မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 20 april 2010

ဗုံးပေါက်ကွဲသတင်း ကျယ်ပြန့်ရန် နအဖ လုပ်ဆောင်နေ

NEJ/ ၂၀ ဧပြီ ၂ဝ၁ဝ
နအဖစစ်အစိုးရသည်လူ(၈)ဦး သေဆုံးပြီး (၁၇ဝ)ကျော်ဒဏ်ရာရခဲ့သည့်ဧပြီ(၁၅)သင်္ကြန်ဗုံးကွဲမှုသတင်းကို ကျယ်ပြန့်သည်ထက်ကျယ်ပြန့်အောင်လုပ်ဆောင်နေပြီးယင်းကဲ့သို့လုပ်ဆောင်ချက်နောက်ကွယ်တွင် ရည်ရွယ်ချက်တစုံတရာရှိနိုင်ကြောင်းပြည်တွင်းစာနယ်ဇင်းအသိုင်းအဝိုင်းနှင့်ရန်ကုန်မြို့ခံများက သုံးသပ်နေကြသည်။
ပြည်တွင်းဂျာနယ်အယ်ဒီတာတဦးက“ကျနော်တို့ဂျာနယ်ကသင်္ကြန်မတိုင်ခင်ကတည်းကစာမူတဝက်ကို တင်ထားရတယ်။ကျန်တာကိုဒီရက်ပိုင်းတင်ရမယ်။အဲဒါဂျာနယ်တိုက်ကိုစာပေစိစစ်ရေးရုံးက အကြောင်းကြားတယ်။နောက်ထပ်တင်မယ့်စာမူတွေအပြင်ဗုံးကွဲတဲ့သတင်းတွေထည့်ချင်တယ်ဆိုရင် စာမျက်နှာတိုးပြီးခွင့်ပြုပေးမယ်။နောက်အချိန်မီစိစစ်ပေးမယ်။မျက်နှာဖုံးမှာတင်ချင်ရင်လည်း ခွင့်ပြုပေးမယ်ဆိုပြီးပြောတယ်၊ဒီလိုအကြောင်းကြားတာ။သင်္ကြန်အပြီးထွက်မယ့်ဂျာနယ် အားလုံးလိုလိုလောက်ကိုပဲ။ကြည့်ရတာဂျာနယ်တိုင်းလိုလိုမှာဗုံးကွဲတဲ့သတင်းကိုပါစေချင်ပုံရတယ်။ဒါဟာ အထက်စစ်အာဏာပိုင်တွေကညွှန်ကြားတာဖြစ်ပြီးနောက်ကွယ်မှာရည်ရွယ်ချက်တခုခုရှိပုံရတယ်”ဟု ပြောသည်။
အလားတူအခြားဂျာနယ်အယ်ဒီတာတဦးကလည်းသင်္ကြန်အပြီးလက်ရှိအချိန်ထိမြန်မာတိုင်းမ်၊ လျှပ်တစ်ပြက်၊ဝီးကလီးအလဲဗင်း၊ပေါ်ပြူလာစသည့်သတင်းဂျာနယ်(၄)စောင်ထွက်ပြီး(၃) စောင်၏မျက်နှာဖုံးမှာဗုံးကွဲသည့်သတင်းဖြစ်ကာလျှပ်တစ်ပြက်ဂျာနယ်တွင်မူထူးထူးခြားခြားသေဆုံး၊ ဒဏ်ရာရသည့်လုံခြုံရေးဝန်ထမ်းများကိုနာမည်နှင့်တကွဖော်ပြထားကာ၎င်းတို့အနက်အမှတ်(၄)စစ်ဒေသ စစ်ဒေသမှူးကြီးအုံးချို၏နာမည်ကိုဖော်ပြထားခြင်းသည်အလွန်ထူးခြားသည်ဟုပြောကြားသည်။
ပြီးခဲ့သည့်အနှစ်(၂ဝ)ကျော်၈၈အရေးအခင်းကာလတွင်တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ၏ တာဝန်ပေးချက်အရသတင်းစုဆောင်းရေးနှင့်အဖျက်အမှောက်လုပ်ငန်းကိုကိုယ်တိုင်လုပ်ကိုင်ခဲ့သူယခု အသက်(၆ဝ)ကျော်အရွယ်ဗိုလ်မှူးဟောင်းတဦးကအကယ်၍ယခုဗုံးကွဲမှုကိုစစ်အစိုးရကသာ အကောင်အထည်ဖော်သည်ဆိုပါကအောက်ခြေအဆင့်အာဏာပိုင်များမဆိုထားနှင့် တိုင်းမှူးအဆင့်လောက်ကပင် မသိနိုင်ကြောင်း ပြောဆိုသည်။
၎င်းက“အခုဗုံးကွဲမှုမှာလုံခြုံရေးအဖွဲ့ဝင်တွေသေကြေထိခိုက်ဒဏ်ရာရတာကိုဖုံးကွယ်မထားဘဲ ကျယ်ကျယ်ပြန့်ပြန့်ဝါဒဖြန့်နေတာကိုကြည့်ရင်အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကအခုဗုံးကွဲ ကျူးလွန်သူတွေဟာသူတို့အစိုးရကိုမလိုလားတဲ့သူတွေအဖြစ်ပုံပေါ်စေချင်တာထင်ရှားတယ်။မကြာခင် ဆန့်ကျင်ဘက်အင်အားစုတွေကိုစွပ်စွဲ၊ဖမ်းဆီး၊အရေးယူတာတွေလုပ်လာနိုင်တယ်”ဟုပြောသည်။
စစ်အစိုးရအာဏာပိုင်များသည်ဗုံးကွဲသတင်းကိုဂျာနယ်များတွင်ဖော်ပြခွင့်ပေးနေသကဲ့သို့မသင်္ကာသူ ဖမ်းဆီးရမိရန်ကူညီနိုင်ပါကဆုငွေကျပ်(၁ဝ)သိန်းပေးမည့်ကြော်ငြာစာရွက်များကိုရန်ကုန်မြို့လယ် လမ်းဆုံလမ်းခွများတွင်လိုက်လံကပ်ထားကြောင်းမြို့ခံများကပြောသည်။





Geen opmerkingen: