မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 12 juli 2011

တဖက်စောင်းနင်းဖြစ်နေတဲ့ကိစ္စတွေကိုမီဒီယာကထောက်ပြရမယ်”

ဧရာဝတီ Tuesday, 12 July 2011 13:22 အင်တာဗျူး
.ဇွန်လ၃ရက်နေ့ထုတ်HOTNEWSဂျာနယ်ပါ“ပုဂ္ဂလိကဆေးခန်းSSC၏၀န်ဆောင်မှု”အမည်ရှိမျက်နှာဖုံး ဆောင်းပါးတွင်ရွှေဂုံတိုင်အထူးကု ဆေးခန်း(SSC)၏ ဝန်ဆောင်မှု အားနည်းချက်များကြောင့် ပြည်သူလူထု နစ်နာဆုံးရှုံးမှုများရှိနေကြောင်းရေးသားထားသဖြင့်SSCကHOTNEWSဂျာနယ်ကို အသရေဖျက်မှုတမှု၊ နစ်နာစေမှု လျော်ကြေး ကျပ်သိန်းပေါင်း၂သောင်းရလိုမှုစသည့်အမှု၂ခုဖြင့်တရားစွဲဆို လိုက်သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ အယ်ဒီတာချုပ် မဟေမာ (ခေါ်)မမ ကို ဧရာဝတီ သတင်းထောက် နရီလင်းလက်က ဆက်သွယ်မေးမြန်းထားသည်။
HOTNEWSဂျာနယ်အယ်ဒီတာချုပ်မဟေမာ(ခေါ်)မမသည်ဒုဗိုလ်ချုပ်ကြီးဟောင်းခင်မောင်သန်း၏သမီး ဖြစ်ပြီး ခင်ပွန်း ဖြစ်သူမှာလည်း ဗိုလ်မှူးကြီးဟောင်း တဦးဖြစ်သည်။
ဇူလိုင်၈ရက်နေ့ကကျင်းပသည့်HOTNEWSဂျာနယ် သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့်အယ်ဒီတာချုပ် မဟေမာ(ခေါ်)မမ(ဓာတ်ပုံ-ဧရာဝတီ)
မေး။ ။HOTNEWSဂျာနယ်စာမျက်နှာပေါ်မှာ“ပုဂ္ဂလိကဆေးရုံSSCရဲ့ဝန်ဆောင်မှု”ဆိုပြီးရေးသား ဖော်ပြဖြစ်တဲ့ အကြောင်း သိပါရစေ။
ဖြေ။ ။ SSCမှာဆေးကုသမှုခံယူပြီး သေဆုံးသွားတဲ့သူရဲ့ မိသားစုက ရက်လည်တဲ့နေ့မှာ SSC ဆေးခန်းရဲ့ ၀န်ဆောင်မှုတွေနဲ့ပတ်သက်ပြီးရင်ဖွင့်ပြောဆိုလာတာပါ။ ကျမအနေနဲ့ ကိုယ့်ဂျာနယ်ရဲ့ သတင်းစာမျက်နှာမှာ ဖော်ပြတဲ့ အကြောင်း အရာ မှန်သမျှ၊ ကိုယ်တိုင် ရေးသားတာပဲ ဖြစ်ဖြစ်၊ ကိုယ့် တိုက်က သတင်းထောက် ရေးသားတာပဲဖြစ်ဖြစ်၊ပြင်ပဆောင်းပါးရှင်ရေးသားတာဖြစ်ဖြစ်ကိုယ်ကတာဝန်ယူရမှာဖြစ်တော့ မှန်ကန်လားဆိုတာအချက်အလက်စုရပါတယ်။ကိုယ်ကဖြစ်ရပ်ကိုသေချာမေးမြန်းစုံစမ်းပြီး အချက်အလက်စုတာ အပြင်၊ ပုဂ္ဂလိက ဆေးရုံတွေ အပေါ်မှာ ပြဌာန်းထားတဲ့ ၂၀၀၇ ဥပဒေ ပြဌာန်းချက် ဆိုတာရှိတယ်။တချို့ဝန်ဆောင်မှုတွေမှာ အားနည်းချက် လေးတွေ ရှိတဲ့အပြင် ပြည်သူလူထု နစ်နာနေတာ လေးတွေ တွေ့လို့ဖော်ထုတ်ရေးသားပြတဲ့ သဘောပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ ဆိုတာအများ ပြည်သူအတွက် အရမ်းကို အရေးကြီးတယ်လို့ ခံယူထားတာကြောင့် သေချာ လုပ်ဖြစ်ခဲ့ပါတယ်။
ဆရာဝန်က ဆေးကုရမှာ ဖြစ်သလို၊ ကျောင်းဆရာက စာသင်ရမှာပဲ။ ဒီလိုပဲ သတင်းသမားက ပြည်သူလူထု နစ်နာနေတဲ့ကိစ္စတခုကိုစာမျက်နှာပေါ်ကိုအချက်အလက်မှန်တယ်ဆိုဖော်ပြရမှာပဲလေ။ မီဒီယာသမားတယောက် အနေနဲ့ ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်တာလို့ခံယူထားတယ်။ လူပုဂ္ဂိုလ် အနေနဲ့ ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒမရှိဘူး။
မေး။ ။ ပုဒ်မ ၂ ခုနဲ့ တရားစွဲဆို ခံထားရမှုအပေါ်မှာ ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားဖို့ရှိလဲ။
ဖြေ။ ။လောလောဆယ်ကိုယ်ကတရားခံနေရာ၊တရားစွဲခံထားရတဲ့နေရာမှာရောက်နေတော့ မိန်းကလေးဖြစ်တဲ့အပြင်ဒီလိုမျိုးတွေ မကြုံဘူးတာကြောင့် မကြောက်ဘူးလို့ ပြောရင်လည်း လိမ်ရာကျမှာပါ။ ကျမ ရင်ဆိုင်ရတဲ့ တဘက်က အင်အား ကြီးတာလည်း တခုပါတယ်။ ဒါပေမယ့် သတင်းသမားတယောက်ရဲ့ ကျင့်ဝတ်ဖျက်ပြီး ထိခိုက်နစ်နာစေတဲ့ ဆန္ဒသဘောထားနဲ့ ပုတ်ခတ် ရေးသားထားတာ မရှိတာကြောင့်ရယ်၊ နောက်တခုကအများပြည်သူ နစ်နာတဲ့ ကိစ္စတခုကို လုပ်လိုက်မိလို့ အခုလို တရားစွဲခံရတာ ဖြစ်တာကြောင့် သတ္တိမွေးပြီး ရင်ဆိုင်သွားဖို့ စိတ်ကူးတယ်။ ကျမဘက်က ရုံးတော်မှာ တရားဥပဒေ လမ်းကြောင်းအတိုင်း ရင်ဆိုင်ဖြေရှင်းသွားမှာပါ။
မေး။ ။လက်ရှိအခြေအနေမှာ သတင်းမီဒီယာတွေ လွတ်လပ်စွာရေးသားခွင့်နဲ့ ပတ်သက်ပြီး ရနေကြတယ်လို့ ပြောဆိုကြ တယ်။ အခုဖြစ်သွားတဲ့ ကိစ္စရပ်ကြောင့် တစုံတရာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်ထင်လား။
ဖြေ။ ။လက်ရှိအမတို့တိုင်းပြည်ကဒီမိုကရေစီနိုင်ငံကိုအသွင်ကူးပြောင်းနေတဲ့အချိန်ဖြစ်တယ်။ အားလုံးကတော့ ကိုယ့် တိုင်းပြည်ကို ကောင်းစေချင်ပါတယ်။ ဒီလို စနစ်တခုကို ပြောင်းလဲနေတဲ့ အချိန်မှာ အုပ်ချုပ်တဲ့အကြီးအကဲသာမကတိုင်းသူ ပြည်သားတွေကပါဝိုင်းလုပ်ရမယ့်အချိန်တခုလို့မြင်ပါတယ်။ ဒီအချိန်မှာတဖက်စောင်းနင်းဖြစ်နေတဲ့ကိစ္စရပ်တွေကိုမီဒီယာကထောက်ပြရမယ်၊ဝေဖန်ရမယ်။ တိုင်းသူပြည်သား အများမြင်အောင် ချပြရမှာ ဖြစ်သလို၊ အကြီးအကဲတွေ မြင်အောင် ရေးပြရမယ်။ ဒါသည် မီဒီယာ တာဝန်ဖြစ်တယ်။
နစ်နာနေတဲ့မိသားစုကိုယ်တိုင်ကလာပြောတာကိုစာမျက်နှာပေါ်ကိုတင်ပေးချိန်မှာ နစ်နာစေလိုတဲ့ ဆန္ဒမရှိဘဲဝန်ဆောင်မှု အားနည်းတာကို ထောက်ပြဝေဖန်တဲ့သဘောပါပဲ။ မီဒီယာမှာ ပွင့်လင်းတိုးတက်မှု ရလာသလို၊တဘက်မှာလည်းပွင့်လင်းတိုးတက်ပြီးလွတ်လွတ်လပ်လပ်ထောက်ပြဝေဖန်တာကို လက်ခံနိုင်ဖို့လိုတယ်။ ဒီအချက်ကို သတိလစ်နေတယ်လို့ မြင်တယ်။
မေး။ ။လက်ရှိမီဒီယာလောကမှာ စာပေလွတ်လပ်စွာရေးသားခွင့်၊ မှန်ကန်တဲ့ အချက်အလက်တွေကို ကိုင်စွဲပြီး ထောက်ပြ ဝေဖန်ခွင့်တွေ ရလာပြီလို့ ထင်ပါသလား။
ဖြေ။ ။တိုင်းပြည် စနစ်ပြောင်းနေတဲ့ ကာလမှာ ဥပဒေပြဌာန်းချက်တွေတောင် ပြောင်းနေတာပဲ၊ ပြောင်းသင့် ပြောင်းထိုက်တဲ့ စာပေလွတ်လပ်စွာရေးခွင့်တွေရမယ်လို့ယုံကြည်တယ်။ မီဒီယာသမားတွေ အနေနဲ့ ထောက်ပြဝေဖန်တဲ့ အမြင်အာရုံက စူးရှထက်မြက်ပါတယ်။တိုင်းပြည် တည်ဆောက်ရေးမှာ ထောက်ပြဝေဖန်မှုကအင်မတန်အသုံးဝင်တယ်၊အကျိုးပြုတယ်ဆိုပြီးနိုင်ငံတော်အကြီးအကဲတွေက လက်ခံယုံကြည်တယ်လို့ပြောတယ်။ပြောတဲ့လူတွေကနိုင်ငံတော်အကြီးအကဲတွေ ဖြစ်တော့ သူတို့ဂုဏ်ဒြပ်နဲ့ သူတို့ပြောတဲ့ စကားကို တာဝန်ယူတဲ့ လူကြီးလူကောင်း တွေဖြစ်မယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် အများနဲ့ လုပ်ရမှာဖြစ်တော့ ချက်ခြင်းမပြင်နိုင်တဲ့ လူတန်းစားအနည်းငယ် အတွက်ကတော့ ဖြစ်လာမယ့် ဘေးထွက် ဆိုးကျိုးတွေကို အသွင် ကူးပြောင်းနေတဲ့ ကာလမှာ သည်းခံ စိတ်ရှည်ရမယ်လို့ မြင်ပါတယ်။
မေး။ ။ နစ်နာကြေး အနေနဲ့ ကျပ် သိန်းပေါင်း ၂ သောင်း တောင်းတဲ့အပေါ်မှာ ဘယ်လို ယူဆလဲ။
ဖြေ။ ။ လွန်ခဲ့တဲ့ ၁ နှစ်ခိုင်ရွှန်းလဲ့ရည် သေဆုံးသွားတုန်းကSSCကနစ်နာကြေးကျပ်သိန်း၁၀၀၀ ပေးခဲ့တာကို ပြန်သတိ ရမိတယ်။ လူ့အသက်ထက် တန်ဖိုးရှိတာ မရှိပါဘူး။ ဆင်းရဲသား တယောက် သေသေ၊ ၀န်ကြီးချုပ် တယောက်ပဲသေသေအသက်တချောင်းကအသက်တချောင်းပါပဲ။သူများအသက်တန်ဖိုးက သူတို့အမှားဖြစ်လို့သေဆုံးသွားစဉ်ကသိန်း၁၀၀၀ နဲ့ပြီးသွားတယ်။အခုသူတို့ကျဆင်းသွားတဲ့ ဂုဏ်သိက္ခာအတွက်သိန်း၂သောင်းတန်လားဆိုတာကျမသူတို့ဂုဏ်သိက္ခာတကယ်ရှိမရှိ ရှာဖွေကြည့်ပါဦးမယ်။
မေး။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင်နဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနဲ့ အညီ အဂတိ လိုက်စားမှုမရှိဘဲ မှန်ကန်တဲ့ တရားစီရင်ချက်ကို ရမယ်လို့ မျှော်လင့်ပါသလား။
ဖြေ။ ။ဥပဒေပြဌာန်းချက်ဆိုတာ နိုင်ငံတိုင်းမှာ လူတန်းစားမရွေးကို အကာအကွယ်ပေးဖို့ ပြဌာန်းထားတာပါ။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဥပဒေ တခုကလည်း ဘက်လိုက်မှုမရှိဘဲ သာတူညီမျှ ပြဌာန်းထားတဲ့ ဥပဒေ တခုလို့ ယုံကြည်ပါတယ်။ တခုရှိတာက တရားစီရင်ရေး မဏ္ဍိုင်နဲ့ ပတ်သက်ပြီး ကျမ ပြောချင်တာက ဘယ်နေရာ ဘယ်အရပ်ဒေသမှာဖြစ်ဖြစ်သက်မဲ့ဥပဒေ ပြဌာန်းချက် တွေက သမာသမတ် ရှိရှိ သူ့ဟာသူ တည်ရှိနေတာပါ။ ဒီဟာအပေါ်မှာအသုံးပြုပြီးလုပ်ခွင့်ရတဲ့ တရားရေး ၀န်ထမ်းတွေထဲမှာ သမာသမတ်ကျတဲ့ တရားသူကြီးတွေ ရှိသလို၊ ငွေကြေးလာဘ်လာဘ မက်တဲ့ တရားသူကြီးတွေလည်း ရှိကောင်း ရှိပါမယ်။ ဘယ်လို စိတ်သဘောထားရှိတဲ့ တရားသူကြီးရဲ့ တရားခွင်ထဲကို ဒီအမှုက ရောက်မလဲ ဆိုတာကို မမျှော်မှန်း နိုင်ပါဘူး။ ကျမ ဘက်ကတော့ အမှန်တရား ပေါ်ပေါက်လာမယ်လို့ လက်ခံယုံကြည်ပါတယ်။ ။

Geen opmerkingen: