မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 19 april 2010

ကချင်ပြည်နယ် တိုးတက်ရေးပါတီ စည်းရုံးရေး အရှိန်တိုးမြှင့်

လင်းနိုင်ဦး/ ၁၉ ဧပြီ ၂ဝ၁ဝ
ပြီးခဲ့သည့် ဧပြီလ (၅)ရက်နေ့၌ နေပြည်တော်တွင် ပါတီဖွဲ့စည်းလိုကြောင်း သွားရောက်လျှောက်ထားခဲ့သည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီသည်ယခုအခါစည်းရုံးရေးလုပ်ငန်းများ အရှိန်တိုးမြှင့်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကချင်ပြည်နယ် ဒေသခံများက ပြောသည်။
ကချင်ပြည်နယ်ချီဖွေမြို့နယ်အတွင်းနေထိုင်သူတဦးက“ကျနော်တို့ဆီကိုကချင်ပြည်နယ် တိုးတက်ရေးပါတီကစည်းရုံးရေးမှူးတွေရောက်လာတယ်။သူတို့ပြောတာကဒီရွေးကောက်ပွဲကြီး လုပ်လို့လည်းဒီမိုကရေစီ ရလာမယ်လို့ သူတို့ အာမမခံဘူး။တိုင်းပြည်ရဲ့ပေါ်လစီပြောင်းလာမယ်လို့လည်း မပြောလိုဘူး။ဒါပေမယ့်ကိုယ့်မြို့ကိုယ့်ရွာကိုအုပ်ချုပ်တာကိုယ့်လူမျိုးတွေကပဲအုပ်ချုပ်သင့်တယ်။ ကိုယ့်မြို့ကိုယ့်ကျေးရွာအတွက်ကိုယ်စားလှယ်တွေအနေနဲ့ဆိုရင်လည်းကိုယ့်လူမျိုးတွေကိုပဲ ရွေးချယ်သင့်တယ်။ ဒါမှသာ ကိုယ့်လူမျိုးကောင်းကျိုး၊ ကိုယ့်ရပ်ရွာ ကိုယ့်မြို့နယ် ကောင်းကျိုးတွေ ဆောင်ရွက်နိုင်မယ်ဆိုပြီးစည်းရုံးတယ်။အဲဒီစည်းရုံးရေးအဖွဲ့တွေကျနော်တို့ရွာတင်မက အခြားရွာတွေကိုလည်း ဆက်သွားပြီး စည်းရုံးနေကြတာ တွေ့ရတယ်” ဟု ပြောသည်။
အလားတူစည်းရုံးမှုများမြစ်ကြီးနားမြို့ပေါ်တွင်လည်းရှိနေပြီဖြစ်ကြောင်းမြို့ခံကချင်တိုင်းရင်းသား ခေါင်းဆောင်တဦးကပြောသည်။
၎င်းက “အခုလို ပြည်သူလူထုကို စည်းရုံးရေးဆင်းတာ ကောင်းမွန်တဲ့ အလေ့အထ ဖြစ်တယ်။ တိုင်းပြည်မှာ ဘာဖြစ်နေတယ်၊ ကိုယ့်ပါတီက ဘာတွေ ကောင်းအောင် လုပ်ပေးမယ်၊ ပြည်သူတွေအနေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ပါဆိုပြီး ပြောဆိုတာတွေဟာ ကောင်းမွန်သလို အခြားတဖက်မှာလည်း ပါတီအတွက် စည်းရုံးရေးဆင်းတဲ့သူတွေအနေနဲ့ ပြည်သူလူထုရဲ့ သဘောထားတွေကို ဂရုစိုက်ဖို့ လိုအပ်တယ်” ဟု ပြောသည်။
ပြည်သူလူထုသည်ကချင်ပြည်နယ်အတွင်းအေးအေးချမ်းချမ်းနေထိုင်လုပ်ကိုင်စားသောက်လိုကြပြီး အစိုးရတပ်၊ကေအိုင်အေ၊အန်ဒီအေ(ကချင်)လဆန်အောင်ဝါ စသည့် အဖွဲ့များ၏ အဖွဲ့ဝင်အချို့ ကျေးရွာသားများအပေါ် နိုင့်ထက်စီးနင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မနှစ်မြို့ကြသည့်အတွက် အခွင့်အရေးရခိုက် ကြိုးစားပေးရန်လိုကြောင်း အဆိုပါ ကချင်တိုင်းရင်းသား ခေါင်းဆောင်က ပြောသည်။
မြစ်ကြီးနားမြို့မှ ဝါရင့်နိုင်ငံရေးသမားကြီးတဦးက ကချင်ပြည်နယ် တိုးတက်ရေးပါတီအနေဖြင့် ယခုကဲ့သို့ လူထုကို စည်းရုံးရေး ဆင်းခြင်းမှာ ကောင်းမွန်သော်လည်း စစ်အစိုးရ၏ ၂ဝဝ၈ ဖွဲ့စည်းပုံထဲတွင် သက်ဆိုင်ရာ ကျေးရွာ ရပ်ကွက်အဆင့်၊ မြို့နယ် အာဏာပိုင်အဆင့် အုပ်ချုပ်မည့်သူများကို ပြည်သူများက ရွေးကောက်တင်မြှောက်ပိုင်ခွင့်မရှိဘဲ အစိုးရကသာ ခန့်အပ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ပြည်နယ်အဆင့် ဝန်ကြီးချုပ်ကိုလည်း နိုင်ငံတော်သမ္မတက ခန့်အပ်မည်ဖြစ်သည့်အတွက် ယင်းအချက်များကို သတိပြုမိစေချင်ကြောင်း ပြောသည်။
ကချင်ပြည်နယ်တိုးတက်ရေးပါတီစည်းရုံးရေးဆင်းနေသည့်အချိန်သည် ကေအိုင်အေနှင့် နအဖစစ်တပ်အကြားနယ်ခြားစောင့်တပ်ဖွဲ့ရေးကိစ္စနှင့်ပတ်သက်ပြီးဆက်ဆံရေး တင်းမာနေသည့်အချိန်ဖြစ်သကဲ့သို့ ပြီးခဲ့သည့်ရက်ပိုင်းက မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်း စီမံကိန်း အဆောက်အအုံတို့တွင် ဗုံးများ ပေါက်ကွဲခဲ့သည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ကချင်ပြည်နယ်တိုးတက်ရေးပါတီကိုကေအိုင်အိုအဖွဲ့တွင်ယခင်ကတာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ခေါင်းဆောင်ဟောင်းများ၊ အန်ဒီအေ ကချင်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ခေါင်းဆောင်များ အပါအဝင် ကချင်တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားပြီး အဖွဲ့၏ ထင်ရှားသည့် ခေါင်းဆောင်တဦးမှာ ကေအိုင်အို ဒုတိယ ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာဖြစ်သည်။





Geen opmerkingen: