မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 10 april 2010

အာဆီယံခေါင်းဆောင်များ မြန်မာကို အသက်ရှူပေါက် ပေးလိုက်

လာရီဂျေဂင်
သောကြာနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၃၄ မိနစ် .
ဟနွိုင် (မဇ္ဈိမ)။ ။၂ဝ၁ဝ ရွေးကောက်ပွဲအတွက်နိုင်ငံတကာအသိုင်းအဝိုင်းအကြားအငြင်းပွားဖွယ် ဖြစ်နေချိန်၌အရှေ့တောင်အာရှနိုင်ငံခေါင်းဆောင်များကအမျိုးသားပြန်လည်သင့်မြတ်ရေး ပေါ်ပေါက်ရေးအတွက်အားလုံးပါဝင်သည့်ရွေးကောက်ပွဲကိုကျင်းပပါရန်မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်သည်။
အတိုက်အခံပါတီကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူရွေးကောက်ခံအရပ်သားအစိုးရပေါ်ပေါက်ရေးဟု လေသံပစ်ကာ တကယ်တမ်းတွင် စစ်အစိုးရ သက်ဆိုးရှည်ရေးကိုသာ ပြုလုပ်နေသည်ဟု ရှုတ်ချပြောဆိုပြီး ရွေးကောက်ပွဲကို သပိတ်မှောက်သွားမည်ဟု ပြောကြားထားသည်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တွင် ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးအပြီး ဥက္ကဋ္ဌ၏ ကြေညာချက်ကို သောကြာနေ့က ထုတ်ပြန်ရာတွင် သူတို့ ထုတ်ပြန်ထားသည့် ဒီမိုကရေစီလမ်းပြမြေပုံ´အတိုင်း စွဲမြဲရပ်တည်ကာ အားလုံးပါဝင်ပြီး လွတ်လပ်မျှတသည့် ရွေးကောက်ပွဲတရပ် ကျင်းပပေးရန် စစ်အစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ခြင်း ဖြစ်သည်။
`မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပါဝင်ပြီးလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတရပ် ကျင်းပရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ အရေးပါမှုကို ကျနော်တို့ မီးမောင်းထိုးပြလိုပါတယ်´ ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
`ရွေးကောက်ပွဲတွေမှာ သက်ဆိုင်သူတွေအားလုံး ပါဝင်ပြီး လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျဖို့ လိုပါတယ်´ ဟု ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် သဘာပတိဖြစ်သူ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဒန်း (NguyenTanDung)ကအစည်းအဝေးအပြီးနောက်ဆုံးကျင်းပသောသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ `ဒီလိုကျင်းပပေးခြင်းဖြင့် နိုင်ငံကို တည်ငြိမ်စေလိမ့်မယ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံတွေကို ဖန်တီးပေးလိမ့်မယ်´ဟု ဗီယက်နမ်ဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။
ဤပြောဆိုချက်သည် အာဆီယံကြေညာချက်တွင် ဆယ်စုနှစ်တခုအတွင်း အပျော့ပျောင်းဆုံး ပြောဆိုလိုက်ခြင်းဖြစ်ပြီး NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရှောင်ရှားပြောဆိုထားသည်။
နိုင်ငံရေးပြဿနာများကြောင့် ထိပ်သီးအစည်းအဝေးသို့ မတက်ရောက်နိုင်သည့် ထိုင်းဝန်ကြီးချုပ်Abhisit Vejjajiva၏အကြောင်းကထိပ်သီးအစည်းအဝေးအစီအစဉ်များကိုလွှမ်းမိုးအရိပ်ထိုးနေသဖြင့် မြန်မာနိုင်ငံအဖို့ နှိုင်းယှဉ်ချက်အားဖြင့် အထိမနာလှဘဲ ဖြစ်သွားသည်။
မြန်မာနိုင်ငံကို ရည်ညွှန်းပြောဆိုရာတွင် အပျော့ပျောင်းနိုင်သမျှ အပျော့ပျောင်းဆုံး ဖြစ်စေရေးအတွက် ဗီယက်နမ်နိုင်ငံက အထူးအားထုတ်ကြိုးပမ်းခဲ့သည်ဟု အမည်မဖော်လိုသူ အာရှသံတမန်များ၏ အပြောအရ သိရသည်။ ထိပ်သီးအစည်းအဝေး ကြေညာချက်ကို နောက်ဆုံးအတည်ပြု ချမှတ်ခြင်းမပြုမီ နိုင်ငံအားလုံးက သဘောတူညီရန် လိုအပ်သော်လည်း အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ်နိုင်ငံက လွှမ်းမိုးချုပ်ကိုင်ထားသည်။
`ဗီယက်နမ်နိုင်ငံကနိုင်ငံရေးကိုစိတ်မဝင်စားဘူး။ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းရှိတဲ့ နေရာလို့ ရိုးရိုးလေးပဲ မြင်ပါတယ်´ဟု ဗီယက်နမ် ထိပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းကို ကောင်းစွာသိကျွမ်းသူ ဗီယက်နမ် သတင်းစာဆရာတဦးက ပြောသည်။ သို့သော် သူ့အတွက် အန္တရာယ်ကျရောက်မည်ကို စိုးရွံ့သဖြင့် နာမည်မဖော်ဘဲ ပြောကြားခဲ့သည်။ ယခုလို ဆက်ဆံရေးအသစ် ထူထောင်လိုက်ခြင်းကို ဖော်ပြနေသည့် အချက်တရပ်မှာ ဟနွိုင်နှင့် မော်လမြိုင် တိုက်ရိုက်လေကြောင်းလိုင်း ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။
ထိပ်သီးအစည်းအဝေး မတိုင်မီတွင် ဗီယက်နမ်ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ခြင်းမှာ သာမန်တိုက်ဆိုင်မှုတရပ် မဟုတ်ပါ။ ဗီယက်နမ်နိုင်ငံသည်လည်း မြန်မာနိုင်ငံကို တရုတ်နှင့်ခွာကာ ဝါရှင်တန်နှင့် ပြောင်းလဲဆက်ဆံရေး ကန့်လန့်ကာနောက်ကွယ်မှ ပြောဆိုတိုက်တွန်းနေသည့် နိုင်ငံတနိုင်ငံ ဖြစ်သည်။
သို့သော် တချိန်တည်းတွင် စစ်အစိုးရ၏ ပွင့်လင်းမြင်သာမရှိမှု၊ ပြင်ပနိုင်ငံများသို့ ဖွင့်ပေးလိုစိတ် မရှိမှုတို့အပေါ် ဒေသတွင်း ခေါင်းဆောင်များအကြား စိတ်ပျက်လက်ပျက်ဖြစ်မှုကို ဖော်ပြနေသည့် လက္ခဏာများကိုလည်း တွေ့မြင်နေရသည်။ မြန်မာဝန်ကြီးချုပ်သိန်းစိန် ကျနော်တို့ကို ပြောနိုင်တာ ရွေးကောက်ပွဲတွေ ဒီနှစ်လုပ်မယ်။ရွေးကောက်ပွဲဥပဒေတွေ ကြေညာပြီးပြီ။ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်နေကြပြီ။ ဒါပဲပြောတာဟုအာဆီယံအထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် (Surin Pitsuwan) က မဇ္ဈိမကို ပြောသည်။
`ရွေးကောက်ပွဲကော်မရှင်က လိုအပ်တဲ့ ပြင်ဆင်မှုလုပ်ငန်းတွေ လုပ်ပြီးသွားရင် ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်ကို ကြေညာမယ်။ ဒါပဲ။ နောက်ထပ် ဘာအသေးစိတ် အချက်အလက်မှ မသိရဘူး´ ဟု ပစ်ဆူဝမ်က ပြောသည်။ သို့သော် အာဆီယံ ခေါင်းဆောင်များက စစ်အစိုးရ၏ ကိုယ်စားလှယ်နှစ်ဦးကို သူတို့ရပ်တည်ချက၊် အနေအထားတို့နှင့် စပ်လျဉ်း၍ အနေခက်လောက်အောင် မေးခွန်းများ မေးမြန်းခြင်း ရှိမရှိကိုမူ သူက ပြောဆိုသွားခြင်း မရှိပါ။
အာဆီယံခေါင်းဆောင်များသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အားမလိုအားမရ ဖြစ်လာနေသည်မှာမူ ထင်ရှားသည်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် ကျနော်တို့ စိတ်ရှည်ရမယ်´ဟု သူက ကောက်ချက်ချသည်။ သို့သော် ရွေးကောက်ပွဲ မတိုင်ခင် စစ်အစိုးရအပေါ် သြဇာသက်ရောက်ရေး မျှော်လင့်ချက်ကိုမူ အချို့သော အာရှနိုင်ငံများက လက်မလျှော့ကြသေးပါ။
ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးအတွက် လုပ်ဆောင်ရန်မှာ မြန်မာနိုင်ငံအတွက် အရေးကြီးသည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ (MartyNatalegawa)က ပြောသည်။`မြန်မာနိုင်ငံက ရွေးကောက်ပွဲအပေါ် နိုင်ငံတကာက ယုံကြည်လက်ခံတာ၊အသိအမှတ်ပြုတာကို ကျနော်တို့ အလွန်တွေ့ချင်ပါတယ်ဟု သူက မဇ္ဈိမကို ပြောသည်။ အင်ဒိုနီးရှားနိုင်ငံကလည်း သူတို့ဘက်က အကူအညီနှင့် အတွေ့အကြုံများကို ပေးအပ်ရန် ကမ်းလှမ်းထားပါသည်ဟုလည်း သူက ပြောသည်။
သို့သော် စစ်အစိုးရအပေါ် သူတို့၏ သြဇာအာဏာမှာ တကယ်တမ်း အနည်းအကျဉ်းသာ ရှိသည်ဆိုသည်ကို အာဆီယံအဖွဲ့ကြီးကကောင်းစွာသိနားလည်ထားသည်။ ကျနော်တို့မှာ မြန်မာနိုင်ငံကို အပြစ်ပေးအရေးယူနိုင်တဲ့ အနေအထား မရှိပါဘူး´ဟု စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုး (George Yeo) က ထိပ်သီးအစည်းအဝေးတွင် သတင်းထောက်များကို ပြောသည်။ `တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က မြန်မာနိုင်ငံနဲ့ ဆက်ဆံနေသမျှ ကျနော်တို့ကလည်း ဆက်ဆံနေရမှာပါပဲ´ ဟု သူက ပြောသည်။
သို့သော် အာဆီယံအဖွဲ့ဝင် နိုင်ငံအများအပြား အထူးသဖြင့် အင်ဒိုနီးရှား၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့က စစ်အစိုးရကို သူတို့ ကတိပြုထားသည့် နိုင်ငံတကာက လက်ခံနိုင်သည့် ရွေးကောက်ပွဲ ကျင်းပပေးပါမည်ဟူသော ကတိကို ဆက်လက်သတိပေး ပြောကြားနေကြသည်။
`လာမယ့်လတွေဟာမြန်မာနိုင်ငံအတွက် အရေးပါတဲ့လတွေ ဖြစ်ပါလိမ့်မယ်။ အဆုံးမှာတော့ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်လာမလဲဆိုတာကို မြန်မာပြည်သူတွေကပဲ ဆုံးဖြတ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့က အပြင်လူတွေပါ။ တိုးတက်မှုတွေ အလျင်အမြန် ဖြစ်ပေါ်လာအောင် သူတို့ လုပ်ဆောင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်´ ဟု ယိုးက ဆက်လက်ပြောဆိုခဲ့သည်။



Geen opmerkingen: