မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 6 juli 2011

တရေးနိုးသော်အကြံပေါ်…ပေါ်သောအကြံ ...

ရန်ကုန်သားတာတေ Wednesday, 06 July 2011 17:36
ထွေရာလေးပါး
.ဖိုးရှုပ်။ ။ထိုင်းရွေးကောက်ပွဲမှာအတိုက်အခံဘက်ကရလွတ်ပလွတ်ရဲ့အဖုအထစ်ပါတီကမဲ အပြတ်အသတ်နဲ့ နိုင်သွားပြီကွ။
ကြွက်စုတ်။ ။ အင်း…တို့ မြန်မာပြည်နဲ့များကွာပါ့ကွာ ...။အတိုက်အခံကနိုင်လိုနိုင်၊လက်ရှိအာဏာရ ပါတီက ရှုံးပါတယ် ဆိုတာ ဝန်ခံလို ဝန်ခံနဲ့။
ဖိုးရှုပ်။ ။အေးလေ…မဲ ရေတော့လည်းလူမြင်ကွင်းကြီးမှာ...။ မဲရေနေတုန်းမီးလေးတောင်တချက် မပျက်ဘူး။
ကြွက်စုတ်။ ။ကြည့်ရတာ ကြိုတင်မဲတွေ ဘာတွေလည်း လုပ်တတ်ပုံ မရပါဘူးကွာ။
ဖိုးရှုပ်နှင့်ကြွက်စုတ်တို့နှစ်ဦးသားရှားရှားပါးပါးအတိုင်အဖောက်ညီကာစကားပြောနေကြခြင်းဖြစ်သည်။ ချင်းမိုင်မြို့ကဝါဝီကော်ဖီဆိုင်တွင်ဖြစ်၏။စကားကောင်းနေစဉ်သူတို့အနား၌ဦးရုက္ခစိုးဗြုန်းခနဲ ပေါ်လာလေသည်။
ကြွက်စုတ်။ ။ ဟင် … ဦးရုက္ခစိုး … ပုဂံ သွားမလို့ဆို။
ရုက္ခစိုး။ ။သွားတယ်လေ …အခုပဲ ပြန်လာတာ။ဟိုမှာဒေါ်အောင်ဆန်းစုကြည်တို့သားအမိက ပုပ္ပားသွားမှာဆိုတော့ငါလိုက်မသွားတော့ဘူး။ပုပ္ပားကနတ်တွေရဲ့နေရာမဟုတ်လား။တော်ကြာ ငါ့ မိတ်ဟောင်းဆွေဟောင်းတွေက ဆွဲထားရင် ပြန်လာလို့မရမှာ စိုးလို့။
ထိုစဉ် သူတို့ရှိရာသို့အမျိုးသမီးတဦးရေးကြီးသုတ်ပျာရောက်လာပြီး“ခုတော့ကျမသိပြီ”ဟု ခရီးရောက်မဆိုက် ပြောလေသည်။
ဖိုးရှုပ်။ ။ ဟင်…ဝက်ဝံရွှေရည်…အယ်ဟုတ်ပါဘူး …ဒေါ်ဖလန်းဖလန်းဘုပါလား…ခုတော့ ကျမသိပြီ ဆိုတော့ ကျနော်ကကြော်ငြာရိုက်တဲ့မင်းသမီးမှတ်လို့။ဘာလဲဒေါ်ဖလန်းဖလန်းဘုလည်းပါတီထောင်ရတာ စိတ်ပျက်ပြီး မော်ဒယ်လ် လောကထဲ ဝင်တော့မလို့လား။
ဘု။ ။ ကြော်ငြာရိုက်မလို့ မဟုတ်ဘူး … လူရိုက်မလို့ဟေ့ လူရိုက်မလို့။
ရုက္ခစိုး။ ။ဘာတွေဖြစ်လာတာလဲဒေါ်ဖလန်းဖလန်းဘုရယ်။ဘယ်လိုလုပ်ပြီးချင်းမိုင်ရောက်လာတာလဲ။ မြန်မာပြည်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးဂေါက်ပွဲ မဝင်တော့ဘူးလား။
ဘု။ ။မဝင်ဘူးလေအဲဒါကြောင့်ချင်းမိုင်မှာလာရှောင်နေတာပေါ့။အခုတော့ကျမသိပြီဆိုတာ အဲဒါကိုပြောတာ။
ကြွက်စုတ်။ ။ ဘာဖြစ်လို့လဲ … ရှင်းစမ်းပါဦး … ။
ဘု။ ။ ကျမတို့ မြန်မာပြည်က ရွေးဂေါက်ပွဲကြီးက လုံးဝ … လုံးဝ တရားမျှတမှုမရှိဘူး။ ရှင်တို့ သိကြရဲ့လား။ အဲဒါကို အခု ကျမ သိပြီလို့ ပြောတာ။
ဖိုးရှုပ်။ ။ သြော် … အခုမှ သိတာလား။
ကြွက်စုတ်။ ။ ရွေးဂေါက်ပွဲပြီးတာ ၉ လဆိုတော့ သိတာ တော်တော် စောနေသေးသလားလို့ ...။
ဘု။ ။ စောတာပေါ့ရှင့်…ကျမတို့က အများကြီး စောနေသေးတယ်။ လုံးဝ မသိသေးတဲ့သူတွေ ရှိသေးတယ်သိလား။
ရုက္ခစိုး။ ။ အဲဒါ ရွဲ့ပြောတာဗျ။ သူများတွေက သိတာ ရွေးဂေါက်ပွဲ မစခင်ကတည်းကပဲ။ အခုမှ ခင်ဗျားက တရေးနိုးနေလို့...။
ဘု။ ။ ဘာပဲဖြစ်ဖြစ်လေ…တရေးနိုးသော်အကြံပေါ်တဲ့...။အခုထိဒါကိုမသိသေးတဲ့သူတွေက ကြားဖြတ်ရွေးဂေါက်ပွဲ ဆိုတာကို ဝင်ဦးမတဲ့။ ကျမကတော့ လုံးဝ မဝင်ရေးချ မဝင်ဘဲ။
ဖိုးရှုပ်။ ။စိတ်ကြီးတယ်နော်။ဒေါ်ဖလန်းဖလန်းဘုနဲ့အတူတူဟိုအမျိုးသမီးပါတီခေါင်းဆောင် ၂ ယောက်ကော။
ဘု။ ။ သူတို့လည်း ကျမနဲ့ တသဘောတည်းပဲလေ။ တော်တော်အသုံးမကျတဲ့အစိုးရ…။ အခုတော့ ကြည့်စမ်း … ထိုင်းက ဦးသွားပြီ။ တကယ်ဆို ကျမတို့က အရင် ရွေးဂေါက်ပွဲ ကျင်းပတာပဲဟာ။ ကျမတို့ဆီက အရင်ဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်ရမှာ။
ကြွက်စုတ်။ ။ဟုတ်တယ် ဟုတ်တယ်။ ဟိုက ရလွတ်ပလွတ်ကလည်း ဝန်ကြီးချုပ်ဟောင်းညီမ ...၊ ဒီကလည်း ဝန်ကြီးချုပ်ဟောင်း သမီးပဲ ...။ ဘာများကွာလို့လဲ။ ပြီးတော့ ရလွတ်ပလွတ်က နိုင်ငံရေးလောကကို ၆ ပတ်ထဲနဲ့ ဝင်လာတာ ဒေါ်ဖလန်းဖလန်းဘု တို့ဆို နိုင်ငံတကာမီဒီယာကတောင် မင်းသမီး ၃ ပါးဆိုပြီး ရေးရတာ မဟုတ်လား။
ဘု။ ။ဟုတ်တာပေါ့။တကယ်ဆိုကျမလည်းစဉ်းစားထားပြီးသားပါ။တကယ်လို့သာကျမတို့ တယောက်ယောက် ဝန်ကြီးချုပ် ဖြစ်လို့ကတော့ … အားလုံးကို ပြောင်းလဲပစ်လိုက်မှာ။
ဖိုးရှုပ်။ ။ ဟာ…ရည်ရွယ်ချက်တော့ ရှယ်ပဲ။ ဘာတွေကို ဘယ်လို ပြောင်းလဲမှာလဲ။ လူမှုရေး၊ စီးပွားရေး … ပညာရေး ...။
ဘု။ ။ အဲဒါတွေကတော့ နောက်ပိုင်းကိစ္စ ပေါ့နော်။ ကျမတို့ ၃ ယောက်ထဲက တယောက်ယောက် ဝန်ကြီးချုပ် ဖြစ်ရင် လွှတ်တော်ထဲက ဝတ်ပုံစားပုံတွေ အကုန်လုံး ပြောင်းပစ်လိုက်မယ်။ ထိုင်းမှာ နိုင်သွားတဲ့ ရလွတ်ပလွတ်လိုမျိုး ဝတ်ပစ်လိုက်မယ်ဆိုပြီး စဉ်းစားထားတာ။ အခုတော့ ကြိုတင်မဲတွေကြောင့် ကျမတို့ တယောက်မှ မနိုင်ဘူးလေ။ ဒါ အမျိုးသမီး အခွင့်အရေးကို သက်သက် ချိုးဖောက်တာပဲ။
ကြွက်စုတ်။ ။ ဟုတ်တာပေါ့ ဟုတ်တာပေါ့။ ဒါနဲ့ … ကြားဖြတ်ရွေးဂေါက်ပွဲကို မဝင်တော့ဘူး ဆိုတော့ နောက် ၅ နှစ်မှာ ထပ်ကျင်းပမယ့် ရွေးဂေါက်ပွဲကြီးကိုကော ...။
ဘု။ ။ ဝင်မှာပေါ့ ...။
ဖိုးရှုပ်။ ။ ဟို … ခုနကပြောတော့ ရွေးဂေါက်ပွဲက လုံးဝ တရားမျှတမှု မရှိဘူးဆို။
ဘု။ ။ဒါကပြီးခဲ့တဲ့ဟာကိုပြောတာလေ။နောက်လာမယ့်ဟာကိုကျမတို့ကဘယ်ကြိုပြောလို့ဖြစ်မလဲ။ ကြိုပြောရင်လည်း ဘယ် တရားပါ့မလဲ ပေါ့နော်။အဲဒီတော့ဝင်ကြည့်လိုက်မယ်လေ ...။ ပြီးမှ တရားမျှတလား မမျှတလားဆိုတာ ပြောမှာပေါ့။
ကြွက်စုတ်။ ။ အမှတ်မရှိဘူး ဆိုတဲ့ သဘောပေါ့နော်။
ရုက္ခစိုး။ ။ ကြိုတင်မဲတွေနဲ့ ၂၀၁၀ လိုပဲ အနိုင်ယူသွားရင် ဘယ်လိုလုပ်မလဲ။
ဘု။ ။ ဘယ်ရမလဲ ကျမတို့ မဟာမိတ်ပါတီတွေ ဘက်ကလည်း အားလုံး စီစဉ်ထားပြီးသားပါ။
ကြွက်စုတ်။ ။ဟာဟုတ်လား။နိုင်ငံတကာစောင့်ကြည့်အဖွဲ့တွေပြည်တွင်းကရွေးဂေါက်ပွဲ စောင့်ကြည့်မယ့်သူတွေ အများကြီးထားပြီး ရွေးဂေါက်ပွဲမှာ တရားမျှတဖို့၊ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီလုပ်ဖို့ မရရအောင် တောင်းဆိုမှာပေါ့ ...။ မိုက်တယ်ဗျာ။
ဘု။ ။ ဟင့်အင်း … မဟုတ်ပါဘူး။ ကျမတို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ စီစဉ်ထားတာကို ပြောတာ။
ဖိုးရှုပ်။ ။ဟာ ဟုတ်လား …ဒါလည်း စိတ်ဝင်စားဖို့ ကောင်းတာပဲဗျ။ ဘာတွေများ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စီစဉ်ထားတာလဲ။ ပြောပြပါဦး။
ဘု။ ။ စီစဉ်ထားပြီးသား … မပူနဲ့ ကျမတို့အားလုံး ဗေဒင်မေးကြမယ်၊ နတ်ကန္နားပေးမယ်၊ ယတြာခြေမယ်။ ဦးရုက္ခစိုးလည်း ကူညီရမယ်နော်။ အခုလည်း ကျမ ထိုင်းမှာ ဘာနတ်တွေ နာမည်ကြီးလဲ လာရှာတာ။ ပြီးရင် အိန္ဒိယက နတ်တွေ သွားရှာမယ်၊ စင်ကာပူက နတ်တို့ ကမ္ဘောဒီးယားကတော့ ဗေဒင်ဆရာတယောက် နာမည်ကြီးတယ်ပြောလို့ သွားရှာရဦးမယ်။
ကြွက်စုတ်။ ။ အိန္ဒိယကနတ် ဆိုရင်တော့ ရာဗိန္ဒြာနတ် တဂိုး ဖြစ်မယ်ထင်တယ်။
ကြွက်စုတ်က နောက်လိုက်သည်ကို ဒေါ်ဖလန်းဖလန်းဘုက လုံးဝ ဂရုမဆိုက်ဘဲ “အဲဒါကြောင့် ကျမ အနေနဲ့ နောက်ဆုံး ပြောချင်တာ ကတော့ အရင်က ရွေးဂေါက်ပွဲမဝင်ဘူးဆိုပြီး တင်းခံနေတဲ့ သူတွေလည်း လာမယ့် ၅ နှစ်မှာ ကျင်းပမယ့် ရွေးဂေါက်ပွဲကြီးကို ဝင်ကြပါလို့ … လေးလေးနက်နက် တိုက်တွန်းလိုပါတယ်ရှင်” ဟု မဲဆွယ်သည့်အခါ ပြောသည့် လေ အတိုင်း ခပ်တည်တည် ဆက်ပြောသည်။
ဦးရုက္ခစိုးက စိတ်ထဲမှနေ၍ “ဟိုလူတွေ တကယ်မျက်နှာပြောင်တယ် ဆိုတာ မယုံသေးလို့ ထပ်စမ်းကြည့်မှာ ထင်တယ် … အင်း ဒုက္ခ … ဒုက္ခ” ဟု တွေးလိုက်သည်။
ဘု။ ။ အဲဒီလို ဝင်ကြည့်လိုက်တဲ့ အခါမှာ ဘာဖြစ်မလဲ ဆိုတာကိုတော့ စောင့်ကြည့်လိုက်ပါ။ အားလုံး သိသွားပါလိမ့်မယ်။ ကဲ…အားလုံးပဲ သွားလိုက်ဦးမယ်နော်။ လောလောဆယ် ဗိုက်ဆာလာလို့ ထိုင်းက နတ်တပါးပါးကို ရှာမတွေ့သေးခင် ဒိုးနတ် သွားဝယ် စားလိုက်ဦးမယ်။
ဒေါ်ဖလန်းဖလန်းဘုထွက်ခွာသွားသော်လည်း ဖိုးရှုပ်၊ ကြွက်စုတ်တို့အတွက် မေးခွန်းများစွာ ချန်ခဲ့လေသည်။
ဖိုးရှုပ်။ ။ အဲဒီလို ရွေးဂေါက်ပွဲ ဝင်ကြည့်လိုက်ရင် ဘာဖြစ်မယ် ထင်သလဲ ကြွက်စုတ်။
ကြွက်စုတ်။ ။ ဘာဖြစ်မလဲ ဆိုတော့ မဲဆွယ်တာတွေ ဘာတွေ လုပ်ရလို့ အလုပ်ရှုပ်မယ်၊ အာညောင်းမယ်။
ဖိုးရှုပ်။ ။ မဟုတ်သေးဘူးကွ … ရွေးဂေါက်ပွဲဝင်ဖို့ တင်ရတဲ့ ပိုက်ဆံ ဆုံးမှာ။
ကြွက်စုတ်။ ။ဒေါ်ဖလန်းဖန်းဘုကသိသွားပါလိမ့်မယ်လို့ပြောသွားတယ်နော်။ငါ့အထင်တော့မဲလိမ် မဲခိုးတာတွေ၊ ကြိုတင်မဲတွေအကြောင်း သိသွားပါလိမ့်မယ်လို့ ပြောတာထင်တယ်။
ဖိုးရှုပ်။ ။ ဟ…အဲဒါကအကုန်လုံးသိပြီးသားပဲဥစ္စာ။ သူတို့က အခုမှသိလို့သာ အသစ်ဖြစ်နေတာ။ ဒါ အဟောင်းကြီးပဲ။ ဖြစ်နိုင်တာက နောက်တခါ အလိမ်ခံဖို့ ပိုက်ဆံစုမယ်လို့ ပြောတာဖြစ်မယ်။
ကြွက်စုတ်။ ။ သိပြီကွ …သူခုနက ပြောသွားသေးတယ်လေ။တရေးနိုးသော်အကြံပေါ် …တဲ့။ ပေါ်သောအကြံ ရွေးဂေါက်ပွဲ ပြန်ဝင်ရန် ဖြစ်မယ်။
ဖိုးရှုပ်နှင့်ကြွက်စုတ်တို့မှာဒေါ်ဖလန်းဖလန်းဘု စကားကို ဦးနှောက်စားနေကြစဉ် ဦးရုက္ခစိုးက “မင်းတို့ လူ့ပြည် လူ့ရွာကလည်းကွာ…သိပြီးသားပုစ္ဆာတွေကိုပဲ အဖြေထပ်ထပ် ထုတ်နေကြတယ်။ ပျင်းစရာကြီး။ ငါတော့ ပုပ္ပားက နတ်တွေဆီ ပြန်သွားပြီး ကြွေအံလေး ဘာလေး သွားကစားလိုက်ဦးမယ်”ဟု ပြောကာ ပျောက်ကွယ်သွား လေတော့သည်။ ။
ထွေရာလေးပါးကဏ္ဍသည်Satireခေါ်သရော်စာကဏ္ဍဖြစ်ပါသည်။သတင်းအချက်အလက် အမှန်များအပေါ်အခြေခံရေးသားထားခြင်း မဟုတ်ပါ။

Geen opmerkingen: