မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 26 juli 2011

၁ဒေါ်လာ၆ကျပ်သာရှိသောငွေလဲနှုန်းပြင်မည်

ဧရာဝတီ Tuesday, 26 July 2011 17:59
.အမေရိကန်၁ဒေါ်လာလျှင်မြန်မာငွေ၆ကျပ်နှုန်းသတ်မှတ်ထားသောငွေလဲနှုန်းကိုတရားဝင်ပြင်ဆင်သတ် မှတ်ပြောင်းလဲသွားမည်ဟုမြန်မာအစိုးရသစ်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၀န်ကြီးဦးလှထွန်းက ပြောဆိုလိုက်သည်။
နေပြည်တော်တွင်ဇူလိုင်လ၂၂ရက်နေ့ကကျင်းပပြုလုပ်သောဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနဘဏ်များ ကြီးကြပ်ရေးကော်မတီနှင့်မြန်မာနိုင်ငံဘဏ်များအသင်းအမှုဆောင်အဖွဲ့၏အကြိမ်၁၃၀မြောက် အစည်းအဝေးတွင်ဦးလှထွန်းကထိုသို့ပြောဆိုခြင်းဖြစ်ကြောင်းဇူလိုင်လ၂၃ ရက်နေ့ထုတ်အစိုးရသတင်းစာများတွင် ဖော်ပြပါရှိသည်။
“နိုင်ငံခြားငွေကြေးလဲလှယ်ရောင်းဝယ်ရာမှာမိမိနိုင်ငံအတွက်အကျိုးရှိပြီးတည်ငြိမ်တဲ့ငွေလဲလှယ်နှုန်းသတ် မှတ်  ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်”ဟု ဦးလှထွန်းက ပြောသည်။
ငွေလဲလှယ်နှုန်းပြောင်းလဲပြင်ဆင်သတ်မှတ်ရေးနှင့်ပတ်သက်ပြီးအစိုးရကကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏အမြင်များတောင်းခံခဲ့သည်ဟုပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင် တဦးကဆိုသည်။
“အခုနောက်ပိုင်းအစိုးရဘက်ကတခုခုလုပ်တော့မယ်ဆိုရင်စီးပွားရေးသမားတွေနဲ့ကုန်သည်တွေကိုအစည်းအ ဝေးခေါ်ပြီးအကြံဥာဏ်တောင်းတာတွေလုပ်တယ်။အခွန်ကိစ္စ၊ငွေလဲနှုန်းကိစ္စနဲ့တခြားမူဝါဒဆိုင်ရာ ကိစ္စတွေမှာကုန်သည်တွေရဲ့အမြင်ဘယ်လိုရှိသလဲဆိုတာတွေထည့်တွက်လာတယ်။ ဒါပေမယ့် အမြင်တောင်းနေရုံ၊အကြံဉာဏ်တောင်းရုံနဲ့တော့မပြီးဘူး။ဒီအမြင်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့လည်း လိုပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ လုပ်ငန်းရှင်တဦးကလည်း အစိုးရက ငွေလဲနှုန်း ပြင်ဆင်သတ်မှတ်မည် ဆိုပါက အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၉၀၀ နှင့် ၁၀၀၀ ကြားတွင် ပြောင်းလဲပြင်ဆင် သတ်မှတ်သင့်သည်ဟု သက်ဆိုင်ရာအစိုးရ အာဏာပိုင်များထံ တင်ပြထားကြောင်း ပြောသည်။
“အစိုးရဘက်ကဘယ်လိုသတ်မှတ်မလဲတော့မသိဘူး။ရေထွက်လုပ်ငန်းရှင်တွေ ဘက်ကတော့ ငွေလဲနှုန်းက ၁ ဒေါ်လာကို၉၀၀နဲ့၁၀၀၀ကြားမှာရှိသင့်တယ်လို့ အစည်းအဝေးတိုင်း၊ အလုပ်ရုံဆွေးနွေးပွဲတိုင်းမှာ ထည့်ပြောတယ်။ဈေးကွက်ပေါက်ဈေးအတိုင်းသတ်မှတ်ရုံနဲ့တော့ ရေထွက်လုပ်ငန်းတွေ ဘယ်လိုမှ နာလန်ထူနိုင်ဦးမယ် မထင်ဘူး” ဟု ပြည်ပသို့ ရေထွက်ပစ္စည်း တင်ပို့နေသူ လုပ်ငန်းရှင်တဦးက ဆိုသည်။
ငွေလဲနှုန်း ပြင်ဆင်သတ်မှတ်မည် ဖြစ်သော်လည်းFECဖျက်သိမ်းမည့် အလားအလာရှိ၊ မရှိ၊ လူတိုင်း နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ပြု၊မပြုဆိုသော အချက်များကိုမူ ရေရာစွာ မသိရှိရသေးကြောင်း UMFCCI အမှုဆောင်တဦးက ဆိုသည်။
“အခုကြားနေရတဲ့သတင်းတွေအရတော့ငွေလဲနှုန်းတရားဝင်ပြောင်းလဲသတ်မှတ်ပြီးရင် နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ခွင့်ကို ပုဂ္ဂလိက ဘဏ်တွေကို လုပ်ပိုင်ခွင့်ပေးမယ် လို့တော့ ကြားတယ်” ဟု ၎င်းက ပြောသည်။
ပြည်တွင်းစီးပွားရေးပညာရှင်တဦးကမူအစိုးရအနေဖြင့်ငွေလဲနှုန်းကိုတရားဝင်ပြောင်းလဲသတ်မှတ်ပြီးပါက ပို့ကုန်၊သွင်းကုန်ခွန်များယာယီကင်းလွတ်ခွင့်ပေးခြင်း၊ဘဏ်တိုးနှုန်းများလျှော့ချခြင်းနှင့် မူဝါဒပိုင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများပိုမိုလျှင်မြန် သွက်လက်စေရန် ဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်မှသာလျှင် နိုင်ငံစီးပွားရေး ပြန်လည် လည်ပတ်နိုင်မည် ဖြစ်ကြောင်း ပြောသည်။
“ငွေလဲနှုန်းတရားဝင်ပြောင်းလဲသတ်မှတ်ပြီးရင် အခွန်ကင်းလွတ်ခွင့်၊ဘဏ်တိုးနှုန်းလျှော့တာတွေ လုပ်ရမယ့်အပြင် မူးယစ်ဆေးဝါးရောင်းလို့ရရာက ၀င်လာနိုင်မယ့် ငွေမည်းတွေကို ထိန်းချုပ်ဖို့လည်း လုပ်ရမယ်။ ဆိုလိုတာကတရားဥပဒေစိုးမိုးရေး ဆက်လုပ်ရမယ်၊ မူးယစ်ဆေးဝါး ရောင်းတဲ့သူတွေ၊ မူးယစ် ဆေးဝါးရောင်းဝယ်ရာမှာကိုယ်တိုင်မဟုတ်ပေမယ့်လာဘ်ငွေယူပြီးမသိချင်ယောင်ဆောင်နေတဲ့ အာဏာပိုင်တွေကိုအရေးယူတာမျိုးတွေလုပ်ရမယ်။ဒါမှပြည်တွင်းငွေကြေးဈေးကွက်ငြိမ်မယ်”ဟု ထိုပညာရှင်က ဆိုသည်။
အစိုးရသည် ဇူလိုင်လ ၁ ရက်နေ့မှစပြီး ပို့ကုန်များအပေါ် ကောက်ခံလျက်ရှိသော အခွန် ၁၀ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့သော်လည်း ယနေ့အချိန်အထိ မြန်မာ့ပို့ကုန်တင်ပို့မှု တိုးတက်မလာဘဲ ဆက်လက်လျှော့ကျကာ ရုန်းကန်နေရဆဲ ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ပြောဆိုကြသည်။
အစိုးရက တရားဝင်သတ်မှတ်ထားသော ငွေလဲနှုန်းသည် တဒေါ်လာ မြန်မာငွေ ၆ ကျပ်နှုန်းဖြစ်ပြီး ဈေးကွက်တွင် ဖြစ်ပေါ်နေသော ငွေလဲနှုန်းမှာ ၁ ဒေါ်လာလျှင် မြန်မာငွေ ၇၉၀ ကျပ် ၀န်းကျင်ရှိသည်။

Geen opmerkingen: