မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 19 april 2010

နယ်ခြားစောင့်တပ် လက်မခံရသည့်အကြောင်း ကေအိုင်အို လူထုအား အသိပေးပြောကြား

ခိုင်လင်း/ ၁၉ ဧပြီ ၂ဝ၁ဝ

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စများနှင့်ပတ်သက်၍ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို) က လူထုအားအသိပေးရှင်းလင်းသည့်အခမ်းအနားတခုကိုကေအိုင်အိုဗဟိုဌာနချုပ်ရှိရာလိုင်ဇာမြို့တွင် ယခုလ (၁၆) ရက်၌ ပြုလုပ်ခဲ့သည်။
ကေအိုင်အိုနှင့်နအဖအကြားနှစ်ဘက်တွေ့ဆုံဆွေးနွေးချက်များ၊ကေအိုင်အိုဘက်ကတင်ပြထားချက်များ၊ နအဖဘက်ကကမ်းလှမ်းထားချက်များနှင့်အပစ်ခတ်ရပ်စဲရေးစာချုပ်တို့ကိုနံရံကပ်စာစောင်ဖြင့် ပြသထားသကဲ့သို့ကေအိုင်အိုအထွေထွေအတွင်းရေးမှူးဒေါက်တာလဂျာကကချင်ဘာသာဖြင့်ပြောကြားပြီး တွဲဖက်အတွင်းရေးမှူးက မြန်မာဘာသာပြန်၍လည်းကောင်း၊ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကမြန်မာ၊ကချင်နှစ်ဘာသာဖြင့်လည်းကောင်းနယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းသွားခဲ့သည်ဟုအခမ်းအနားတက်ရောက်ခဲ့သူ ကေအိုင်အို အုပ်ချုပ်ရေး အရာရှိတဦးက ပြောသည်။
၎င်းက “အရပ်သားတွေ၊ ကေအိုင်အိုဌာနဆိုင်ရာအရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေ (၁,ဝဝဝ) ကျော်လောက် တက်တယ်။ မေးမြန်းချင်တာရှိရင် ပြန်မေးလို့ ဖိတ်ခေါ်တယ်။ ကချင်လိုကော၊ မြန်မာလိုကော အကျယ်တဝင့် ရှင်းသွားတယ်။ ပြီးတော့ နံရံကပ်စာစောင်မှာလည်း သူတို့ရှင်းလင်းပြောပြတာတွေကို ထုတ်ပြထားတယ်။နယ်ခြားစောင့်တပ်ကိုဘယ်လိုဖွဲ့စည်းမယ်၊လစာနဲ့ရိက္ခာဘယ်လိုထုတ်ပေးမယ် ဆိုတာကအစရေးထားတယ်။အခုလိုရှင်းပြလိုက်တော့လူထုတွေအနေနဲ့ကေအိုင်အိုက နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိုဘာကြောင့်လက်မခံသေးသလဲဆိုတာသိခွင့်ရပါတယ်”ဟု ပြောသည်။
အပစ်ခတ်ရပ်စဲရေးစာချုပ်တွင် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စ မပါဝင်ပုံ၊ နောင်တက်လာမည့် အစိုးရနှင့်သာ နိုင်ငံရေးကိစ္စဆွေးနွေးရန် နအဖဘက်က၂ဝဝ၈ ခုနှစ်အထိ တစိုက်မတ်မတ်ပြောလာခဲ့ပုံ၊ အမျိုးသားညီလာခံအတွင်း ကေအိုင်အိုအဖွဲ့၏ တင်ပြချက်များ အလေးထား မခံခဲ့ရပုံ အပါအဝင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး နှစ်ဖက်ဆွေးနွေးချက်များကို ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က အခမ်းအနားတွင် ပြောကြားခဲ့သည်။
၎င်းက“ကျနော်တို့ နှစ်ဖက်ဆွေးနွေးနေတာ (၁၅)ကြိမ်ရှိပါပြီ။(၁၅)ကြိမ်စလုံးမှာ တပ်မတော်အစိုးရက ကျနော်တို့ကို ပြောနေတာကတော့ဘီဂျီအက်ဖ်ကို လက်ခံရေးပဲဖြစ်တယ်။အဲဒီ(၁၅)ကြိမ်စလုံးမှာ ကေအိုင်အို ပြန်ပြောနေတာကဘီဂျီအက်ဖ်မဟုတ်ဘဲနဲ့ တခြားသောနည်းလမ်းနဲ့ကျနော်တို့ရဲ့ ပြဿနာကို ဖြေရှင်းရေးဖြစ်ပါတယ်” ဟု ပြောသည်။
ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန်နအဖကယခုလ (၂၈)ရက် နောက်ဆုံးရက် သတ်မှတ်ထားပြီး သူတို့အနေဖြင့် ပြည်ထောင်စုတပ်မတော်အတွင်းတိုင်းရင်းသားတပ်ဖွဲ့အနေဖြင့်သာ အသွင်ပြောင်းလိုကြောင်းယခုလ(၁၅)ရက်ကဒု-ဗိုလ်ချုပ်ကြီးရဲမြင့်ထံစာရေးတင်ပြကမ်းလှမ်းထားသည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။
ယခုရှင်းလင်းပွဲတွင်ကေအိုင်အိုအဖွဲ့ကနယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိုအဘယ်ကြောင့် လက်မခံခြင်းဖြစ်ကြောင်းလူထုအားအသိပေးပြောကြားကာနအဖဘက်မှတဖက်သတ် လုပ်ဆောင်နေမှုများကိုလည်း ရှင်းလင်းပြခဲ့ကြောင်း စစ်ရေးအကဲခတ်တဦးက ပြောသည်။
၎င်းက “လျှို့ဝှက်ထားတဲ့ သူတို့ရဲ့ အပစ်ရပ်စာချုပ်တွေ၊ နအဖဆီကို ရေးတဲ့စာတွေ လူထုကို ပြသလာတာကနအဖကတဖက်သတ် အကျပ်ကိုင် ဆောင်ရွက်နေတာတွေကို သည်းမခံနိုင်တာလည်းပါတယ်။တဖက်ကသူတို့ ရပ်တည်ချက်မှန်တယ်ဆိုတာကို လူထုကို ရှင်းပြချင်တယ်။ တချိန်တည်းမှာ လူထုရဲ့ထောက်ခံမှုကို ရယူချင်တာလည်း ဖြစ်တယ်” ဟု ပြောသည်။





Geen opmerkingen: