။လွန်ခဲ့တဲ့ (၃)နှစ်လောက်ကပဲလူတိုင်းသတိပြုမိပြီးသား။ကျနော်တို့အနေနဲ့သူအရပ်ဘက်ပြောင်းတာကိုဘယ်လိုမှ မခံစားရဘူး၊မြို့တော်ဝန်နေရာကိုဘယ်သူလာမလဲလည်းစိတ်မ၀င်စားဘူး။ဘယ်သူလာလာစားဖားပဲ လာမှာပဲ”ဟုပြောသည်။
ယခုနှစ်နှောင်းပိုင်း၌ကျင်းပရန်ရှိသည့်ရွေးကောက်ပွဲတွင်ဒေါ်အောင်ဆန်းစုကြည်ပါဝင်နိုင်ခြင်းမရှိစေရန် ဥပဒေများထုတ်ပြန်ကန့်သတ်ထားသဖြင့်နိုင်ငံတကာအသိုင်းအ၀ိုင်းကစစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲကိုပြစ်တင်ဝေဖန်နေကြသည်။
အန်အယ်လ်ဒီပါတီအနေဖြင့်ရွေးကောက်ပွဲဝင်ရန်မှတ်ပုံတင်မည်ဆိုပါကဒေါ်အောင်ဆန်းစုကြည်ကိုပါတီမှ ထုတ်ပစ်ရမည်ဟုရွေးကောက်ပွဲဥပဒေများအရပြဋ္ဌာန်းထားသဖြင့်အန်အယ်လ်ဒီကပါတီအဖြစ် ဆက်လက်မှတ်ပုံမတင်တော့ဘဲရွေးကောက်ပွဲမ၀င်ရန်ဆုံးဖြတ်ခဲ့သည်။





Geen opmerkingen: