မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 22 april 2010

ဖူးကစ်ဆရာမီပန်းကန်လုံးစက်ရုံအလုပ်သမားအခွင့်အရေးတိုက်ပွဲ

သီဟဟိန်း
၂၂/ ဧပြီ ၂၀၁၀
မဲဆောက်မြို့မှာအလုပ်သမားအများစုဟာအထည်ချုပ်စက်ရုံတွေ၊သိုးမွေးစက်ရုံတွေမှာ လုပ်ကြတာမှန်ပေမယ်လို့အဲဒီစက်ရုံတွေလိုပဲတခြားစက်ရုံတွေမှာကျနော်တို့မြန်မာအလုပ်သမားတွေ ရှိပါတယ်။အဲဒီအထဲကမှပန်းကန်လုံးစက်ရုံတခုရဲ့အလုပ်သမားတိုက်ပွဲအကြောင်းကိုတင်ပြချင်ပါတယ်။
မဲဆောက်မြို့မှာကျနော်တို့အလုပ်သမားတွေအတွက်သက်သာဈေးလို့ခေါ်ရင်လည်းမမှားတဲ့သောကြာဈေး၊ စနေဈေး၊တနင်္ဂနွေဈေးဆိုပြီးနယ်မြေအလိုက်ညနေဈေးကလေးတွေဖွင့်လှစ်ပြီးဈေးနှုန်းချိုချိုနဲ့ ရောင်းချတာတွေရှိပါတယ်။အခုလက်ရှိမှာတော့သောကြာနဲ့စနေဈေးကိုတနေရာတည်းမှာ(၂)ရက်ဆက်ပြီး ရောင်းပေးပါတယ်။အဲဒီဈေးရဲ့ဘေးမှာပန်းကန်လုံးစက်ရုံဟုလူသိများတဲ့စက်ရုံတရုံရှိပါတယ်။ အလုပ်သမားတွေအခေါ်ဖူးကစ်ဆရာမီပန်းကန်လုံးစက်ရုံလို့ခေါ်ပါတယ်။စက်ရုံရဲ့သူဌေးကတိုင်ဝမ်တရုတ်သူဌေးဖြစ်ပြီးထိုင်းနိုင်ငံသားတဦးနဲ့ဖက်စပ်လုပ်ပါတယ်။စက်ရုံကိုတော့အဲဒီတရုတ်သူဌေးကပဲ တိုက်ရိုက်အုပ်ချုပ်ပါတယ်။မိန်းကလေးနဲ့ယောက်ျားလေးအလုပ်သမားဦးရေ(၁၅၀)ကျော်လောက်ပဲ ရှိပါတယ်။
စက်ရုံရဲ့လုပ်ငန်းခွင်အဆင့်ဆင့်ကိုအနည်းငယ်ပြောပြချင်ပါတယ်။အပြားအထူလက်(၄)လုံးလောက်ရှိပြီး ထမင်းစား၊စားပွဲဝိုင်းနီးပါးလောက်ကျယ်တဲ့ဓာတုဗေဒဆေးစပ်ပြီးသားရွှံ့အပြားကြီးတွေကိုစက်နဲ့ အရည်ဖျော်ရပါတယ်။အရည်ဖျော်ထားတဲ့ရွှံ့ရည်တွေကိုပိုက်နဲ့သွယ်ပြီးမိုလို့ခေါ်တဲ့ပုံစံခွက်ထဲကို လောင်းထည့်ရပါတယ်။အရုပ်တရုပ်အတွက်ပုံစံခွက်နှစ်ခြမ်းလောင်းရပါတယ်။အဲဒီလိုလောင်းပြီးသား နှစ်ခြမ်းကိုပြန်ဆက်ရပါတယ်။ပိုနေတဲ့အစတွေကိုလှီးထုတ်ရပါတယ်။ရေဆေးရပါတယ်။ အလုပ်သမားတွေကတော့ ရေချိုးတယ်လို့ ခေါ်ပါတယ်။ ပြီးရင်မီးအကြမ်းဖုတ်ရပါတယ်။မီးဖုတ်တဲ့နေရာမှာ ဂက်စ်ကိုအသုံးပြုပါတယ်။မီးဖိုပေါ်မှာစင်တွေနဲ့ဖုတ်ရပါတယ်။အကြမ်းမီးဖုတ်ပြီးသားတွေကို အချောပြန်ဆေးရပါသေးတယ်။ပြီးရင်ဖိုကြီးနဲ့ပြန်ဖုတ်ရပါတယ်။ဖိုကြီးဆိုတာကအရုပ်တွေအများကြီး ထည့်ဖုတ်နိုင်တဲ့မီးဖိုကြီးပါ။ဖိုကြီးနဲ့ဖုတ်ပြီးသားတွေကိုကြွေရည်စိမ်၊ဆေးခြယ်၊စတစ်ကာကပ်ရပါတယ်။ ပြီးရင် မီးပြန်ဖုတ်ရပါသေးတယ်။မီးဖုတ်ပြီးသားတွေကိုQC(QualityControl)စစ်ပြီးရင်နောက်ဆုံးအဆင့် ပါကင်ထုပ်ရပါတယ်။
အဲဒီလိုလုပ်ငန်းတွေအဆင့်ဆင့်ရှိသလိုအလုပ်သမားတွေရဲ့လုပ်အားခတွေကလည်းမတူကြပါဘူး။ အားလုံးကတော့နေ့စားအလုပ်သမားတွေပဲဖြစ်ကြပါတယ်။မီးဖုတ်တဲ့နေရာကအလုပ်သမားတွေကိုတနေ့ ဘတ်(၈၀)၊(၉၀)အထိပေးထားပေမယ့်ကျန်တဲ့နေရာတွေကအလုပ်သမားအများစုကတော့တနေ့ကိုဘတ် (၅၀)၊(၆၀)လောက်ပဲရကြပါတယ်။မီးဖုတ်သမားတွေကသူများတွေထက်ပိုရကြပေမယ့်အလုပ်မှာတာဝန်ခံရပါတယ်။ပျက်ရင်လျော်ပေးရပါတယ်။သူ့နေရာနဲ့သူအလုပ်သမားတွေကိုအုပ်ချုပ်ရတဲ့ဝဏ္ဏတွေရှိကြပါတယ်။ဝဏ္ဏတွေကိုတော့တနေ့ဘတ်(၁၀၀)ပေးထားပါတယ်။
အလုပ်ချိန်ကတော့တနေ့ကို(၈)နာရီအလုပ်လုပ်ရပါတယ်။မနက်(၈)နာရီကနေနေ့လယ်(၁၂)နာရီ၊နေ့လယ် (၁)နာရီကနေညနေ(၅)နာရီထိ။အဲဒီ(၈)နာရီထက်ကျော်သွားရင်အချိန်ပိုကြေးတနာရီကို(၇)ဘတ်နှုန်း ပေးထားပါတယ်။ရွှံ့ဖျော်ရတဲ့အလုပ်သမားတွေနဲ့မီးထိုးအလုပ်သမားတွေအလုပ်ချိန်မမှန်ကြပါဘူး။ အလုပ်အရေးကြီးရင်ကြီးသလိုမနက်(၆)နာရီကနေအလုပ်စ၀င်ရတာရှိသလိုညနေ(၃)နာရီတို့ည(၁၂) နာရီတို့အချိန်မတော်အလုပ်ဆင်းရတာတွေလည်းရှိပါတယ်။အလုပ်သမားအားလုံးလိုလိုကတော့ အလုပ်အရေးကြီးရင်နေ့ရောညပါဆင်းရပြီးအလုပ်ချိန်(၈)နာရီထက်ကျော်ရင်တော့ပိုသွားတဲ့နာရီတွေကို အချိန်ပိုကြေးတနာရီ(၇)ဘတ်နှုန်းနဲ့ရကြကြောင်းသိရပါတယ်။
၂၀၀၂ခုနှစ်ကအလုပ်စ၀င်ခဲ့တဲ့အလုပ်သမတယောက်ကတော့သူအလုပ်စ၀င်တုန်းကတနေ့ကို(၄၅) ဘတ်ရကြောင်း၊(၃)လလောက်လုပ်ပြီးတဲ့အခါမှာ(၅)ဘတ်တိုးပေးကြောင်း၊၂၀၀၆ ခုနှစ် စက်ရုံပြဿနာတက်တဲ့အချိန်မှာ(၆၃)ဘတ်သာရရှိကြောင်းပြောပါတယ်။
အလုပ်သမားတွေနေဖို့စက်ရုံကလိုင်းခန်းတွေထားပေးထားပါတယ်။လိုင်းခန်းခမပေးရပေမယ့်ရေဖိုး၊မီးဖိုး ဖြတ်ပါတယ်။တလကိုရေဖိုး၊မီးဖိုး(၁၀၀)ကျော်လောက်ပေးရပါတယ်။တချို့မိသားစုတွေမှာ ညီအစ်ကိုမောင်နှမတွေ၊သားသမီး၊မိဘတွေလာနေတာမျိုးရှိပါတယ်။အဲဒီလိုစက်ရုံဝန်ထမ်းမဟုတ်တဲ့ မိသားစုဝင်တွေလာနေတယ်ဆိုရင်အဲဒီအတွက်တယောက်ကိုအိမ်လခအဖြစ်ဘတ်(၂၀၀)ပေးရပါတယ်။
အဲဒီလိုအလွန်နည်းတဲ့လုပ်အားခတွေနဲ့အလုပ်လုပ်လာခဲ့ကြရာက၂၀၀၆ခုနှစ်မှာအလုပ်ရှင်-အလုပ်သမားပြဿနာဖြစ်ပါတယ်။စဖြစ်ပုံကတော့စက်ရုံကအလုပ်သမားတဦးဖြစ်တဲ့ ကိုထွန်းအောင်ဆိုသူကိုအလုပ်ချိန်(၈)နာရီကျော်လို့ အလုပ်နားနေတဲ့အချိန်မှာအလုပ်ခေါ်ခိုင်းပါတယ်။ ကိုထွန်းအောင်ကလည်းသူအရမ်းပင်ပန်းနေပြီဖြစ်လို့မဆင်းနိုင်တော့တဲ့အကြောင်း၊ အနားယူချင်တဲ့အကြောင်းပြောရာကအလုပ်ရှင်နဲ့အဆင်မပြေဖြစ်ပြီးအလုပ်ထုတ်လိုက်ပါတယ်။
အဲဒီနောက်နေ့မှာတော့နဂိုကတည်းကမှလုပ်အားခနည်းလို့မကျေမနပ်ဖြစ်နေကြတဲ့အလုပ်သမားတွေဟာ လုပ်အားခတိုးတောင်းကြပါတော့တယ်။သူတို့တောင်းတဲ့လုပ်အားခတွေကလည်းထိုင်းနိုင်ငံမှာတရားဝင်ပြဋ္ဌာန်းထားတဲ့ရပိုင်ခွင့်တွေအတိုင်းတောင်းဆိုကြတာမဟုတ်ပါဘူး။လုပ်အားခတိုးပေးဖို့၊ ဘယ်လောက်ပဲဖြစ်ဖြစ်တိုးပေးဖို့၊ကုန်ဈေးနှုန်းတွေတက်လာတာနဲ့အမျှစားဝတ်နေရေးအဆင်မပြေကြလို့ တိုးတောင်းကြတာပါ။
အလုပ်သမားတယောက်ရဲ့ပြောပြချက်အရဆိုရင်“အဲဒီအချိန်မှာသူဌေးက(၁၀)ဘတ်လောက် တိုးပေးလိုက်ရင်တောင်ကျနော်တို့ကျေနပ်ပါတယ်”လို့ပြောပါတယ်။အခုတော့သူဌေးကလုပ်အားခလည်း တိုးမပေးနိုင်ဘူး၊တိုင်ချင်တဲ့နေရာသွားတိုင်လို့ပြောလွှတ်လိုက်ပါတယ်။
အလုပ်သမားတွေလည်းမကျေနပ်တဲ့အတွက်ဆ၀ါဒီကန်ရုံးမှာသွားတိုင်ကြပါတယ်။အားလုံး(၅၂)ယောက်ပါ။ ဆ၀ါဒီကန်ရုံးကအလုပ်ရှင်သူဌေးနဲ့ခေါ်ပြီးညှိနှိုင်းပေးလိုက်ပါတယ်။အလုပ်သမားတယောက်ကိုတနေ့ အဲဒီအချိန်ကတာ့ခရိုင်မဲဆောက်မြို့အလုပ်သမားတယောက်ရဲ့ရပိုင်ခွင့်ဖြစ်တဲ့(၁၄၃)ဘတ်ပေးရန်၊ အချိန်ပိုဆင်းရပါကတနာရီကို(၂၅)ဘတ်နှုန်းနဲ့ရှင်းပေးရန်ဆုံးဖြတ်ပေးလိုက်ပါတယ်။သူဌေးရော အလုပ်သမားတွေပါစာချုပ်မှာလက်မှတ်ထိုးရပါတယ်။အလုပ်သမားဥပဒေအရသူဌေးက အလုပ်မပေးနိုင်ရင်လည်းလုပ်အားခရဲ့တ၀က်ရရှိရမှာဖြစ်ပါတယ်။တနင်္ဂနွေဆိုလုပ်အားခရဲ့နှစ်ဆ အလုပ်ရှင်ကပေးရမှာပါ။အလုပ်သမားတွေလည်းဆ၀ါဒီကန်ရဲ့အဆုံးအဖြတ်ကိုလက်ခံပြီး ပြန်လာခဲ့ကြပါတယ်။
စက်ရုံတော်တော်များများ(အားလုံးလိုလို)ရဲ့အတွေ့အကြုံအရအဲဒီလိုပြဿနာဖြစ်ပြီးအလုပ်သမားရဲ့ လုပ်အားခအပြည့်အ၀ပေးရပြီဆိုရင်လုပ်ငန်းရှင်တွေဘက်ကနည်းလမ်းပေါင်းစုံနဲ့ညစ်ပတ်တော့တာပါပဲ။ အခုလည်းဒီပန်းကန်လုံးစက်ရုံအလုပ်သမားတွေကိုဆ၀ါဒီကန်ကလုပ်အားခအပြည့်အ၀ပေးဖို့ ဆုံးဖြတ်ပေမယ့်အပြည့်အ၀တော့ပေးပါတယ်။ဒါပေမယ့်သူဌေးကညစ်ပတ်လာပါတယ်။အချိန်မတော် အလုပ်ဆင်းခိုင်းတယ်။ဥပမာ-ညဘက်အချိန်မတော်မှာအလုပ်သမားအားလုံးဆင်းရတာမဟုတ်ဘဲ မိန်းကလေးတွေချည်းဆင်းခိုင်းတယ်၊တယောက်နှစ်ယောက်ပဲဆင်းခိုင်းတယ်။စက်ရုံထဲကို အလုပ်ဆင်းရတာကလည်းအခါတိုင်းဆိုအလုပ်သမားတွေနေတဲ့တန်းလျားနဲ့စက်ရုံကပ်နေတဲ့ အပေါက်ကနေ ၀င်လို့ရတယ်။ အခုတော့ စက်ရုံဝင်ပေါက်ကြီးကနေ ပတ်ပြီး ၀င်ခိုင်းတယ်။ ၀င်ပေါက်ကြီးကို ရောက်ဖို့အတွက် အဝေးပြေးလမ်းမကြီးကနေ ပတ်သွားရပါတယ်။
ညဘက်ဆိုအန္တရာယ်ရှိပါတယ်။တခါတလေရဲတွေလိုက်လို့ပြေးရတယ်။နောက်ဆုံးတော့ အလုပ်သမားတွေနေတဲ့တန်းလျားကိုပါရဲတွေ၊တောမောလို့ခေါ်တဲ့လ၀ကတွေနဲ့စစ်တပ်တွေဝိုင်းပြီး အလုပ်သမားတွေကိုအလုပ်ကောင်းကောင်းလုပ်ကြ၊ဘာညာနဲ့အမျိုးမျိုး ခြိမ်းခြောက်သွားတာတွေရှိတဲ့အတွက် အလုပ်သမားတွေ ကြောက်လာကြပါတယ်။ ညဘက် အလုပ်မဆင်းဖို့ သူဌေးဆီမှာတောင်းဆိုတော့လည်ူးဌေးကမလိုက်လျောနိုင်ဘူး။ဆင်းချင်ဆင်း၊မဆင်းချင်နေဆိုတာနဲ့ အလုပ်သမားတွေလည်းအလုပ်သမားရေးကူညီဆောင်ရွက်ပေးနေတဲ့ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရုံးမှာ သွားအကူအညီ တောင်းပြီး အမှုဖွင့်ရပါတော့တယ်။
တနေ့ကို(၁၄၃)ဘတ်နဲ့ရက်ပေါင်း(၂၀)လောက်ပဲအလုပ်ဆင်းလိုက်ရပါတယ်။ရောင်ခြည်ဦးနဲ့ မက်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့ပဲဆ၀ါဒီကန်ရုံးမှာတိုင်ချက်ဖွင့်နိုင်ခဲ့ပါတယ်။အသုတ်လိုက်ခွဲပြီးဆ၀ါဒီကန်မှာအလုပ်သမားရပိုင်ခွင့်တွေဖောင်ဖြည့်ကြရတယ်။အဲဒီလိုဆ၀ါဒီကန်ရုံးမှာဖောင်ဖြည့်နေတုန်း အဖမ်းခံလိုက်ရတဲ့အလုပ်သမားတယောက်အကြောင်းကိုအတူတူလုပ်ခဲ့တဲ့အလုပ်သမတဦးက အခုလိုပြောပြပါတယ်။
“အဲဒီအလုပ်သမားကဘတ်(အလုပ်သမားလက်မှတ်)မရှိပါဘူး။သူကဆ၀ါဒီကန်ရုံးထဲမှာသူများတွေလိုပဲ ဖောင်ဖြည့်ဖို့သွားတာပါ။အဲဒီအချိန်မှာမော်တော်ပီကယ်(ယဉ်ထိန်းရဲ)၀တ်စုံနဲ့ရဲတယောက်က၀င်လာပြီး မင်းကိုဖမ်းမှာမကြောက်ဖူးလားလို့မေးတယ်။အဖမ်းခံရတဲ့သူကလည်းခင်ဗျားက မော်တော်ပီကယ်ဖြစ်တဲ့အတွက်ကျနော့်ကိုဖမ်းမှာမဟုတ်လို့မကြောက်ပါဘူးလို့ပြန်ပြောတယ်။ အဲလိုပြန်ပြောပြီးဖမ်းသွားတာပါပဲ။နှစ်ထပ်ချုပ်ကိုရောက်သွားတယ်။အဲဒီမှာတညအိပ်ပြီးတောမောရုံးကို ပို့လိုက်တယ်။တောမောရုံးကမှဟိုဘက်ကမ်းကိုသွန်မှာလေ”လို့ ပြောပြပါတယ်။
တောမောရုံး(လူဝင်မှုကြီးကြပ်ရေး)ကဖမ်းမိတဲ့အလုပ်သမားတွေကိုမြန်မာပြည်ဘက်ခြမ်းကိုသွန်မယ့် သတင်းကြားတဲ့ အချိန်မှာစက်ရုံကလူတွေကောအကူအညီပေးနေတဲ့အဖွဲ့ကလူတွေကော လိုက်ကြပါတယ်။ အဖမ်းခံရသူကိုလည်းသွန်မယ့်ကားပေါ်မှာတွေ့ရပါတယ်။ဒါပေမယ့်အဲဒီလူဟာ မြန်မာပြည်ဘက်ခြမ်းမှာလည်းစုံစမ်းလို့မရဘူး။ဒီဘက်မှာလည်းမရှိတော့ပါဘူး။နောက်ပိုင်းမှာမှ မြန်မာသတင်းစာနဲ့ ပြည်ပသတင်းဌာနတွေမှာ အဲဒီလူကို ဒီဘက်မှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ထောင်ချလိုက်တဲ့အကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။
သူနဲ့အတူလုပ်ခဲ့တဲ့သူ့သူငယ်ချင်းတယောက်ကတော့“အဲဒီလိုဖြစ်ရတာကျနော်တို့သူဌေးယုတ်မာလို့ပါ။ သူကအလုပ်သမားတယောက်ပါ။ဘာနိုင်ငံရေးမှလည်းမသိဘူး။ဘယ်သူနဲ့မှလည်းအဆက်အသွယ်မရှိပါဘူး။ ရိုးရိုးသားသားအလုပ်လုပ်စားနေတာပါ”လို့ ပြောပါတယ်။ထိုင်းနိုင်ငံမှာရောက်နေတဲ့အလုပ်သမားတွေဟာ မဲဆောက်ပဲဖြစ်ဖြစ်၊ဘန်ကောက်ပဲဖြစ်ဖြစ်အဖမ်းခံရလို့မြန်မာပြည်ဘက်ကိုသွန်လိုက်တယ်ဆိုရင် နည်းအမျိုးမျိုးနဲ့ မဲဆောက်ဘက်ကို ပြန်ရောက်လာကြတာပါပဲ။
အဲဒီလို အလုပ်သမားတယောက် အဖမ်းခံလိုက်ရပေမယ့် ကျန်တဲ့သူတွေ အမှုဆက်တိုင်နိုင်ခဲ့ပါတယ်။ ဆ၀ါဒီကန်ကတဆင့် တရားရုံးအထိ ဆက်တက်ရပါတယ်။ အဲဒီကြားကာလတွေမှာ အမှုတိုင်ထားတဲ့ လူ (၅၀) ကျော်ရဲ့ဘ၀တွေကလည်း ကြမ်းတမ်းပါတယ်။ အရုပ်တွေကို ဆေးခြယ်တဲ့အလုပ် လုပ်ကြရပါတယ်။ ဒါပေမယ့် သူတို့အလုပ်လုပ်တဲ့ နေရာတိုင်းကို ရဲတွေက အမြဲတမ်း စောင့်ကြည့်တာ ခံရပါတယ်။ အဲဒီလိုနဲ့ အဲဒီဆေးခြယ်တဲ့ လုပ်ငန်းကိုပဲနေရာတွေပြောင်းပြီးလုပ်လာခဲ့ကြတာနောက်ဆုံးတော့ အားလုံးအဖမ်းခံလိုက်ရပါတယ်။ထောင်(၁၂)ရက်စီ ကျသွားပါတယ်။ ထောင်ထဲမှာလည်း သူတို့အထဲက ခေါင်းဆောင်လို့ယူဆသူတွေရဲ့အမည်ကိုမေးကြောင်း၊ ဓာတ်ပုံတွေထုတ်ပြကြောင်း၊ ဓာတ်ပုံတွေက ကော်ပီကူးထားတာတွေဆိုတော့ သဲသဲကွဲကွဲ မမြင်ရလို့ တော်သေးကြောင်း၊ အခြားအဖမ်းခံရသူတွေနဲ့ ရောနေရကြောင်း ထောင်ကျခဲ့သူက ပြန်ပြောပြပါတယ်။
သူတို့ ထောင်ကလွတ်လာပြီး မဲဆောက်ရောက်မှ အကြောင်းစုံကို သိကြရတော့တယ်။ သူတို့ အလုပ်လုပ်ခဲ့တဲ့ ပန်းကန်လုံးစက်ရုံသူဌေးနဲ့ ဆေးခြယ်အလုပ်ပေးတဲ့ သူဌေးနဲ့ အဆက်အသွယ်ရှိကြောင်း၊ အဲဒါကြောင့် အမျိုးမျိုး လိုက်နှောင့်ယှက်နေတာဖြစ်ကြောင်း သိရတယ်။
၂၀၀၉ ခုနှစ်ဖေဖော်ဝါရီလမှာတော့ရောင်ခြည်ဦးနဲ့မက်ဖောင်ဒေးရှင်းတို့ရဲ့အကူအညီနဲ့အထက်ပါ ပန်းကန်လုံးစက်ရုံ အလုပ်သမား (၅၀) ကျော်ဟာ နစ်နာကြေး (လျော်ကြေး)ရရှိခဲ့ကြပါတယ်။စက်ရုံမှာ (၅) နှစ်လောက် အလုပ်လုပ်ခဲ့တဲ့ အလုပ်သမတဦးကတော့“ကျမတို့ရတဲ့ လျော်ကြေးက (၅)ရာခိုင်နှုန်းလို့ ပြောပါတယ်။ကျမကဘတ်(၈,၀၀၀)လောက်ရပါတယ်။ရှေ့နေခတယောက်ကိုဘတ်(၅၀၀)စီ ပေးရပါတယ်။ အဲဒါကလည်း အရင်ကတည်းက ပြောထားတာပါ။ ပေးပါတယ်။ ကျမတို့ အခုလို သူဌေးကို အမှုနိုင်တယ်ဆိုရင်ပဲ ကျေနပ်ပါတယ်” လို့ ပြောပါတယ်။
(၅)ရာခိုင်နှုန်းဆိုတာကတော့အလုပ်သမားတယောက်ကအလုပ်ရှင်ထံမှာအလုပ်သမားဥပဒေအရ ရစရာရှိတဲ့ နစ်နာကြေးငွေဟာ ဘတ် (၁၀၀)ဆိုရင် (၅) ဘတ်ပဲ ရတာဖြစ်ပါတယ်။ ပန်းကန်လုံးစက်ရုံဆိုတာ မဲဆောက်မှာ များများစားစား မရှိတဲ့အတွက် သိုးမွေးတို့ အထည်ချုပ်တို့က အလုပ်သမားတွေလို အလုပ်ပြန်ရှာရတာ မလွယ်ပါဘူး။ အဲဒီတော့ အခုအချိန်မှာ ပန်းကန်လုံးစက်ရုံက အလုပ်သမားတွေဟာ အလုပ်သမားတိုက်ပွဲမှာ (၅) ရာခိုင်နှုန်း ရခဲ့ကြပေမယ့် ဘ၀တိုက်ပွဲတွေကိုတော့ ဈေးရောင်းတဲ့သူ ရောင်း၊ မြန်မာပြည်ပြန်တဲ့သူ ပြန်၊ တချို့လည်း စက်ချုပ်သင်ပြီး အထည်ချုပ်စက်ရုံဝင်လုပ်၊ သိုးမွေးစက်ဆွဲ သင်ပြီး သိုးမွေးစက်ရုံဝင်လုပ်ကြရင်း ဆက်လက်ဆင်နွှဲနေကြရပါတယ်။ ။











Geen opmerkingen: