မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 13 juli 2011

သမ္မတထံအိတ်ဖွင့်ပေးစာကြောင့်မနိုဘဲလ်အေးထောင်ဝင်စာပိတ်ခံရ

ဇာနည်မာန် Wednesday, 13 July 2011 16:26
.နိုင်ငံရေးအကျဉ်းသားမရှိဟုအစိုးရသစ်၏ပြောဆိုချက်ကိုတလအတွင်းပြန်ရုတ်သိမ်းပေးရန်အိတ်ဖွင့် ပေးစာ ပေးပို့တောင်းဆိုမှုကြောင့်၈၈မျိုးဆက်ကျောင်းသူမနိုဘဲလ်အေး(ခေါ်)မနှင်းမေအောင်ကိုထောင်ဝင်စာ ပိတ်လိုက်ကြောင်း သတင်းရရှိသည်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်၊ကိုကိုကြီးနှင့်အတူတွေ့ရသောမနိုဘဲလ်အေး(ခေါ်) မနှင်းမေအောင်(ဓာတ်ပုံ-dawntamun.blogspot.com)
“ဇူလိုင်၇ရက်နေ့ကသွားတွေ့တာတွေ့ခွင့်လည်းမရဘူး၊ပစ္စည်းပေးခွင့်လည်းမရခဲ့ဘူး။သူ့အဖေကထောင်ပိုင် ကြီးကိုမေးတော့အထက်ကညွှန်ကြားလို့၊ထောင်စည်းကမ်းကိုချိုးဖောက်ရင်အပြစ်ပေးခံရမှာပဲလို့ပဲ ပြောတယ်။ဘာစည်းကမ်းချိုးဖောက်လဲဆိုတော့ဘာမှမပြောဘူး”ဟုမနိုဘဲလ်အေး၏မိခင် ဒေါ်အေးမြင့်သန်းက ပြောသည်။
မနိုဘဲလ်အေးသည်၁၉၉၈ခုနှစ်စက်တင်ဘာလတွင်ပထမအကြိမ်ဖမ်းဆီးခြင်းခံခဲ့ရပြီးထောင်ဒဏ်၄၂နှစ် ချမှတ်ခံခဲ့ရသည်။ထို့နောက်၂၀၀၅ခုနှစ်ဇူလိုင်တွင်ပြန်လည်လွတ်မြောက်လာခဲ့ကာ၂၀၀၇ သြဂုတ်လတွင် ပြန်လည် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
မနိုဘဲလ်အေးသည်၂၀၀၇ရွှေဝါရောင်လှုပ်ရှားမှုမတိုင်ခင်ဖမ်းဆီးခံရခြင်းဖြစ်ပြီးအမျိုးသားညီလာခံကို ဆန့်ကျင်သည့်ပုဒ်မ၊နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မတို့ဖြင့်မုံရွာထောင်တွင်ထောင်ဒဏ်၁၁နှစ် ကျခံနေရသည်သည်။
ဒေါ်အေးမြင့်သန်းက“ထောင်ပိုင်ကြီးနဲ့တွေ့ရဖို့စောင့်နေတဲ့အချိန်မှာနိုဘဲလ်ကမေမေကြီးရေမေမေကြီးရေ လို့ အော်ခေါ်တယ်ပြောတယ်။ထောင်ဝင်စာမတွေ့ရလို့အော်တာနေမှာပေါ့လို့ပဲထောင်ပိုင်ကပြောတယ်။ သမီးကအသည်းရောင်အသားဝါရောဂါရှိတော့စိတ်ပူတယ်။အန်တီ့မှာသမီးအသံကြားယောင်ပြီး အိပ်တောင်မပျော်ဘူး။သူမလွတ်တဲ့အတွက်ကတော့အန်တီတို့ကဘာမှမခံစားရပါဘူး။ဒါပေမယ့်သူတို့က အဲဒီလိုမျိုးနိုင်ငံရေးအကျဉ်းသားမရှိပါဘူးလို့ လိမ်လည်လှည့်ဖျားပြီးပြောတာကိုတော့အန်တီတို့မခံချင်ဘူး” ဟု ဆိုသည်။
ထောင်ပိုင်မှတဆင့်ပေးလိုက်သောဇူလိုင်လ၆ ရက်နေ့ရက်စွဲပါမနိုဘဲလ်အေး၏အိတ်ဖွင့်ပေးစာတွင် နိုင်ငံရေးအကျဉ်းသားမရှိပါဟုအစိုးရသစ်၏ဒုတိယသမ္မတဦးတင်အောင်မြင့်ဦးနှင့်နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်တို့၏ပြောကြားချက်သည်ပကတိရှိနေသောအခြေအနေများကိုမျက်ကွယ်ပြုပြီးသိက္ခာမဲ့သော စကားများဖြစ်၍တလအတွင်းရုတ်သိမ်းပေးရန်တောင်းဆိုကြောင်း၊မရုတ်သိမ်းပေးပါကဆက်လက် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ရေးသားထားသည်ဟု မိခင်ဖြစ်သူက ရှင်းပြသည်။
အလားတူမိထ္ထီလာထောင်တွင်အကျဉ်းကျခံနေရသောဆရာတော်ဦးစန္ဒာဝရ၊ကိုထွန်းထွန်းဦး၊ ကိုထွန်းထွန်းနိုင်အပါအ၀င်နိုင်ငံရေးအကျဉ်းသား၅ဦးတို့ကလည်းနိုင်ငံရေးအကျဉ်းသားမရှိပါက၎င်းတို့အား ချွင်းချက်မရှိပြန်လွှတ်ပေးရန်၊သို့မဟုတ်ပါကအမှုများကိုအများရှေ့တွင်ပြန်လည်စစ်ဆေးပေးရန် သမ္မတသစ် ဦးသိန်းစိန်ထံ စာပေးပို့ တောင်းဆိုခဲ့သည်။
“ဇူလိုင်၁၁ရက်နေ့စွဲနဲ့ ထောင်ပိုင်ကနေတဆင့် သမ္မတ ဦးသိန်းစိန်ဆီကို ပို့လိုက်တာ။ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ပြောတာကို သူတို့ သဘောမတူဘူး။ တကယ်လို့ မရှိဘူးဆိုရင် သူတို့ကို လွှတ်ကိုလွှတ်ပေးရမှာ။ မလွှတ်ပေးဘူးဆိုရင်လည်းလူတိုင်းလာနားထောင်နိုင်တဲ့တရားရုံးမှာမျှတအောင်စစ်ပေးဆိုပြီး ရေးလိုက်တယ်” ဟု ကိုထွန်းထွန်းနိုင်၏ ဇနီး မအေးသက်က ပြောသည်။
နိုင်ငံရေးအကျဉ်းသားမရှိဆိုသည့်ပြောဆိုချက်နှင့်ပတ်သက်ပြီးနိုင်ငံအ၀န်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသား များနှင့် ၎င်းတို့၏ မိသားစုဝင်များသည်လည်း မကျေနပ်ကြကြောင်း သိရသည်။
ဘားအံထောင်တွင်ထောင်ဒဏ်၁၂နှစ်ကျခံနေရသောဘလော့ဂ်ဂါကိုနေဘုန်းလတ်ကလည်း နိုင်ငံရေးအကျဉ်းသားမရှိဟုပြောဆိုနေသူများသည်နိုင်ငံရေးအကျဉ်းသားများကို စွဲဆိုထားသည့် အမှုများကို ပြန်လည်စိစစ်ပြီးမှ ပြောဆိုသင့်သည်ဟု ထောင်ဝင်စာလာတွေ့သည့် မိခင်ကို ပြောဆိုခဲ့သည်။
“အပြစ်မရှိဘဲလည်းထောင်ချခံရသေးတယ်။နောက်ပြီးတော့ရာဇ၀တ်မှုနဲ့ထောင်ချထားတာလို့လည်းပြော သေးတယ်။အဲဒီတော့သူတို့လည်းမခံနိုင်ဘူး။အန်တီတို့အပြင်ကလူတွေကလည်းမခံစားနိုင်ဘူး”ဟု ကိုနေဘုန်းလတ်၏ မိခင် ဒေါ်အေးအေးသန်းက ဆိုသည်။
ဘားအံထောင်တွင်ကိုနေဘုန်းလတ်အပါအ၀င်၈၈မျိုးဆက်ကျောင်းသားကိုဥာဏ်လင်း၊ကိုနေကျော်၊ ကိုကျော်ကျော်နိုင်ကိုပြည့်ဖြိုးအောင် စသည့်နိုင်ငံရေးအကျဉ်းသား၁၀ ဦးခန့် ရှိနေပြီး နိုင်ငံရေးအကျဉ်းသား မရှိဆိုသည့် အစိုးရသစ်၏ လှည့်ဖျား ပြောဆိုနေမှုကို နိုင်ငံတကာက အမှန်အတိုင်း သိစေလိုနေကြသည်ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် သံဃာတော်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ရှိနေကြောင်း၊နိုင်ငံရေးအကျဉ်းသားများသည်၎င်းတို့၏ရပိုင်ခွင့်များဆုံးရှုံးနေရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ(AAPP)၏ စာရင်းများအရ သိရသည်။

Geen opmerkingen: