မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 13 juli 2011

အကျဉ်းသားပေါ်တာများအထောက်အထားအစီရင်ခံစာထွက်

ဧရာဝတီ Wednesday, 13 July 2011 17:19
.မြန်မာအစိုးရစစ်တပ်သည်တိုင်းရင်းသားလက်နက်ကိုင်များနှင့်တိုက်ပွဲဖြစ်ပွားရာဒေသများတွင် အကျဉ်းသားများကို ပေါ်တာအဖြစ် ခိုင်းစေမှုများ ဆက်လက် ရှိနေဆဲဖြစ်သည်။
၂၀၁၁ခုနှစ်တွင်ကရင်ပြည်နယ်မြောက်ပိုင်းတနေရာ၌အပြာရောင်ဝတ်စုံဝတ်အကျဉ်းသားပေါ်တာများကို အစိုးရစစ်တပ်နှင့်အတူတွေ့ရစဉ်(ဓာတ်ပုံ-FreeBurmaRangers)
“စစ်သားတွေကပြောတယ်၊မင်းတို့မနက်ဖြန်အထိအသက်ရှင်နေသေးရင်ကံကောင်းလို့ပဲတဲ့”ဟုမြန်မာစစ်တပ် နှင့်အတူရှေ့တန်းစစ်မျက်နှာသို့ပေါ်တာအဖြစ်လိုက်ပါခဲ့ရသူအကျဉ်းသားကိုထွန်းထွန်းအောင်က ပြောသည်။
မန္တလေးဇာတိဖြစ်သူကိုထွန်းထွန်းအောင်သည်တခြားသောအကျဉ်းသား၂၉ယောက်နှင့်အတူ မိတ္ထီလာထောင်မှ ၂၀၁၀ ဒီဇင်ဘာတွင် ပေါ်တာအဖြစ် စစ်တပ်၏ ခေါ်ဆောင်မှုကို ခံခဲ့ရသူဖြစ်သည်။
ကရင်ပြည်နယ်သို့ ပေါ်တာအဖြစ် သူတို့အဖွဲ့ ရောက်သွားစဉ်တွင် ထိုဒေသတွင် အကျဉ်းသား ၁ ထောင်ခန့် ပေါ်တာဆွဲထားသည်ကို မြင်ခဲ့ရကြောင်း၊ စစ်တပ်အတွက် ဗုံးများ သယ်ဆောင်ရန် သူတို့အုပ်စုကို နှစ်ဖွဲ့ ခွဲလိုက်ကြောင်း ကိုထွန်းထွန်းအောင်က ပြောသည်။
၁၉၄၈ခုနှစ်ကတည်းကမြန်မာအစိုးရနှင့်ကရင်လက်နက်ကိုင်များအကြားတိုက်ပွဲဖြစ်နေသည့် အန္တရာယ်များလှသောယင်းဒေသ၌တတောင်တက်တတောဝင်ထမ်းပိုး၍သွားရသည့်ခရီးတွင် “ကျနော်တို့ကိုအစားအစာ၊သောက်ရေလုံလုံလောက်လောက်မပေးပါဘူး”ဟုကိုထွန်းထွန်းအောင်ကပြောသည်။
ကိုထွန်းထွန်းအောင်၏အတွေ့အကြုံသည်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)နှင့်ကရင် လူ့အခွင့်အရေးအဖွဲ့(KHRG)တို့မှတ်တမ်းတင်ထားသောအဖြစ်အပျက်၅၈ခုအနက်မှတခုဖြစ်သည်။ ယင်းအဖွဲ့နှစ်ခုတို့ပူးပေါင်း၍“လမ်းလျှောက်နေရသည့်သေလူ-မြန်မာပြည်အရှေ့ပိုင်းစစ်မျက်နှာစာမှ အကျဉ်းသားပေါ်တာများ”အမည်ရှိအစီရင်ခံစာကိုယနေ့ထုတ်ပြန်ပြီးဘန်ကောက်မြို့တွင်ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်း (FCCT) ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။
ယင်းအစီရင်ခံစာကို ပေါ်တာဆွဲခံရရာပြီး ရှေ့တန်းစစ်မျက်နှာမှ လွတ်မြောက်လာသော အကျဉ်းသားများ၏ ထွက်ဆိုချက်များဖြစ်သည့် နှိပ်စက်ညှဉ်းပမ်း ခံရမှုများ၊ သတ်ဖြတ်ခံရမှုများကို အခြေခံ၍ ပြုစုထားသည်။
ယမန်နှစ် နိုဝင်ဘာ ရွေးကောက်ပွဲ ကာလမှစတင်၍ အစိုးရတပ်နှင့် ကရင်၊ ရှမ်း၊ ကချင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြန်လည် အရှိန်မြင့်လာခဲ့သည်။ တိုက်ပွဲများ အဆက်မပြတ် ဖြစ်မှုနှင့်အတူ အကျဉ်းသားများကို ပေါ်တာ အဖြစ် အသုံးပြုမှုများလည်း တိုးမြင့်လာသည်။
အကျဉ်းသားပေါ်တာများ၏ထွက်ဆိုချက်အရ၎င်းတို့သည်တိုက်ပွဲဖြစ်ရာဒေသမိုင်းဗုံးများထူထပ်သည့် နေရာများတွင်စစ်သားများ၏ရှေ့မှကြို၍သွားရကြောင်း၊အကာအကွယ်အတားအဆီးမပါဘဲ အတင်းသွားခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
အကျဉ်းသားပေါ်တာတဦးဖြစ်သူကိုမောင်မြင့်က“စခန်းကိုကျနော်တို့ရိက္ခာတွေ သယ်ပို့ပေးရတယ်။ ပေါ်တာ တယောက်က မိုင်းနင်းမိပြီး ခြေထောက် ပြတ်သွားတယ်။စစ်သားတွေကသူ့ကိုဒီအတိုင်း ထားခဲ့တယ်။ သူက ကြောက်ရွံ့ထိတ်လန့်နေပေမယ့်ဘယ်သူမှမကူနိုင်ဘူးလေ။စခန်းကနေပြန်ဆင်းလာတော့အဲဒီ မိုင်းနင်းမိတဲ့လူ သေနေပြီ” ဟု အစီရင်ခံစာတွင် ပြန်ပြောပြထားသည်။
KHRG မှ သုတေသီ ကိုဖိုးရှမ်းက အကျဉ်းသားပေါ်တာများ ဤသို့ ပြုမှုခံရသည်မှာ ယခုမှ မဟုတ်ကြောင်း၊ ၁၉၉၂ ခုနှစ်ကတည်းက အစိုးရတပ်များက တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် တိုက်ခိုက်သည့် ရှေ့တန်းစစ်မျက်နှာများတွင် အကျဉ်းသားပေါ်တာများကို အသုံးပြုခဲ့ကြောင်း ပြောသည်။
အကျဉ်းသားပေါ်တာများနှင့်အတူဒေသခံရွာသားများလည်းပစ္စည်းများ ထမ်းပိုးရန် အဓမ္မခိုင်းစေခံရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မန္တလေးထောင်တွင် သေဒဏ်ကျခံထားရပြီး ၁၉၉၂ တွင် အကျဉ်းသား ပေါ်တာဖြစ်ခဲ့သည့် ကိုမြင့်အောင်က “ကျနော်တို့နဲ့အတူ ပေါ်တာတွေ ဘယ်နှယောက်ရှိလဲ မသိဘူး၊ ဒါပေမယ့် ရွာသား ၄၀၀ လောက်ကိုတော့ အကျဉ်းသားပေါ်တာတွေကို အခိုင်းခံနေရတာ တွေ့ခဲ့ရတယ်” ဟု ပြောသည်။
ပေါ်တာ အယောက် ၃၀ ကျော် ၄၀ ခန့်ကို စစ်သားများက သတိလစ်သည်အထိ ရိုက်နှက်ပြီး ထိုအတိုင်း ပစ်ထားခဲ့သည်ကို မြင်ဖူးကြောင်း၊ ယင်းတို့အားလုံး သေဆုံးနိုင်ကြောင်းလည်း ကိုမြင့်အောင်က ပြောသည်။
HRWမှတာဝန်ရှိသူElainePearsonက “မြန်မာနိုင်ငံဟာ ကမ္ဘာ့အရှည်ဆုံး လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ နေရာပါ။ အကျဉ်းသားတွေကိုပေါ်တာအဖြစ်သုံးတာ၊ လူတွေကို မိုင်းရှင်းကိရိယာအဖြစ်သုံးတာတွေ ရှိနေပါတယ်။ဒါတွေဟာမြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုများဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်(CoI)ဖွဲ့ဖို့အတွက် လုံလောက်တဲ့ အထောက်အထားတွေပါပဲ” ဟု ပြောသည်။

Geen opmerkingen: