မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 28 april 2010

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်၏ဆင်ဖြူများလျစ်လျူရှုခံထားရ

အောင်သက်ဝိုင်း Wednesday, April 28, 2010
.ထောက်လှမ်းရေးခေါင်းဆောင်ဟောင်းဗိုလ်ချုပ်ကြီးခင်ညွန့်၏ညွှန်ကြားချက်ဖြင့်ရှာဖွေဖမ်းဆီးရမိခဲ့သော ဆင်ဖြူတော်အမျိုးအနွယ်ဝင်ဆိုသည့်ဆင်၃ကောင်မှာယခုအခါစစ်အစိုးရခေါင်းဆောင်များ၏လျစ်လျူရှုခြင်း ခံထားရပြီးပြည်သူများသွားရောက်ကြည့်ရှုမှုနည်းပါးသွားပြီဖြစ်ကြောင်းသိရသည်။
                        မင်းဓမ္မကုန်းတွင်ထားရှိသောရတီမာလာဆင်မငယ်ကိုဆင်ဦးစီးကကြံကျွေးနေစဉ်
အဆိုပါဆင်၃ကောင်ကိုဗိုလ်ချုပ်ကြီးခင်ညွန့်ရာထူးမှဖယ်ရှားခြင်းမခံရမီစစ်ထောက်လှမ်းရေးအဖွဲ့က ကြီးကြပ်ကွပ်ကဲဖမ်းဆီးခဲ့ပြီးဆင်များကိုရွှေနန်းဆောင်နှင့်ရတနာဆင်ဖြူတော်ဥယျာဉ်ဆောက်လုပ် ထားရှိရန်ဗိုလ်ချုပ်ကြီးခင်ညွန့်ကဦးဆောင်စီစဉ်ခဲ့သောကြောင့်ထိုဆင်များကိုဗိုလ်ချုပ်ကြီးခင်ညွှန့်၏ ဆင်များအဖြစ်စစ်အစိုးရခေါင်းဆောင်ပိုင်းကသတ်မှတ်ကြကြောင်းအစိုးရအရာရှိအသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။
ဗိုလ်ချုပ်ကြီးခင်ညွန့်အာဏာကျပြီးနောက်ထိုဆင်ဖြူတော်များကိုစစ်အစိုးရခေါင်းဆောင်များကဂရုစိုက်ခြင်း မရှိတော့သကဲ့သို့အရေးတယူလာရောက်ကြည့်ရှုခြင်းလည်းမရှိတော့ကြောင်းသစ်တောဝန်ကြီးဌာန၊ရတနာ ဆင်ဖြူတော်ထိန်းသိမ်းရေးအဖွဲ့နှင့်နီးစပ်သူများကပြောသည်။
“အဘ(ဗိုလ်ချုပ်ကြီးခင်ညွန့်)ရှိတုန်းကဆိုဒီဆင်ဖြူတော်တွေကိုတိုင်းမှူးတွေ၊၀န်ကြီးတွေနဲ့စစ်တပ်အရာရှိတွေ နေ့တိုင်းနီးပါးလောက်လာကြည့်ကြ၊ဆင်ဖြူတော်တွေကိုကျန်းမာရေးကအစစားရေး၊နေရေးအဆုံး နေ့စဉ်မှတ်တမ်းလုပ်ပြီးအထက်ကိုတင်ခဲ့ရတယ်”ဟုသစ်တောဝန်ကြီးဌာန၀န်ထမ်းတဦးကဆိုသည်။
ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့်ရင်းနှီးသည့်ဇေကမ္ဘာဦးခင်ရွှေကဲ့သို့စီးပွားရေးလုပ်ငန်းရှင်ကြီးများကလည်း ဗိုလ်ချုပ်ကြီးခင်ညွန့်အာဏာရှိစဉ်ကဆင်ဖြူတော်များကိုလစဉ်လာရောက်ကြည့်ရှုအစာကျွေးခြင်းများပြုလုပ် ခဲ့ကြကြောင်းသိရသည်။
“ဗိုလ်ချုပ်ခင်ညွန့်အာဏာမရှိတော့တဲ့နောက်ပိုင်းကစပြီအခုဆို၆နှစ်တိတိရှိပြီ။ဒီဆင်ဖြူတော်တွေကို စစ်ဘက်၊အရပ်ဘက်နဲ့နာမည်ကြီးသူဌေးတွေတယောက်မှလာမကြည့်တော့ဘူး။လာကြည့်ဖို့တောင် ကြောက်နေကြတယ်ထင်တယ်”ဟုရတနာဆင်ဖြူတော်ထိန်းသိမ်းရေးအဖွဲ့ဝင်များနှင့်နီးစပ်သူတဦးက ပြောသည်။
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကိုယ်တိုင်ဆင်ဖြူတော်များကိုနံ့သာရေပက်ဖျန်းနေသည့်မှတ်တမ်း ဓာတ်ပုံများကိုလည်းဆင်ဖြူတော်ဥယျာဉ်မှဖြုတ်သိမ်းခဲ့ပြီး၎င်းအမည်ပါဝင်သောဆင်ဖြူတော်ဥယျာဉ် ဆောက်လုပ်ပြီးစီးခြင်းအထိမ်းအမှတ်ကမ္ပည်းကျောက်စာတိုင်ကိုလည်းဖြိုချခဲ့သည်ဟုဥယျာဉ်တွင်း ဈေးရောင်းသည့်ပျံကျဈေးသည်များကပြောသည်။
“ဆင်ဖြူတော်မှာမင်းကျင့်တရားဆယ်ပါးနှင့်အညီတိုင်းပြည်ကိုအုပ်ချုပ်သောမင်းကောင်းမင်းမြတ်ကြောင့် ပေါ်ထွန်းခြင်းဖြစ်ပြီးတိုင်းပြည်၏စည်းစိမ်းဥစ္စာရတနာ၊ရွှေ၊ငွေကျောက်သံ၊ပတ္တမြား၊ဆန်ရေစပါးပေါများမည့် အတိတ်နမိတ်ဖြစ်သည်”ဆိုသောစာသားများကိုလည်းဆင်ဖြူတော်ဥယျာဉ်အတွင်းတွင် ကပ်ထားသည့်အပြင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ဇနီးဒေါ်ကြိုင်ကြိုင်ကရတနာဆင်ဖြူတော်များကို သပြေခက်နှင့်ကောင်းချီးမင်္ဂလာပြုနေသောဓာတ်ပုံအားပုံကြီးချဲ့ကပ်ထားသည်။
“အခါကြီးရက်ကြီးဆိုရင်တော့လူနည်းနည်းရှိတယ်။သာမန်နေ့တွေဆိုရင်တော့တနေ့ကိုလူဆယ်ယောက်၊အယောက် နှစ်ဆယ်လောက်ပဲလာကြည့်ကြတော့တယ်။၂၀၀၄မတိုင်ခင်ကဆိုရင်တနေ့တနေ့ကို ဆင်ဖြူတော်လာကြည့်တဲ့သူတွေရာနဲ့၊ထောင်နဲ့ချီပြီးကြိတ်ကြိတ်တိုးစည်ကားခဲ့တာ”ဟုဆင်ဖြူတော် ကြည့်ဆောင်အနီး ဈေးရောင်းနေသည့်ဈေးသည်တဦးကပြောသည်။
ယခင်ကရတနာဆင်ဖြူတော်ဥယျာဉ်အနီးတွင်ဈေးရောင်းပွဲတော်များပြုလုပ်ခြင်း၊ရတနာ ဆင်ဖြူတော်ဓာတ်ပုံများနှင့်ပြက္ခဒိန်များထုတ်လုပ်ရောင်းချခြင်းအပါအ၀င်ဆင်ဖြူတော်များကို ပြည်သူများအကြားလူသိထင်ရှားဖြစ်စေရန် နည်းလမ်းအမျိုးမျိုးဖြင့်ကြိုးစားခဲ့သည်။
ဆင်ဖြူတော်များမှာအထီး၁ကောင်၊အမ၂ကောင်ဖြစ်ပြီးယခုအခါအသက်၁၈နှစ်အရွယ်အုန်းခွံရောင် ဆင်အထီးကိုရာဇဂဟသီရိပစ္စယဂဇရာဇာဘွဲ့အမည်ကိုလည်းကောင်း၊အသက်၃၂နှစ်အရွယ် ပန်းနုရောင်ဆင်မကိုသီင်္ဂီမာလာဘွဲ့အမည်ကိုလည်းကောင်း၊အသက်၁၅နှစ်အရွယ် ပန်းနုရောင်ဆင်မငယ်ကိုရတီမာလာဘွဲ့အမည်ကိုလည်းကောင်းဗိုလ်ချုပ်ကြီးခင်ညွန့်ကအခမ်းအနားဖြင့် သတ်မှတ်ပေးခဲ့သည်။
အဆိုပါဆင်များကိုရခိုင်ပြည်နယ်အတွင်းမှရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီးဆင်ထီးကို၂၀၀၀ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၀ရက်နေ့တွင်ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊စေတီပြင်ကျေးရွာအုပ်စု၊အထက်နန်းရာကျေးရွာအနီးမှ လည်းကောင်း၊ဆင်မအကြီးကို၂၀၀၂ခုနှစ်ဧပြီလ၅ရက်နေ့တွင်ရခိုင်ပြည်နယ်၊မောင်းတောမြို့နယ်အတွင်းမှ လည်းကောင်း၊ဆင်မအငယ်ကို၂၀၀၂ခုနှစ်ဒီဇင်ဘာလတွင်ရခိုင်ပြည်နယ်၊ကိုင်းကြီးကျေးရွာဟောင်း အနီးမှလည်းကောင်း ဖမ်းဆီးရရှိခဲ့သည်။
ယခုလက်ရှိတွင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေကနေပြည်တော်တွင်ဆင်ဖြူတော်ထားရှိနိုင်ရန်ရခိုင်ပြည်နယ် အခြေစိုက်တပ်ရင်းများကိုတောနင်းရှာဖွေခိုင်းလျက်ရှိပြီးဒေသခံများသည်လည်းဆင်ဖြူတော် ရှာဖွေရေးအတွက် လုပ်အားပေးနေရကြောင်း နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းမှ သတင်းရရှိသည်။
ရှေးမြန်မာမင်းများလက်ထက်ကမာတင်္ဂဆင်၊ကေလာသဟထ္ထိဆင်၊ပုဏ္ဍရိကဆင်နှင့် အရုဏဟထ္ထိဆင်ဟူ၍ ဆင်ဖြူတော်၎မျိုးရှိပြီးဗေဒင်ကျမ်းဂန်များတွင်မူခန္ဓာဇလပ်ပွင့်အဆင်းကဲ့သို့ဖြူဖွေးသော သေတဂဇရာဇာဆင်၊ဖွတ်လျော်ပြီးစဖြူဖွေးသောအ၀တ်ပုဆိုးကဲ့သို့အဆင်းရှိသည့်သေတဂဇရာဇာဆင်၊ မျောက်ငိုပွင့်အဆင်းရှိသောသေတဂဇရာဇာဆင်၊ဧကရာဇ်ပွင့်အဆင်းရှိသောသေတဂဇရာဇာဆင်၊ သေတသုဝဏ္ဏဒန္တဆင်၊ဆင်ဖြူရွှေမွေး၊ရွှေကွန်ယက်အုပ်ဆင်ဟူ၍ဆင်ဖြူ၇မျိုးရှိကြောင်းရန်ကုန် နက္ခတ်ဗေဒင်ဆရာအသိုင်းအ၀န်းမှသိရှိရသည်။
“ဘုရင်တွေဘုန်းကြီးလာရင်ဆင်ဖြူတော်ကိုလိုက်ဖမ်းစရာမလိုဘူး။ရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်။ ဒီစစ်အစိုးရကဘုန်းကြီးတယ်လို့ထင်အောင်ဆင်ဖြူတော်လိုက်ဖမ်းနေတာ။တကယ်ရယ်စရာပဲ”ဟု ရန်ကုန်မြို့နေဗေဒင်ဆရာတဦးကဆိုသည်။

Geen opmerkingen: