မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 5 juli 2011

“နိုင်ငံရေးကျောင်းသား”Hiphopအဆိုတော်ရသ

မျိုးသန့် အင်္ဂါနေ့၊ ဇူလိုင်လ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၆ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။သူ့ကိုယ်သူနိုင်ငံရေးကျောင်းသားဟုဆိုလာသူHiphopအဆိုတော်ရသသည် လွှတ်တော်အမတ်ဦးသိန်းညွန့်ဦးဆောင်ကာတနင်္လာနေ့တွင်ဖွဲ့စည်းလိုက်သည့်အမျိုးသားဒီမိုကရေစီ ပါတီသစ်၏ အဓိက ပါတီဝင် ဦးရေ ၂ဝ ထဲတွင် ပါဝင်သည်။
ရသ၏၂ဝ၁ဝရွေးကောက်ပွဲအပေါ်အမြင်၊နိုင်ငံရေးခံယူချက်၊အနာဂတ်မြန်မာနိုင်ငံအတွက်ရည်မှန်းချက်၊ လွှတ်တော်အပေါ်သဘောထား၊လက်ရှိအစိုးရအပေါ်အမြင်၊အနာဂတ်လွှတ်တော်အတွင်းရသ လုပ်ဆောင်ရန် ရည်မှန်းထားချက်များ စသည်တို့ကို မဇ္ဈိမသတင်းထောက် မျိုးသန့်က မေးမြန်းထားပါသည်။
အမျိုးသားဒီမိုကရေစီပါတီသစ်ထူထောင်ရာမှာပါဝင်သူတယောက်ဆိုတော့ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ရှိလို့လား။
“မရှိပါဘူးဗျ။ကျနော့်အသက်ငယ်ပါသေးတယ်။နိုင်ငံရေးကျောင်းသားပဲရှိပါသေးတယ်”
နိုင်ငံရေးမှာ ပါဝင်လာတာက တစုံတယောက် တိုက်တွန်းတာကြောင့်လား။
“ဒီအလုပ်ကကျနော့်စိတ်နဲ့ကျနော့်ကိုယ်နဲ့လုပ်ခဲ့တာပါ။ဘယ်ပတ်ဝန်းကျင်ကမှကျနော့်ကိုအားပေးတိုက်တွန်းတာမျိုး မရှိပါဘူး။ ကျနော့်မိဘတွေကတော့ စိတ်ပူတာပေါ့”
ကိုရသရဲ့ နိုင်ငံရေး နောက်ခံအခြေအနေကကော ဘယ်လိုရှိပါသလဲ။
“နိုင်ငံရေး အတွေ့အကြုံတော့ မရှိဘူးဗျ”
လောလောဆယ်မှာ နိုင်ငံရေးနဲ့ ပတ်သက်တာတွေကော ဘာတွေ လေ့လာနေလဲဗျ။
“ကျနော်အခုလောလောဆယ်မှာသမိုင်းကိုအရင်လေ့လာနေပါတယ်။သမိုင်းကိုပုဂံမင်းဆက်တွေကနေပြီးတော့ ကုန်းဘောင်မင်းဆက်ပြုတ်တဲ့အထိပေါ့။ဦးနေဝင်းခေတ်တုန်းကအခြေအနေတွေကိုလည်းကျနော်ရှာဖတ်ပါတယ်”
ပါတီလှုပ်ရှားမှုအနေနဲ့ကော ဘာတွေ လုပ်နေပြီလဲ။
“ပါတီနဲ့ပတ်သက်တာတော့ကျနော်တို့ကအခုမှစတာဆိုတော့ဘာမှတော့မလုပ်ဖြစ်သေးဘူးခင်ဗျာ့။ဒီလိုမျိုးပဲ အစည်းအဝေးခေါ်တယ်၊တွေ့တယ်။အဲဒီလောက်ပဲရှိပါသေးတယ်”
ပါတီသစ်မှာကလည်းလွှတ်တော်ကိုယ်စားလှယ်တွေများတယ်ဆိုတော့သူတို့ဆီကကောနိုင်ငံရေး အတွေ့အကြုံတွေ လေ့လာမှု မရှိဘူးလား။
“သူတို့ကအခုလက်ရှိမှာလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်နေတော့သူတို့ဘာတွေလုပ်နေတယ်ဆိုတာလည်း
လေ့လာပါတယ်။သူတို့အနားမှာနေပြီးတော့ကျနော်သိသလောက်ပေါ့။လူငယ်တယောက်အနေနဲ့ အစည်းအဝေးတွေမှာဝင်ပြီးတော့ဆွေးနွေးတာတွေလုပ်ပါတယ်။သူတို့ကလည်းဘယ်စာအုပ်ဖတ်သင့်တယ်၊ ဘယ်စာအုပ် ဖတ်ပါ၊ အဲဒီလိုမျိုးတွေ ပြောတာရှိပါတယ်”
အဆိုတော်တယောက်အနေနဲ့ ဘယ်လိုကြောင့် နိုင်ငံရေးကို စိတ်ဝင်စားလာတာလဲ။
“ဘာ့ကြောင့်စိတ်ဝင်စားတာလဲဆိုတော့သမိုင်း၊ခုနှစ်သက္ကရာဇ်တခုအနေနဲ့တွက်ကြည့်မယ်ဆိုရင်ဒီကနေ့ ဒီခေတ်မှာကျနော်တို့အနေနဲ့ဒီအလုပ်လုပ်သင့်တယ်ထင်လို့ပါ။ဘာ့ကြောင့်လဲဆိုတော့နိုင်ငံရေးမှာ အခုအခြေအနေဟာခါးဆက်ပြတ်နေတယ်။အကုန်လုံးကလန့်နေကြတယ်၊ကြောက်နေကြတယ်။ ရှေ့ကနေပြီးတော့ဘယ်သူမှမလုပ်ဘူးဆိုရင်သူတို့ပိုပြီးတော့ကြောက်နေလန့်နေကြမယ်။အဓိကကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ချင်လို့ပါ”
လွှတ်တော်ထဲရောက်ရင်ကိုရသဖြစ်စေချင်တဲ့ဒီမိုကရေစီစနစ်မျိုးကိုအကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်လို့ ရနိုင်လား။
“ကျနော်တို့နိုင်ငံမှာပြည့်စုံတဲ့ဒီမိုကရေစီပေါ့။ဥပမာ-အမေရိကားဒီမိုကရေစီဟုတ်ချင်မှဟုတ်မယ်။ဒါပေမဲ့ နောက်အနှစ်၂ဝမှာကျနော်တို့မြန်မာနိုင်ငံဟာကိုယ်ကြုံတွေ့နေရတဲ့ဒုက္ခတွေကိုဖြေရှင်းနိုင်တဲ့၊ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ဒီမိုကရေစီ ဖြစ်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်”
နောက်အနှစ်၂ဝအတွက်ကိုရသရဲ့နိုင်ငံရေးမျှော်လင့်ချက်ဘယ်လိုရှိပါသလဲ။
“မျှော်မှန်းချက်ကတော့နောက်အနှစ်၂ဝပေါ့နော်။နှစ်၂ဝ၊နှစ်၂ဝပြောင်းတိုင်းပြောင်းတိုင်းမှာကမ္ဘာကြီးက
ပြောင်းသွားသလိုမျိုးကျနော်တို့မြန်မာနိုင်ငံကလည်းကမ္ဘာကြီးပြောင်းသလိုမျိုးလိုက်ပြောင်းဖို့လိုပါတယ်။ ကျနော်တို့နိုင်ငံဟာနိုင်ငံရေးပြဿနာတွေအများကြီးရှိခဲ့တယ်၊လူမှုရေးပြဿနာတွေအများကြီးရှိတယ်။ အဲဒါတွေဟာနှစ်၂ဝမှာကျနော့်ရဲ့တွက်နည်းပေါ့နော်။နောက်အနှစ်၂ဝမှာတခုခုပြောင်းလဲကိုပြောင်းလဲရမယ် ခင်ဗျာ့။အဲဒီအနှစ်၂ဝမှာကျနော်တို့အလုပ်တခုခုလုပ်နေတာဖြစ်ရမယ်။အဲဒါကြောင့်ကျနော် ဒီလွှတ်တော်ရွေးကောက်ပွဲကို လိုက်သင့်တယ်ထင်လို့ ကိုယ့်ဟာကိုယ် ကျနော် ဆုံးဖြတ်လိုက်တာပါ”
လွှတ်တော်ထဲဝင်ဖို့တချို့ကလည်းပါတီထောင်ကြတယ်။အဲဒီပုဂ္ဂိုလ်တွေထဲကတချို့ကလည်း လွှတ်တော်ထဲမှာလုပ်ပိုင်ခွင့်မရှိဘူးလို့ညည်းကြပါတယ်။ဒီအခြေအနေမှာဘာ့ကြောင့် လွှတ်တော်နိုင်ငံရေးကို စိတ်ဝင်စားရတာလဲ။
“လွှတ်တော်နိုင်ငံရေးကိုဝင်သင့်၊မဝင်သင့်ကျနော်စဉ်းစားကြည့်တာတော့လွှတ်တော်ထဲဝင်တဲ့လမ်းကြောင်းဟာ မှန်တယ်လို့ ကျနော်ထင်လို့ ကျနော် ဝင်လိုက်တာပါ။ ကျနော်တို့ တဖြည်းဖြည်း လုပ်သွားရမှာပါ”
မတ်လလွှတ်တော်မှာလွှတ်တော်ထဲဝင်ကြတဲ့ အမတ်တွေ တင်ပြတောင်းဆိုတဲ့ အဆိုပြုချက်တွေ၊
မေးခွန်းတွေဟာလည်းအရာမရောက်ဘူးလို့ကြားရတယ်။ကိုရသတို့ လွှတ်တော်ထဲ ရောက်သွားရင် ဒီအခြေအနေ ကြုံရရင် ဘယ်လိုလုပ်မလဲ။
“ဒါကတော့ဒီမိုကရေစီရဲ့ကကြီးရေ က၊ စ ရေစ ရတဲ့အချိန်မှာ ဒီပြဿနာတွေကတော့ ရှိဦးမှာပဲ။ ဒီမိုကရေစီ ဆိုပေမယ့်လည်းအဲဒီလိုမျိုးအထိန်းအချုပ်တွေပေါ့နော်။ဒါတွေကကနဦးအစပျိုးတဲ့အချိန်မို့လို့ ရှိနေသေးတာလို့ ကျနော် ထင်တာပဲ။ နောက်ဆိုရင်တော့ မရှိတော့ဘူးလို့ ထင်ပါတယ်”
၂ဝ၁ဝရွေးကောက်ပွဲမှာမဲမသာမှုတွေရှိခဲ့တယ်လို့ကြားရပါတယ်။အခုလက်ရှိအစိုးရကလည်း စစ်တပ်ကနေ အသွင်ပြောင်းထားတဲ့အစိုးရလို့ဝေဖန်ကြပါတယ်။ဒီအခြေအနေအပေါ်မှာလက်ရှိအစိုးရကို ယုံကြည်လို့နိုင်မလား။
“အစိုးရကို ယုံကြည်လို့ ရမလားဆိုတော့ ကျနော် သူတို့နဲ့ မဆက်ဆံဖူးတော့ မသိပါဘူး။ ကျနော်ကတော့ သူ့ကိုလည်း ယုံကြည်ချင်တယ်၊ ကိုယ့်ကိုလည်း သူယုံစေချင်တယ်။ တနိုင်ငံလုံး တယောက်နဲ့တယောက် ယုံကြည်မှုရှိမှ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဒီလိုမဟုတ်ရင်တော့ ဘယ်လိုမှ ရှေ့ဆက်သွားလို့ရမှာ မဟုတ်ဘူး။ လွှတ်တော်
ရွေးကောက်ပွဲလမ်းက သွားရင် ပိုပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြောင်းလဲနိုင်မယ် ထင်ပါတယ်”
တကယ်လို့ လွှတ်တော်ထဲ ရောက်သွားရင်ကော ဘာတွေကို ဦးစားပေးလုပ်နိုင်မလဲ။
“ကျနော့်အဓိကရည်မှန်းချက်ကပညာရေးပါပဲ။ကျနော်တို့ရဲ့ပညာရေးဟာခေတ်မီတယ်လို့ပြောပေမယ့် တယောက်နဲ့တယောက်ညာနေရတဲ့ကိစ္စကိုကျနော်ထင်သာမြင်သာဖြစ်အောင်ပိုပြီးပွင့်လင်းတဲ့ ပညာရေးမျိုး
ဖြစ်အောင် ကျနော် လုပ်ချင်ပါတယ်”
အခုလက်ရှိပညာရေးကို ကိုရသက ဘယ်လိုမြင်လို့ ပြုပြင်ပြောင်းလဲချင်တာလဲ။
“ဘယ်လိုမျိုး ဖြစ်နေလဲဆိုတော့ ကျနော်တို့ လက်ရှိ ပညာရေးစနစ်ဟာ တရားခံတယောက်ကို စစ်သလိုမျိုး ကျနော် ခံစားရတယ်။ တရားခံစစ်သလိုမျိုးဆိုတာ လက်ပိုက်ပြီး စာဆိုခိုင်းတာမျိုး၊ ကြိမ်လုံးနဲ့ ရိုက်တာမျိုး။ ကျောင်းသားတွေကို တကယ်တော့ ဦးဆောင်စေရမယ်။ ပုံနှိပ်စာအုပ်ကြီး တခုထဲနဲ့ ချုပ်ကိုင်မထားဘဲနဲ့ ကျောင်းသားသင်ယူလိုတဲ့ပြဋ္ဌာန်းချက်မျိုးဖြစ်ရမယ်။ကျနော်တို့ဟာအင်္ဂလိပ်စာအခြေခံကို ကောင်းကောင်းမွန်မွန်မသင်နိုင်ဘူး။အဲဒီတော့ဇီဝဗေဒတို့၊ဓာတုဗေဒတို့ကိုအင်္ဂလိပ်လို သင်ရတဲ့အခါကျတော့ ကလေးတွေက စာကို အလိုလိုကြောက်သွားတယ်။ စာကိုကြောက်သွားတဲ့အတွက် စာမေးပွဲမှာ စာကိုကျက်ပြီးတော့ ကျော်လိုက်တယ်။ အဲဒီတော့ သူ့ရင်ထဲမှာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။ စာမေးပွဲပြီးသွားတော့လည်း စာအုပ်ကို ယောင်လို့တောင် ကောက်ကိုင်တော့မှာ မဟုတ်ဘူး။ စာမဖတ်တော့တဲ့ လူငယ်တယောက် ဖြစ်သွားပြီ။ အဲဒါဟာ အခု ပညာရေးစနစ်ကြောင့်ပဲ”
ခုနကိုရသပြောတဲ့လွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီစနစ်ပေါ်ထွန်းလာဖို့လက်ရှိအစိုးကလည်း ကြိုးပမ်းနေတယ်လို့ကြွေးကြော်နေတာပဲ။ကိုရသဖြစ်စေချင်တဲ့ ဒီမိုကရေစီစနစ်ကိုအစိုးရသစ်အနေနဲ့ အကောင်အထည် မဖော်တာကြောင့် ပါတီနိုင်ငံရေးမှာ ဝင်ပါတာလား။
“အကောင်အထည်ဖော်နေလား၊မဖော်လားဆိုတာတော့ကျနော်မပြောတတ်ဘူး။ကျနော်တို့အကုန်လုံးကတော့
မျှော်လင့်နေကြတာပဲ။အကောင်အထည်တော့ဖော်စေချင်တာပေါ့။တစတစတော့ဥပမာ - စာပေစိစစ်ရေးမှာ ဥပဒေ နှစ်ပိုင်းခွဲပြီး လုပ်ပေးတာတို့ အဲဒါမျိုးလေးတွေ လုပ်နေတာတော့ တွေ့ရတယ်။ အခုဟာကတော့ ရက်နည်းနည်းနဲ့တော့ လုပ်နိုင်ဦးမယ် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်မှာက အခြေခံ အဆင့်ကအစ အပေါက်တွေ အများကြီးပဲ ဖာစရာက”
ဟုတ်ကဲ့ အဲဒီအပေါက်တွေက ဘာတွေပါလိမ့်ဗျာ။
“ကျနော်ကတော့အသေးဆုံးပေါ့နော်၊ရပ်ကွက်စကားနဲ့ပဲပြောရမယ်ဆိုရင်တော့ရေမြောင်းလေးကို ဒီအတိုင်း ထားမယ့်အစားကွန်ကရစ်ရေမြောင်းလေးလုပ်လိုက်မယ်ဆိုရင်တခါကုန်ပဲလေ။ဘိလပ်မြေကလည်း ကျနော်တို့ တိုင်းပြည်ကထွက်တာပဲ။လမ်းတွေကိုလည်း အဲဒီလို လုပ်ပေးလိုက်ရင်တော့ ဒုက္ခတွေ နည်းနည်း သက်သာသွားမယ်လို့ ထင်တယ်”
ဒီလိုကိစ္စတွေကို အစိုးရသစ်အနေနဲ့ လုပ်ဆောင်နေတာတွေ မြင်နေရပြီလား။
“တချို့ကိစ္စတွေကိုတော့သူတို့အကောင်အထည်ဖော်တာရှိပါတယ်။သူတို့အကောင်အထည် မဖော်ရသေးတဲ့ ဟာတွေကိုလည်း ကျနော်တို့ပါတီကနေ ပြောပါ့မယ်”
ကိုရသတို့လိုလူငယ်အနုပညာရှင်တွေပေါ့၊နိုင်ငံရေးမှာပါဝင်မှုနည်းတာတွေ့ရပါတယ်။ ဘာ့ကြောင့်လို့ထင်လဲ။
“နိုင်ငံရေးလုပ်တာဟာသေချာတာကတော့ဘာမှအာမခံချက်မရှိဘူး။လူငယ်တယောက်အနေနဲ့ကော လူငယ်တယောက်ရဲ့မိဘအမြင်နဲ့ကောပေါ့။မိဘတွေကလည်းဒီစနစ်ကိုမျက်ဝါးထင်ထင် ကျော်လွန်ဖြတ်သန်းလာတဲ့ အခါကျတော့ မိဘတွေကလည်း သူ့သားသမီးတွေကို တခုခုဖြစ်မှာ စိုးရိမ်မှာပဲ။ ဒါမျိုးဆိုတာ စိတ်မဝင်စားတဲ့ ကိစ္စမျိုး ဖြစ်သွားတယ်၊ အဲဒါကြောင့်ပါ”
မြန်မာလူငယ်တွေရဲ့လက်ရှိအခြေအနေကိုကိုရသဘယ်လိုမြင်လဲလူငယ်တွေရဲ့ အခန်းကဏ္ဍကကော ဘယ်လိုရှိလဲ။
“လူငယ်တွေရဲ့ အခန်းကဏ္ဍကို စဉ်းစားပြီးတော့ စာရွက်ထဲမှာ ရေးချမယ်ဆိုရင်တောင် တော်တော်လေးကို နည်းပါးတဲ့ ကာလဆိုတာကို ကျနော် မြင်ရပါတယ်။ နောက်တခုက အလုပ်အကိုင် အခွင့်အလမ်းပါ။ လူငယ်တော်တော်များများက ဘွဲ့ရပြီးရင် ဘာလုပ်မလဲဆိုတာလည်း မသေချာဘူး၊ အာမခံချက်မရှိဘူး။ အဲဒီလိုမျိုး လူငယ်တွေရဲ့ အခန်းကဏ္ဍ ပိုပြီးတော့ ပွင့်လန်းလာအောင် ကျနော် လုပ်ပေးချင်လို့ပါ”
လောလောဆယ်မှာကော အနုပညာအလုပ် ဘာတွေလုပ်နေလဲဗျ။
“ကိုယ့်ဟာကိုယ်လူငယ်တွေနဲ့ပတ်သက်တဲ့Documentaryလေးတခုလုပ်ဖို့ကြိုးစားနေပါတယ်။ နာမည်ကတော့ ဥပမာ ခေတ်လူငယ်နဲ့ Something ပေါ့၊ အဲဒါတွေကို စီးရီးအလိုက် တခုပြီးတခု လုပ်သွားဖို့ ကျနော် စဉ်းစားနေပါတယ်။ ခေါင်းစဉ်လေးတွေ ရွေးနေပါတယ်”
ကိုရသတို့လိုနိုင်ငံရေးကို စိတ်ဝင်စားတဲ့လူငယ်တွေကိုကော နောက်ဆုံးအနေနဲ့ ဘာပြောချင်ပါလဲ။
“အဓိကကတော့ကိုယ်တာဝန်ကျတဲ့အခန်းကဏ္ဍကနေအကောင်းဆုံးလုပ်သွားနိုင်ရင်တော့လူဖြစ်ရကျိုးနပ်မယ်လို့ ကျနော်ထင်ပါတယ်။လူငယ်တွေကလည်းကိုယ့်တိုင်းပြည်အပေါ်ကိုစိတ်ဝင်စားရမယ်ပေါ့နော်။ ကိုယ့်တိုင်းပြည် အပေါ်ကို မျှော်လင့်ချက် ထားကြပါလို့ ပြောချင်ပါတယ်”





Geen opmerkingen: