မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 23 april 2010

နယ်ခြားစောင့်တပ်ကိစ္စကြောင့်ဒီကေဘီအေအတွင်းပေါက်ကွဲမှု ဖြစ်ပေါ်နိုင်

ရဲရင့်/ ၂၃ ဧပြီ ၂ဝ၁ဝ
လာမည့်ဧပြီ(၂၄)တွင်တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)အဖွဲ့သည် နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းမည်ကိုတရားဝင်အသိပေးကြေညာတော့မည်ဖြစ်သောကြောင့် တပ်ဖွဲ့ဝင်များအတွင်းလက်ခံသူနှင့်လက်မခံသူတို့အကြားသွေးထွက်သံယိုမှုများဖြစ်ပွားနိုင်သည်ဟု အဖွဲ့ခေါင်းဆောင်တဦးကပြောသည်။
အဆိုပါဒီကေဘီအေခေါင်းဆောင်က“အသွင်ပြောင်းရင်တော့ပြဿနာကတက်ပြီ။ကျနော်တို့မှာ လက်နက်လူသူအင်အားတပ်ဖွဲ့ဝင်(၅)ထောင်အနည်းဆုံးရှိတယ်။နယ်ခြားစောင့်တပ်ကိုတပ်ရင်း(၃) ရင်းအတွက်အများဆုံးတပ်ဖွဲ့ဝင်အင်အား(၁)ထောင်လောက်ပဲယူမယ်၊ကျန်တဲ့လူတွေရဲ့လက်နက်တွေကို အစိုးရဆီအကုန်အပ်ရမယ်ဆိုတော့ဒီအပေါ်မှာမကျေနပ်တဲ့လူတွေကတပ်ရင်းတပ်ဖွဲ့နဲ့ကိုရှိတယ်ဆိုတော့ အနေအထားကအချိန်မရွေးပေါက်ကွဲဖို့ရှိတယ်”ဟုပြောသည်။
နအဖကယခုအနေအထားသို့ရောက်ရှိလာရန်ဒီကေဘီအေခေါင်းဆောင်ပိုင်းအများစုကို စီးပွားရေးမက်လုံးများဖြင့်သိမ်းသွင်းထားပြီးဖြစ်သည့်အတွက်နအဖအလိုကျလက်ခံခြင်းမှလွဲ၍ အခြားနည်းလမ်းများမရှိတော့ဟုလည်း၎င်းကပြောသည်။
“ခေါင်းဆောင်အများစုကဘားအံ၊မော်လမြိုင်၊ရန်ကုန်လိုနေရာတွေမှာတိုက်နဲ့ကားနဲ့ပြီးတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ဆိုတော့ဘယ်သူမှကိုယ်ကျိုးစွန့်ကြတော့မှာမဟုတ်ဘူး။အခုပြဿနာက အောက်လက်ငယ်သားတွေဒုက္ခရောက်ပြီးဘ၀ပျက်ရမယ့်အနေအထားဖြစ်သွားပြီဆိုတော့ဒီပွဲက အတော်ကြမ်းမယ့်သဘောရှိတယ်”ဟုလည်း ဒီကေဘီအေခေါင်းဆောင်ကဆက်ပြောသည်။
နယ်ခြားစောင့်တပ်အဖြစ်လက်မခံလိုသူများထဲတွင်အဆင့်မြင့်ခေါင်းဆောင်များနှင့်လူငယ်တပ်မှူးအများစုပါဝင်ပြီးလက်နက်အပ်၍အညံ့ခံရမည့်အစီအစဉ်ကိုလက်မခံဘဲတောပြန်ခိုမည့်တပ်ဖွဲ့ဝင်များလည်းရှိသည်။
တပ်ဖွဲ့ဝင်တဦးက“တောထဲကနေမြို့ပေါ်ပြန်ရောက်တာ(၁၅)နှစ်ရှိပြီ။အမျိုးသားရေးအတွက် ဘာမှမလုပ်နိုင်ခဲူ့း။နောက်ဆုံးတော့ပါလာတဲ့လက်နက်တောင်သူတို့ကိုပေးပြီးကိုယ်ကကျွန်ဖြစ်ရမယ့်ဘ၀တော့လက်မခံနိုင်ဘူး။လာရာလမ်းပြန်သင့်ရင်ပြန်ရမှာပဲ။ဒီကေဘီအေမှာလူတိုင်း အချောင်သမားမဟုတ်ဘူး”ဟုပြောသည်။
လက်ရှိအခြေအနေနှင့်ပတ်သက်၍ဒီကေဘီအေဌာနချုပ်သို့တယ်လီဖုန်းဖြင့်ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်းရာဖုန်းပိတ်ထားသဖြင့်ဆက်သွယ်၍မရရှိခဲ့ပေ။
ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်၊ထိုင်းနယ်စပ်အနီးတွင်ရှေ့တန်းရောက်ရှိနေသည်ဒီကေဘီအေ(၉၉၉) တပ်မဟာမှအရာရှိတဦးက“ဒီကိစ္စနဲ့ပတ်သက်ပြီးကျနော်တို့ဆီကိုဘာညွှန်ကြားချက်မှမလာသေးဘူး”ဟု ပြောသည်။
နအဖနှင့်အပစ်ရပ်ထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုနအဖအစီအမံဖြင့် နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းမည့်ကိစ္စကို(ဒီကေဘီအေ)အဖွဲ့သည်ပထမဦးဆုံး လက်ခံခဲ့သည့်အဖွဲ့ဖြစ်သည်။
ကျန်အဖွဲ့များမှာယခုလ(၂၈)ရက်နောက်ဆုံးထား၍အသွင်ပြောင်းပေးရမည်ဟုနအဖကအမိန့်ပေးထားပြီး လိုက်နာခြင်းမရှိသည့်အဖွဲ့များသည်မတရားအသင်းအဖြစ်ကြေညာခံရပြီးစစ်ရေးအရ အရေးယူခံရနိုင်သည်ဟုယူဆနေကြသည်။
နအဖပြောင်းလဲဖွဲ့စည်းပေးမည့်နယ်ခြားစောင့်တပ်တွင်တပ်ရင်းတရင်း၌တပ်ဖွဲ့ဝင်အင်အား(၃၂၆)ဦးဖြစ်ပြီး ၎င်းတပ်ဖွဲ့ဝင်များထဲမှ(၃၀)ဦးမှာနအဖစစ်တပ်မှအရာရှိအရာခံအကြပ်များပါဝင်မည်ဖြစ်သည်။
ယနေ့အထိနယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းရန်ကိစ္စကိုလက်မခံသည့်အပစ်ရပ်အဖွဲ့များမှာမွန်၊၀၊ ကချင်၊ကယန်း၊ရှမ်းနှင့်မိုင်းလားအထူးဒေသ(၄)စသည့်အဖွဲ့များဖြစ်ပြီး အဆိုပါအဖွဲ့များကိုနအဖက စစ်ရေးအရတိုက်ခိုက်ခဲ့ပါကမြန်မာနိုင်ငံတွင်ကြီးမားသည့်ပြည်တွင်းစစ်ကြီးနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်ဟု တိုင်းရင်းသားလက်နက်ကိုင်(၈)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့်အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)အဖွဲ့၏ အထွေထွေအတွင်းရေးမှူး မိုင်းဘုန်းကျော်က ခေတ်ပြိုင်သို့ ပြောကြားသည်။





Geen opmerkingen: