မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 15 juli 2011

ဆရာကြီးဦးဝင်းတင်နှင့်စာပေရေးရာခဏတဖြုတ်

ဧရာဝတီ Friday, 15 July 2011 15:27 အင်တာဗျူး
.မြန်မာနိုင်ငံစာပေစိစစ်နှင့်မှတ်ပုံတင်ဌာနကဂျာနယ်နှင့်မဂ္ဂဇင်းအမျိုးအစားတချို့စိစစ်ရေးကြိုတင်စရာ မလိုဘဲထုတ်ဝေခွင့်ပေးကာမူဝါဒဖြေလျှော့ပြီးနောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သောသတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင်၏စာအုပ်များကိုလည်း ပြန်လည်ထုတ်ဝေနိုင်ရန်ထုတ်ဝေသူတချို့ကကြိုးပမ်းခဲ့ကြသည်။ဦးဝင်းတင်ရေးသားခဲ့သောကွိ၊ ဥတ္တရအလင်း၊ကမ္ဘာနီတွင်တဒင်္ဂ၊အလှရှာပုံတော်၊ခြေမှာစကားလက်ဖျားကဗျာမျက်နှာဇာတ်လမ်းနှင့် စနေစာပေဝိုင်းစာတမ်းများကိုပြန်လည်ထုတ်ဝေခွင့်ရထားသည်။၁၉၅၀ဝန်းကျင်မှစ၍ စာနယ်ဇင်းလောကသို့ ဝင်ရောက်ခဲ့သောဦးဝင်းတင်သည်မောင်ဝန်ဇင်း၊ပေါ်သစ်၊ ပြည်စိုး၊ဝင်းထင်၊ပုည၊ ဝင်းဆွေ၊သုတေသီ၊ အယ်ဒီတာတဦးဟူ၍ ကလောင်ခွဲများဖြင့် စာပေများ ရေးသားခဲ့သည်။
                                                                         ဦးဝင်းတင်(ဓာတ်ပုံ-burmavoices.com)
၁၉၇၈တွင်ဦးဝင်းတင်ဦးဆောင်သောစနေစာပေဝိုင်းကမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဝေဖန်သောကြောင့်ဟံသာဝတီသတင်းစာတိုက်အပိတ်ခံရပြီးဦးဝင်းတင်လည်းအယ်ဒီတာချုပ်ရာထူးမှ ဖယ်ရှားခံရသည်။၂၀၀၈ခုနှစ်စက်တင်ဘာတွင်ထောင်မှလွှတ်ပေးပြီးနောက် “ဘာလဲဟဲ့ လူ့ငရဲ”စာအုပ်ကို နောက်ဆုံး ရေးသားထုတ်ဝေထားသည်။ ပြန်လည်ထုတ်ဝေမည့် စာအုပ်များနှင့် ပတ်သက်၍ ဦးဝင်းတင်၏ သဘောထား၊စာပေစိစစ်ရေးနှင့် လက်ရှိထုတ်ဝေခွင့်ရမှုအပေါ်အမြင်၊လွန်ခဲ့သောဆယ်စုနှစ်များက ထုတ်ဝေခဲ့သည့်စာအုပ်များဆန်းသစ်မှုနှင့်ယနေ့ခေတ်လူငယ်စသည်တို့ကိုဧရာဝတီသတင်းထောက် ခက်ထန်က ဦးဝင်းတင်နှင့် ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ဆရာကြီးရေးခဲ့တဲ့စာအုပ်တွေပြန်ထုတ်မယ်လို့သိရပါတယ်။ဘယ်စာအုပ်တွေ ပြန်ထုတ်ဖြစ်မယ်ဆိုတာ သိပြီလားခင်ဗျ။ ထုတ်ဝေသူတွေကရော။
ဖြေ ။ ။သိပါတယ်။ကျနော်လည်းစာအုပ်များများမရေးဖူးပါဘူး။ရေးဖူးသလောက်ပေါ့ဗျာ၊“ကမ္ဘာနီတွင်တဒင်္ဂ” တို့၊“အလှရှာပုံတော်”တို့၊“ကွိ”တို့၊ “ဥတ္တရအလင်း”တို့ အဲလိုစာအုပ်တွေပေါ့ဗျာ။ထုတ်ဝေသူတွေကပုဂံတို့၊ နေရီရီတို့ ပါပဲ။
မေး။ ။ဆရာကြီးရဲ့မြန်မာဇာတ်သဘင်ဥရောပခရီးစာအုပ်ဖြစ်တဲ့“ခြေတွင်စကား၊လက်ဖျားကဗျာ၊မျက်နှာ ဇာတ်လမ်း” ရော ပြန်ထုတ်မယ့်အထဲ ပါမလား။
ဖြေ ။ ။ အဲဒါလည်း ပြန်ထုတ်မယ်ဗျ။
မေး။ ။ စာအုပ်တွေ ပြန်ထုတ်မယ်ဆိုတော့ စာပေစိစစ်ရေးကို တင်ရမယ်လို့ ထင်ပါတယ်။
ဖြေ ။ ။ဟုတ်ကဲ့တင်ရမယ်လို့ထင်ပါတယ်။သူတို့ထုတ်ဝေသူတွေလုပ်ကြတာပဲဗျ။ကျနော်တော့ဘာမှ မလုပ်ဘူး။ကလေးတွေကလာပြီးတော့ဒီစာအုပ်တွေထုတ်ချင်တယ်ပြောတယ်၊အဲဒီတော့ထုတ်ပေါ့လို့၊ ကျနော်ကတော့စာရေးတဲ့လူပေါ့ဗျာ၊လူဟောင်းအနေနဲ့ထုတ်လည်းကောင်းတာပေါ့ဗျာ။ကျနော် နှစ်ပေါင်း ၅၀လောက်ကရေးထားတဲ့ဟာတွေကိုပြန်ထုတ်ချင်တယ်ဆိုတော့ကျနော်ကတော့ဝမ်းသာတယ် ခေါ်ရမှာပေါ့။ဒီစာအုပ်တွေကမဟုတ်ရင်ပျောက်ပြယ်သွားတော့မှာ။ထုတ်တဲ့လူရှိတော့ဖတ်တယ်လူ ရှိတယ်ပေါ့ဗျာ။
မေး။ ။စာအုပ်တွေပြန်ထုတ်မယ်ဆိုတော့ပြန်တည်းဖြတ်ချင်တာများရှိသလား၊ဒီအတိုင်းပဲ ပြန်ထုတ်ချင်သလားခင်ဗျ။
ဖြေ။ ။ကျနော်တော့ဘာမှမလုပ်တော့ဘူးဗျ။တည်းဖြတ်တာတွေဘာတွေမလုပ်တော့ဘူး။ကလေးတွေကိုပဲ ပေးလိုက်တာပဲဗျ။ ကလေးတွေကပဲ သူတို့ဟာသူတို့ စီစဉ်ပြီးထုတ်မှာပေါ့။ကျနော်တော့ တည်းဖြတ်တာတွေ မလုပ်တော့ပါဘူး။
မေး။ ။အကယ်၍ စာပေစိစစ်ရေးက ဖြတ်တောက်ခိုင်းတယ်ဆိုရင်ရော ဆရာကြီးအနေနဲ့ ထုတ်ဝေသူတွေကို ဘယ်လို ပြောချင်တာ ရှိလဲ။
ဖြေ။ ။ဖြတ်တောက်ခိုင်းတာတော့သိပ်တော့လုပ်လိမ့်မယ်မထင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ဒါ အဟောင်းတွေကိုး။ အဟောင်းတွေဆိုတော့ ဖြတ်တောက်တာလုပ်လိမ့်မယ်လို့ကျနော်တော့ သိပ်မထင်ဘူး။
မေး။ ။တချို့စာအုပ်တွေဆိုဒီခေတ်လူငယ်တွေမမွေးခင်တုန်းကစာအုပ်တွေပေါ့။ဒီစာအုပ်တွေကို ပြန်ထုတ်မယ်ဆိုတော့လူငယ်တွေစိတ်ဝင်စားနိုင်မယ်၊ဒီစာအုပ်တွေထဲကနေလူငယ်တွေကိုပေးချင်တဲ့ မက်ဆေ့ခ်ျတွေ ရှိတယ်လို့ ထင်သလားခင်ဗျ။
ဖြေ။ ။ကျနော်ကတော့လူငယ်တွေစိတ်ဝင်စားခြင်းမဝင်စားခြင်းဆိုတာထက်လူငယ်တွေ ဖတ်ဖြစ်သွားစေချင်တာပေါ့။
မေး။ ။လူငယ်တွေအသိများနေတာက“ကွိ”ပေါ့။ ဂျာနယ်လစ် ဖြစ်ချင်တဲ့ လူငယ်တွေလည်း ရှာဖတ်ကြတယ်။ အခုဒီစာအုပ်ကိုပြန်ထုတ်ပြီလို့သိရတယ်။မျိုးဆက်သစ်ဂျာနယ်လစ်တွေကို“ကွိ”နဲ့ပတ်သက်လို့ ဘာပြောချင်တာ ရှိပါသလဲ။
ဖြေ ။ ။ “ကွိ”နဲ့ ပတ်သက်လို့ပြောချင်တာကဒီလိုဗျ၊အမှန်အတိုင်းပြောရရင်“ကွိ”နဲ့ ပတ်သက်လို့ ချီးကျူးပြီးတော့ မပြောချင်ပါဘူး။“ကွိ”ကဟိုတုန်းကတော့၂ကြိမ်ထုတ်ခဲ့ဖူးတယ်ပေါ့ဗျာ။ ဂျာနယ်ကျော် မမလေးကလည်း အကောင်းရေးထားတဲ့ စာအုပ်ပေါ့။ဒီစာအုပ်နဲ့ပတ်သက်လို့ သိပ်အများ ပြောစရာရှိလှမယ်တော့မထင်ပါဘူး။သို့သော်ဒီစာအုပ်ကနှစ်ကြိမ်လောက်ထွက်ထားတဲ့ အထဲမှာ လူတွေလည်း တော်တော်ဖတ်ဖူးကြတယ်။ အခုထုတ်မယ့် စာအုပ်တိုက်ကလည်းပုဂံတိုက်ဆိုတော့ ကောင်းကောင်းမွန်မွန် ထွက်လာပါမယ်။
မေး။ ။ ဆရာကြီးရေးထားတဲ့ ဆောင်းပါးတွေလည်း ရှိသေးတယ်။“ပေါ်သစ်”ကလောင်အမည်နဲ့လည်း ရေးထားတာတွေ ရှိတယ်၊ အဲဒီဆောင်းပါးတွေ စုပြီး ပြန်ထုတ်ဖို့ ရှိလား။
ဖြေ။ ။ လိုက်စုပြီးတော့ထုတ်ဖို့လုပ်နေတယ်။ဆိုပါတော့…ခရီးသွားစာပေလိုဟာမျိုးကိုကဗျာဆရာ နီလုံဦးက ထုတ်လိမ့်မယ်။ နောက်တခါကျနော့်ရဲ့တချို့ဆောင်းပါးတွေကိုစုပေါင်းပြီးထုတ်ဖို့ပဲနီလုံဦးက လုပ်နေတယ်။
မေး။ ။ အသက်အရွယ်နဲ့ ကျန်းမာရေးအရ စာတွေ ဆက်ရေးဖို့ စိတ်ကူးရှိသေးလား။
ဖြေ။ ။ကျနော်ကတော့စာရေးနိုင်ရင်တော့ရေးချင်တယ်ဗျ။သို့သော်ကျန်းမာရေးအခြေအနေက သိပ်မပေးတော့ဘူး။ခုတောင်ခပ်ယိုင်ယိုင်ပဲ၊ အိပ်ယာထဲ လှဲနေရတဲ့အနေအထား ရောက်နေပြီ။ ကျန်းမာရေး မကောင်းလို့ ပါတီက ခွင့်ယူပြီးနေတာကို ၂ လလောက် ရှိသွားပြီ။
မေး ။ ။ စာပေစိစစ်ရေး မူဝါဒနဲ့ ပတ်သက်လို့ အစိုးရက မူဝါဒ နည်းနည်းဖြေလျှော့ပြီး သတင်းဂျာနယ်တွေက လွဲရင် ကျန်စာစောင်တွေကို စိစစ်ရေးတင်စရာမလိုဘဲ ထုတ်ပြီးမှတင်ပြတဲ့(ထုတ်တင်)စနစ်ကို လုပ်ခဲ့တယ်။ အဲဒီအပေါ်ရော ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ကျနော့်အမြင်ကတော့ထုတ်တင်တွေ၊တင်ထုတ်တွေလုပ်နေမယ့်အစားစာပေစိစစ်ရေး ဖျက်သိမ်းပစ်လိုက်တာအကောင်းဆုံးပဲလို့ထင်တယ်။ဘာလို့လဲဆိုတော့ဒီမိုကရေစီလိုလားတဲ့ ကျနော်တို့ဘက်ကကြည့်ရင်စာပေစိစစ်ရေးဆိုတာဖျက်သိမ်းပစ်တာအကောင်းဆုံးပဲလို့ထင်တယ်။ ဒီမိုကရေစီ အစိုးရလို့ ပြောချင်ရင် သူတို့လည်း စာပေစိစစ်ရေးလိုဟာမျိုးကိုဖျက်သိမ်းပစ်ဖို့ ကောင်းတယ်လို့ အဲလိုပဲ ကျနော် ပြောချင်ပါတယ်။
မေး။ ။၁၉၇၇-၇၈ လောက်တုန်းက ဆရာကြီးတို့ မန္တလေးမှာ ဟံသာဝတီ စနေ စာပေဝိုင်းတွေ လုပ်ခဲ့တယ်။ စာတမ်းတွေ ဖတ်တယ်၊ ထုတ်ဝေတယ်။ အဲဒီမှာရော ဆရာကြီး ဖတ်ဖြစ်တဲ့ စာတမ်းတွေ ရှိပါသေးသလား။
ဖြေ ။ ။ ခရီးသွားစာတမ်းဆိုပြီးတော့ စာတမ်းတစောင် ပါပါတယ်။ အဲဒါကို ပြန်ထုတ်ဖို့ လုပ်နေပါတယ်။
မေး။ ။၁၉၇၈ မှာစနေစာပေဝိုင်းကနေ မဆလကို ဝေဖန်တဲ့ စာတမ်းဖတ်ကြလို့ ဆရာကြီးလည်း ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ကနေ အလုပ်ပြုတ်ခဲ့တယ်နော်။ အဲဒီတုန်းက ဖတ်တဲ့ စာတမ်းအကြောင်း ပြောပါဦး။
ဖြေ။ ။ဒီလိုဗျ။ကျနော်ပြုတ်သွားတဲ့ကိစ္စကဒီလို။သိန်းဖေမြင့်ကအဲဒီအချိန်မှာသေတယ်ဗျာ။ သိန်းဖေမြင့်သေတော့ကျနော်ကသဘာပတိလုပ်ပြီးတော့သိန်းဖေမြင့်-သတင်းစာဆရာ ဆိုတာကို သဘာပတိအနေနဲ့စာတမ်းဖတ်တယ်ပေါ့ဗျာ။နောက်ပြီးတော့သခင်ကျော်စိန်ကသိန်းဖေမြင့်-နိုင်ငံရေးသမား ဆိုပြီးတော့ စာတမ်းဖတ်တယ်။နောက်တယောက်ကသိန်းဖေမြင့်-စာရေးဆရာဆိုပြီး စာတမ်းဖတ်တယ်။ အဲဒီစာတမ်း ၃ စောင်က ရှာတော့ရှာတုန်းပဲဗျ။ လိုက်ရှာနေတယ်။ အခုထိတော့ မတွေ့သေးဘူး ဖြစ်နေတယ်။ ဒီစာတမ်းလည်း ကျနော်က ထုတ်ချင်တယ်လေ။
မေး။ ။စာအုပ်တွေပြန်ထုတ်မယ်၊စာပေစိစစ်ရေးကလည်း ခွင့်ပြုတယ်ဆိုတော့ စာနယ်ဇင်း အလားအလာကို ဘယ်လို မြင်သလဲခင်ဗျ။
ဖြေ ။ ။ ကျနော်တို့လည်း လူကြီးတွေ၊ အဖိုးကြီးတွေ ဖြစ်နေပြီပေါ့ဗျာ။ ကျနော်တို့ စာတမ်းတွေကလည်း ပြောသာပြောတယ်၊ သိပ်ပြီး ထက်ထက်မြက်မြက်ကြီး မဟုတ်ပါဘူး။ ရေးကြသားကြ လုပ်ကြကိုင်ကြ အဲဒီခေတ်တုန်းက လုပ်တာပါပဲ။ သူတို့ကလည်း အဲဒါတွေကို တွက်မိပုံရပါတယ်။ ကျနော်တို့ပြောတဲ့ စာတမ်းတွေထဲမှာ သိပ်ပြီး ထူးထူးခြားခြားလည်း မရှိလှဘူးလို့ သူတို့ကတွက်လို့ပဲ ဖြစ်မှာပါ။ သူတို့လုပ်တာ လွန်ကဲတာ တခုက သူတို့က လူအနေနဲ့ လုပ်တာမဟုတ်ဘူး၊ နာမည်အနေနဲ့ လုပ်ပြီးတော့ အကုန်လုံး ဖြတ်တောက်ပြီးတော့ ပိတ်ဆို့လုပ်တာ။ ဒါပါပဲ။
မေး ။ ။ကဗျာဆရာကြီး ဦးတင်မိုးဆိုရင်လည်း သူကွယ်လွန်မှ သူ့စာတွေ ပြည်တွင်းမှာ ပြန်ဖော်ပြခွင့်ရတယ်။ ဒီလိုအပေါ်ကိုရော အပြုသဘော မြင်ပါသလား။
ဖြေ ။ ။မြင်ပါတယ်။ကိုတင်ကိုမိုးကိုလည်းခုနကျနော်ပြောခဲ့သလိုပဲနာမည်နဲ့ပိတ်တာပါပဲ။ကိုတင်မိုး ရေးတာမှာလည်းထူးခြားတဲ့အချက်တွေပါတယ်၊ထူးခြားတဲ့ကဗျာတွေပါတယ်။ဒါပေမယ့်သူ့တို့ကို သိပ်ပြီးတော့ ထိခိုက်တယ်လို့ မထင်တဲ့ဟာမျိုးကို ခွင့်ပြုလိုက်တာပါပဲ။ သူတို့ကို ထိခိုက်တဲ့ စာမျိုးကျတော့ မလွှတ်နိုင်ဘူး ထင်ပါတယ်။
မေး။ ။စာအုပ်တွေကထုတ်ခဲ့တာကြာပြီ၊ဆယ်စုနှစ် ချီနေပြီ၊ ဆိုတော့ ဒီအတောအတွင်းမှာ ကိုယ့်စာအုပ်တွေ ကိုယ်ပြန်ဖတ်ဖြစ်သေးပါသလား။
ဖြေ။ ။မဖတ်ဖြစ်ဘူးဗျ။ထောင်ထဲမှာနေတုန်းမှာလုံးဝပိတ်ထားတာဆိုတော့မဖတ်ဖြစ်ဘူး။အခုလည်း ကျနော်ကကျနော့်စာအုပ်တွေကိုထုတ်မယ်ဆိုပြီးတော့လူတွေကအူယားဖားလျားနဲ့လာပြီးတော့ ပြောဆိုနေတာကိုး။ ကျနော့်အနေနဲ့ ထူးထူးခြားခြား မဖတ်ဖြစ်ဘူး။အဲဒီစာအုပ် ထုတ်ချင်တယ်ဆို ရှာလာရင် လက်မှတ်ထိုးပေးလိုက်တာပါပဲ။ အခုနှစ်ပေါင်းအတော်ကြာပြီးတဲ့ အခါကျမှပဲ ကျနော့်စာအုပ်တွေကို ကျနော် ပြန်ပြီးဖတ်ရတော့မှာပဲလို့ ကျနော် ထင်တယ်ခင်ဗျ။
မေး။ ။နောက်ဆုံးအနေနဲ့မေးချင်တာကတော့အရင်ကပေါ်သစ်၊မောင်ဝန်ဇင်း၊ပုည၊ဝင်းဆွေ ကလောင်အမည်တွေနဲ့ ရေးခဲ့တာတွေကိုလည်း အရင်ကလောင်အတိုင်း ပြန်ထုတ်ဖြစ်မလား၊ ဦးဝင်းတင် အမည်နဲ့ ပြောင်းထုတ်ဖြစ်မလား။
ဖြေ ။ ။ အရင်အတိုင်းပဲ ထုတ်မှာပါ။ နာမည် မပြောင်းပါဘူးခင်ဗျ။

Geen opmerkingen: