မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 12 april 2010

ပြည်တွင်း ဆန်လက်ကျန် စစ်အစိုးရ ကောက်ယူ

စိုးမိုး/ ၉ ဧပြီ ၂ဝ၁ဝ
ပြည်တွင်းဆန်ဈေးနှုန်းများပြီးခဲ့သည့်မတ်လဆန်းကတည်းကတရိပ်ရိပ်မြင့်တက်လာသောကြောင့် စစ်အစိုးရကပြည်တွင်းဆန်စပါးစီးဆင်းမှုနှင့်ဆန်လက်ကျန်စာရင်းကိုအတိအကျကောက်ယူရန် ပြင်ဆင်နေကြောင်းသိရသည်။
ယခုနှစ်တွင်နာဂစ်သင့်ဒေသများတွင်လယ်ယာမြေပျက်စီးမှု၊လယ်စိုက်ရန်အရင်းအနှီးပြတ်လပ်မှုအပြင် ကြွက်ဖျက်ဆီးမှုများကြောင့်ဆန်စပါးအထွက်နှုန်းလျော့ကျခဲ့သော်လည်းပြည်ပဆန်တင်ပို့ခွင့် ပိုမိုခွင့်ပြုထားခဲ့သည့်အတွက်ဆန်ဈေးနှုန်းများတရိပ်ရိပ်မြင့်တက်လာပြီးနောက်စစ်အစိုးရက ဈေးကွက်အတွင်းဆန်လက်ကျန်နှင့်ဆန်စီးဆင်းမှုစာရင်းဇယားကောက်ယူပေးရန်ဆန်အသင်းများကို ညွှန်ကြားလိုက်ကြောင်းသိရသည်။
“အရောင်းအ၀ယ်တွေအားလုံးသတင်းပေးရမယ်ပြောတယ်။အဓိကပြောတာကတော့ဆန်အထွက်နှုန်း ဘယ်လောက်ရှိသလဲသိချငတယ်ပြောတာပဲ။အရင်ဦးပိုင်ကပို့နေတုန်းကဆန်အထွက်မကောက်ဘူးခင်ဗျ။ အခုဆန်အထူးပြုကုမ္ပဏီတွေကိုစပြီးအိတ်စပို့ပေးတယ်။အဲတောက်လျှောက်ပဲဆန်ပါမစ်ကိုဆန်လက်ထဲ လှောင်ထားပြီးသားရှိမှပေးမယ်တို့၊ဘယ်ကနေ၀ယ်ထားလဲတို့အဲဒါတွေမေးလာတယ်”ဟု ဘုရင့်နောင်အခြေစိုက် ဆန်ကုန်သည်က ပြောသည်။
ပြီးခဲ့သည့်မေလ(၇)ရကကလည်းမြန်မာ့ဆန်စပါးရောင်းဝယ်ရေးလောကတွင်စတုတ္ထမြောက်အသင်းအဖြစ် ဖွဲ့စည်းလိုက်သည့်ဆန်စပါးလုပ်ငန်းအသင်းကဆန်ကုန်သည်များကိုအစည်းအဝေးခေါ်ပြီးဆန်စပါး ကုန်စည်စီးဆင်းမှုကိုအသေးစိတ်တင်ပြရန်ညွှန်ကြားကြောင်းသိရသည်။
“ဆန်အထွက်ကိုသိရင်အိတ်စပို့ဘယ်လောက်ပို့ရမယ်ဆိုတာအတိအကျသတ်မှတ်နိုင်အောင်လို့လုပ်တာလို့ ပြောတယ်။ဆန်အချက်အလက်တွေကောက်တာကတော့နှစ်တိုင်းဆန်ဈေးတက်ရင်လုပ်နေကျပါခင်ဗျ”ဟု အဆိုပါဆန်ကုန်သည်ကပြောသည်။
မြန်မာ့ဆန်စပါးအထွက်နှုန်းကိုစိုက်ပျိုးရေးဝန်ကြီးဌာနကကောက်ယူသော်လည်းစာရင်းတိတိကျကျ မရသည်မှာနှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်ပြီးစီးပွားကူးသန်းဝန်ကြီးဌာနစာရင်းများကလည်းမတိကျဟု သိရသည်။
“အရင်ကတော့ဆန်စက်တွေကနေဘယ်လောက်ကြိတ်ခွဲလဲဆိုတာကောက်လိုက်ရင်ဆန်အထွက်ကို ခန့်မှန်းလို့ရတယ်။အတိအကျထုတ်လို့ရသေးတယ်။အခုဟာကဟာလာလို့ခေါ်တာပေါ့ဗျာ။တရားမ၀င် လိုင်စင်မဲ့ဆန်စက်ပေါက်စလေးတွေများလာတယ်။သူတို့ကဘယ်လောက်ကြိတ်ခွဲနေလဲမသိရဘူး။ ဆန်အထွက်အတိအကျဘယ်လောက်ထွက်တယ်ဆိုတာပြောလို့ကိုမရဘူး”ဟု ဆန်စက်လုပ်ငန်းရှင်အသင်း၏အမှုဆောင်ဖြစ်သူကပြောသည်။
ဆန်ကုန်သည်အသင်းကထုတ်သည့်မြန်မာ့ဆန်အထွက်စာရင်းများမှာလည်းစိုက်ပျိုးရေးဝန်ကြီးဌာန၊ စီးပွားကူးသန်းဝန်ကြီးဌာနကိုအခြေခံကောက်ယူထားခြင်းဖြစ်ရာမတိကျဟုသိရသည်။
မြန်မာ့ဆန်စပါးအထွက်နှုန်းမက်ထရစ်တန်ချိန်(၃၂)သန်းရှိပြီးပြည်တွင်းစားသုံးမှုထက်တန်ချိန်(၃)သန်း ပိုလျှံနေသည်ဟုဆန်ကုန်သည်အသင်းစာရင်းများတွင်ပါရှိသည်။
၂၀၀၈ -၂၀၀၉ ဘဏ္ဍာရေးနှစ်တွင်မြန်မာနိုင်ငံကဆန်တန်ချိန်(၇)သိန်းခန့်ပြည်ပတင်ပို့ခဲ့ပြီးယခုနှစ်တွင် ဆန်တန်ချိန်(၁)သန်းကျော်ပြည်ပတင်ပို့ရန်လျာထားပြီးလောလောဆယ်တွင်တလဆန်တန်ချိန်(၅)သောင်း ပြည်ပတင်ပို့ခွင့်ပြုထားသည်။
မြန်မာနိုင်ငံတွင်ဆန်စပါးအသင်းအဖွဲ့(၄)ခုရှိနေပြီး၎င်းတို့မှာမူလဆန်အသင်းများဖြစ်သော ဆန်ကုန်သည်အသင်း၊ဆန်စက်လုပ်ငန်းရှင်အသင်းနှင့်ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ ဖြစ်သည်။ထို့နောက်၂၀၀၉ခုနှစ်တွင်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်ကြီးများဦးဆောင်သောဆန်စပါး အထူးပြုကုမ္ပဏီများတည်ထောင်စေပြီးစတုတ္ထမြောက်ဆန်စပါးလုပ်ငန်းအသင်းကို ဖွဲ့စည်းခဲ့သည်။





Geen opmerkingen: