မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 20 april 2010

တအောင်း (ပလောင်) ဒေသရှိ ကလေးငယ်များ ပညာသင်ကြားမှုအခြေအနေ ဆိုးဝါး

ရဲရင့်/ ၂၀ ဧပြီ ၂ဝ၁ဝ
စစ်အုပ်စု၏ထိန်းချုပ်မှုအောက်တွင်ဆိုးဝါးနိမ့်ကျနေသောတအောင်း(ပလောင်)ဒေသရှိ ပညာရေးစနစ်နှင့်ပတ်သက်၍တအောင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး(တီအက်စ်ဝိုင်အို)က “အလင်းမဲ့ဘ၀”အမည်ရှိပညာရေး အစီရင်ခံစာတစောင်ကိုယနေ့စတင်ဖြန့်ချိသည်။
ယခုအစီရင်ခံစာကိုရှမ်းပြည်မြောက်ပိုင်းရှိနမ့်ခမ်း၊မန်တုံ၊နမ့်ဆန်မြို့(၃)မြို့ရှိကျေးရွာ(၆၁)ရွာမှလူဦးရေ (၁၇၅)ဦးကိုမေးမြန်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းတီအက်စ်ဝိုင်အို၏အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကိုကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။
၎င်းက“ကျနော်တို့ဒေသမှာအထက်တန်းကျောင်းနဲ့အလယ်တန်းကျောင်းကမရှိသလောက်ဘဲ။ဒါကြောင့် မူလတန်းကျောင်းပြီးရင်ကျောင်းဆက်ပြီးမနေနိုင်တော့တဲ့ကလေးတွေကများလာတယ်။ဒီသုံးမြို့နယ်မှာ ပညာသင်ရမယ့်ကလေးငယ်နှစ်သောင်းလောက်ရှိပေမယ့်ကျောင်းတက်နိုင်တဲ့ကလေးက ရှစ်ထောင်နဲ့ကိုးထောင်ကြားမှာပဲရှိတယ်။ဒီလိုဖြစ်ရတာဟာမိဘတွေရဲ့စားဝတ်နေရေးကျပ်တည်းမှု၊ ပညာရေးနဲ့ပတ်သက်ပြီးစစ်အုပ်စုရဲ့တာဝန်မဲ့မှု၊ပညာရေးဆိုင်ရာအခွင့်အလမ်းကင်းမဲ့မှုတွေကြောင့် ကလေးအများစုရဲ့ဘ၀ဟာအနာဂတ်မဲ့နေကြရတယ်”ဟုပြောသည်။
တအောင်း(ပလောင်)ဒေသရှိကျေးလက်များတွင်စာသင်ကျောင်းအနည်းငယ်သာရှိပြီး ကျောင်းသုံးပစ္စည်းမလုံလောက်ခြင်း၊အရည်အချင်းရှိသောဆရာများမရှိခြင်း၊ ပညာရေးသင်ထောက်ကူပစ္စည်းများမရှိခြင်း၊ပညာရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုမရှိသလောက်ဖြစ်ခြင်း၊ ကျောင်းသင်ထောက်ကူပစ္စည်းများအတွက်ပညာသင်ကြားနေသည့်ကျောင်းသားများထံမှငွေကြေး ကောက်ခံနေခြင်းတို့ကြောင့်ကလေးငယ်များကိုပညာရေးနှင့်ပို၍ဝေးကွာစေသည်ဟုလည်း၎င်းက ပြောသည်။
အစီရင်ခံစာတွင်နအဖသည်ပြည်သူလူထု၏ပညာရေး၊ကျန်းမာရေးထက်စာလျှင်စစ်အင်အား တိုးချဲ့ရေးအတွက်တိုင်းပြည်ဘဏ္ဍာကိုအဆပေါင်းများစွာအသုံးပြုထားပြီးနိုင်ငံ၏ထွက်ကုန်တန်ဖိုးဂျီဒီပီ၏ (၁.၄) ရာခိုင်နှုန်းသာပညာရေးနှင့်ကျန်းမာရေးအတွက်သုံးစွဲသည်ဟုဖော်ပြထားသည်။
တက္ကသိုလ်တွင်ဥပဒေပညာသင်ယူခဲ့ပြီးလက်ဖက်ရောင်းသည့်ပလောင်လူငယ်တဦးက“ကျနော် သင်ကြားခဲ့တဲ့ပညာရေးဟာကျနော်လုပ်နေတဲ့အလုပ်နဲ့ဘာမှအဆက်စပ်ဘူး။ဥပဒေပညာကိုသင်ယူပြီး အခုလက်ဖက်ရောင်းနေတယ်။ပညာရေးဟာအနာဂတ်အတွက်ဘာအာမခံချက်မှမရှိဘူး”ဟုပြောသည်။
စိုးရိမ်ကြောက်မက်ဖွယ်ရာကျဆင်းနေသည့်မြန်မာနိုင်ငံပညာရေးစနစ်ကိုဖြေရှင်းဆောင်ရွက်ရန် ပျက်ကွက်နေသည့်မြန်မာစစ်အစိုးရကိုကုလသမဂ္ဂနှင့်နိုင်ငံတကာမိသားစုများက၀ိုင်းဝန်းဖိအားပေးကြရန်လည်းအစီရင်ခံစာတွင်တိုက်တွန်းထားသည်။
တီအက်စ်ဝိုင်အို၏ပညာရေးဌာနတာဝန်ခံမိုင်းမောဝ်ဒါင်းက“နအဖစစ်အုပ်စုရဲ့ပညာရေးစနစ်ကို အချိန်မီပြုပြင်ပြောင်းလဲမှုမလုပ်ရင်အလျင်အမြန်ယိုယွင်းပျက်စီးသွားမှာဖြစ်တယ်။ဒေသခံပြည်သူတွေရဲ့ ပညာရေးအခြေအနေတွေဟာဘတ်ဂျက်မရှိလို့ကျောင်းပိတ်ရတာ၊ငွေကြေးမတတ်နိုင်လို့ ကျောင်းထွက်ရတာ၊ပညာရေးအတွက်ရွေးချယ်စရာအခွင့်အလမ်းမရှိတော့တာတွေဟာလုံးဝစိတ်ဓာတ်ကျဆင်းစရာတွေဖြစ်နေပါတယ်”ဟုပြောသည်။
ကျေးရွာ (၃-၄)ရွာတွင်စာသင်ကျောင်းတခုသာရှိပြီးမိဘများမှာလည်းလက်လုပ်လက်စားများ ဖြစ်သည့်အတွက်ကလေးများမှာလည်းမိဘများ၏၀င်ငွေအတွက်တဖက်တလမ်းမှပံ့ပိုးပေးကြရကြောင်း၊ စီးပွားရေးအကျပ်အတည်းအခြေအနေများတွင်လူအများမှာဘိန်းခင်းများတွင်အလုပ်လုပ်ကိုင်ကြရပြီး ဘိန်းစွဲသူများလည်းရှိလာကာလေ့လာတွေ့ရှိချက်များအရမန်တုံမြို့နယ်ရှိကျေးရွာတရွာမှအသက်(၁၅) နှစ်အထက်အမျိုးသားများတွင်မူးယစ်ဆေးစွဲနေမှုနှုန်း(၈၅)ရာခိုင်နှုန်းအထိရှိသည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။





Geen opmerkingen: