မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 15 juli 2011

သစ္စာမြည်ဟည်းသံ

အရှင်ဇဝန Friday, 15 July 2011 15:38 အောက်မေ့ဖွယ်
.ထောင်ထဲကဇာတ်လမ်းတွေကိုပြန်ရေးတိုင်းဒီဇာတ်လမ်းကတော့ရင်ထဲမှာအခံစားရဆုံးပါပဲ။ကြုံတွေ့ခဲ့သမျှ အစာငတ်ခံဆန္ဒပြမှုတွေထဲ၁၉၈၈နောက်ပိုင်းအခုရေးမယ့်ဇာတ်လမ်းဟာပေးဆပ်ရမှု အကြီးမားဆုံးလို့တောင် ပြောလို့ရပါတယ်။ ၁၉၉၈ မှာ ဖြစ်ခဲ့တာပါ။


                                                                                                       အရှင်ဇဝန
သူတို့ဆင်နွှဲခဲ့တဲ့အချိန်ရောက်တိုင်းရင်ထဲမှာနာကျင်စွာခံစားရပါတယ်။စာတစောင်ပေတဖွဲ့ မရေးဖြစ်ခဲ့ပေမယ် ရင်ထဲက ဒဏ်ရာကို ကဗျာတပုဒ်အဖြစ် ရေးသီခဲ့ဖူးပါတယ်။
မေလကို ဖြတ်သန်းဖို့
ငါ့မျက်ရည်တွေကို
တမံတုတ်ထားရတယ်။
စိတ်ကိုကလစ်တချက် နှိပ်ရုံနဲ့
မေလထဲက
အံကြိတ်သံ၊ တောက်ခေါက်သံ တွေဟာ
ငါ့ရင်ထဲမှာ ဆူညံနေဆဲပဲ။
၁၉၉၈မှာသူတို့အမှုတွဲအားလုံးလွတ်ရက်စေ့တော့မှာပါ။ဒါပေမယ့် ခံစားခွင့်အားလုံး ပိတ်ပင်ထားတယ်ဆိုတဲ့ သတင်းစကားက သူတို့ကို တစုံတခု တုန့်ပြန်ဖို့ ပြင်ဆင်ခိုင်း လိုက်တာပါပဲ။
ထောင်ထဲစရောက်ရောက်ချင်းအကျဉ်းသားတိုင်းကြားနေကျစကားတခွန်းရှိတယ်။အိမ်မှာလည်း အိမ်စည်းကမ်း၊ထောင်မှာလည်းထောင်စည်းကမ်းဆိုပြီးတန်းစည်းဆိုသူ၊တာဝန်ကျဝန်ထမ်းဆိုသူက ကျယ်လောင်စွာအသိပေးတဲ့စကားတခွန်းပါ။သူတို့ပြောနေတဲ့စည်းကမ်းဟာပြဿနာမရှာဘဲနေထိုင်ဖို့ ပြောတဲ့စကားသာဖြစ်နေပါတယ်။အကျဉ်းသားတွေရသင့်ရထိုက်တဲ့အခွင့်အရေးအားလုံးနီးပါးကို ပိတ်ပင်ထားပြီးထောင်ကပေးရမယ့်အခွင့်အရေးအားလုံးနီးပါးကတော့ချိုးဖျက်ခြင်းခံထားရပါတယ်။ ချိုးဖျက်ခြင်းခံရတဲ့အထဲမှာနိုင်ငံရေးအကျဉ်းသားအားလုံးရဲ့လျှော့ရက်တွေကိုလုံးဝမပေးတော့တာပါပဲ။
သာမန်အကျဉ်းသားတွေ၃လ၁ကြိမ်လျှော့ရက်တွေကိုကိုယ်စီခံစားကြရပေမယ့်နိုင်ငံရေး အကျဉ်းသားတွေကတော့ဘာလျှော့ရက်မှမရဘဲအခန်းကျဉ်းထဲမှာနှစ်အတိအကျထည့်လှောင်ထားခြင်း ခံရတာပါ။ဒီမတရားမှုကိုတွန်းလှန်ဖို့သူရဲကောင်းတွေပေါ်ထွက်ခဲ့တယ်။ကိုအောင်ကျော်မိုး၊ ကိုခင်မောင်ကြည်၊ကိုသိန်းထူး၊ကိုမြင့်ရီ၊ကိုသိန်းဇော်၊ကိုကျော်ဦးညိုဒီရဲဘော်တွေဟာ၁၉၉၈မေလ၁၀ ရက်နေ့မှာ တိုက်ပွဲကို စတင်ဖို့ ပြင်ဆင်လိုက်တယ်။
သစ္စာတရားရဲ့
ခါးသီးတဲ့ အရသာတွေကိုစားသုံးဖို့
သူတို့ သွားကြတော့မည့်
၁၉၉၈ ခုနှစ်ရဲ့
မေလ ၁၀ ရက်ဟာ
ငါတို့အားလုံးကို
အသင့်အနေအထားရှိဖို့
ပုတ်နှိုးလိုက်ကြတယ်...။
သူတို့အစာငတ်ခံဆန္ဒပြကြတယ်။ညွှန်ကြားရေးမှူးဆိုသူကိုယ်တိုင်လာရောက်ဖြေရှင်းတယ်။တကယ်က ထောင်ထဲရောက်ခါစသူတို့ပြောတဲ့စကားအတိုင်းထောင်စည်းကမ်းဆိုတာကိုအတိအကျလိုက်နာရင် ဘယ်သူမဆို၃လ၁ကြိမ်ရမယ့်လျှော့ရက်ဆိုတာခံစားရမှာမလွဲပါဘူး။ခုတော့လွတ်ရက်စေ့ပေမယ့် ဥပဒေအထက်ကလူကြီးမင်းများရဲ့အမိန့်တခွန်းတည်းနဲ့ထောင်စည်းကမ်းဆိုတာမြောင်းထဲ ရောက်သွားရတာပါပဲ။
သူတို့ရဲ့အလုပ်ဟာ
တရား ဥပဒေ အထက်ကလူများရဲ့
မတရားမှုကိုခုခံဖို့
မသမာမှုကို
တွန်းလှန်မည့် ခံစစ်ဖြစ်သလို....
သစ္စာတရားအတွက်
ရှေ့ကိုတိုးတဲ့
ထိုးစစ်လည်းဖြစ်တယ်...။
တကယ်က သူတို့ဟာ
ယုံကြည်ချက်ကို
အသက်ထက်ချစ်သူ..
ဂုဏ်သိက္ခာကို
ရှင်သန်ခြင်းထက်မြတ်နိုးသူ...
ညွှန်ကြားရေးမှူးပြောတာကတော့ဒီကိစ္စကသူတို့လုပ်တာမဟုတ်ပါဘူး၊အထက်ကတာဝန်အရှိဆုံးလူကြီး၂ ယောက်ကလုပ်တာပါလို့ဆန္ဒပြမှုကိုနောက်ဆုတ်အောင်တောင်းပန်ခဲ့တယ်ဆိုတာသိရတယ်။သူတို့ ဘယ်လိုပဲတောင်းပန်တောင်းပန်အမှန်တရားအတွက်၊တရားမျှတမှုအတွက်အရာအားလုံးကိုရင်ဆိုင်ရဲတဲ့ ရဲဘော်တွေဟာ တိုက်ပွဲကို မကြောက်ရွံ့ခဲ့ဘူး။
သူတို့တိုက်ပွဲဝင်သူတွေကိုများပြားလှတဲ့သာယာဝတီထောင်ရဲ့တိုက်ခန်းတွေထဲမှာနေရာရွှေ့ပြီး ကျန်တဲ့သူတွေနဲ့အဆက်အသွယ်ဖြတ်ထားလိုက်တယ်။အယ်လ်နီညိုအပူလှိုင်းအစွမ်းကုန်အစွမ်းပြနေတဲ့ နေ့ရက်တွေမှာသူတို့ကိုရေဖြတ်လိုက်တယ်။ထမင်းအသက်၇ရက်ခံတဲ့အချိန်မှာရေအသက်ဟာတမနက်ပဲ ရှိပါတယ်။ရေဓာတ်ကုန်ခမ်းတဲ့ဒဏ်ကိုသူတို့တွေကြာရှည်မခံစားနိုင်ကြပါဘူး။တယောက်ပြီးတယောက် မေ့မြောကုန်ကြပါတယ်။ဟိုရှေ့ကကြားခဲ့ဖူးတဲ့အစာငတ်ခံဆန္ဒပြမှုတွေဟာရက်ရှည်ရှည်ခံနိုင်ရည် ရှိခဲ့ကြပါတယ်။မေ့မြောသွားစဉ်ကျန်တဲ့ရဲဘော်တွေဆေးကုသမှုခံယူခဲ့ပေမဲ့နောက်ဆုံးအထိ တိုက်ပွဲဝင်သွားသူကတော့ ...
ဆရာတော် ဦးဝိစာရဟာ
ရက်ပေါင်း ၁၀၀ ကျော်တဲ့အထိ..
ကျွန်းတိုက်ပွဲက ရဲဘော်များဟာ
ရက်ပေါင်း ၅၀ ကျော်တဲ့ အထိ..
ဒါပေမယ့် သူ့ကျတော့......
အယ်လ်နီညိုနဲ့
မာန်တက်နေတဲ့ မိုးမင်းကြီးတောင်
ကိုအောင်ကျော်မိုးကြောင့်
မေ ၁၆ ရက်နေ့မှာ
မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတယ်။
မေလ၁၆ရက်နေ့မှာကိုအောင်ကျော်မိုးကျဆုံးခဲ့တယ်။သူရဲဘောကြောင်တဲ့အာဏာရှင်တွေဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ကြောက်ဒူးတုန်နေကြတယ်။ပုံမှန်လွတ်ရက်စေ့နေသူတွေကိုတောင် ပြန်မလွှတ်ပေးရဲဘဲအကြောင်းအမျိုးမျိုးပြတားဆီးတယ်။သူတို့တွေကြောက်ရွံ့တုန်လှုပ်နေချိန်မှာ အမှန်တရားအတွက်ရဲဝံ့စွာရင်ဆိုင်ခဲ့သူတွေကတော့ထောင်တိုင်းထောင်တိုင်းမှာရှိနေဆဲပဲ။သည်အထဲမှာ ကိုအောင်ကျော်မိုးလိုအသက်ကိုပေးဆပ်ပြီးသစ္စာတရားဘက်ကမားမားမတ်မတ်ရပ်တည်ခဲ့သူလည်း ရှိခဲ့တယ်။ သေခြင်းတရားကိုရဲဝံ့စွာရင်ဆိုင်ပြီးမတရားမှုကိုဆန့်ကျင်ပြခဲ့တယ်။ဒီထက်ပြောင်မြောက်တဲ့ စွန့်လွှတ်မှုဘယ်မှာရှိတော့မလဲ။ဒီလိုသူရဲကောင်းတွေကိုတန်ဖိုးထားရမယ်။သူတို့ဟာအမှန်တရားကို အသက်ထက်ချစ်သူတွေဖြစ်တယ်။သူတို့ကိုင်စွဲထားတဲ့သစ္စာတရားရဲ့မြည်ဟည်းသံကတော့ ကမ္ဘာတည်သရွေ့ ပဲ့တင် ထပ်နေဦးမှာ ဖြစ်တယ်။
ဆရာတော် ဦးဝိစာရကို
သူ့ခေတ်ရဲ့ သူရဲကောင်းအဖြစ်
နှောင်းလူတွေ
ဦးညွှတ်ကြ....
ဂုဏ်ပြုကြ....
တန်ဖိုးထားကြ....
တို့ခေတ်ရောက်မှ ရိုင်းကြရတော့မှာလား
စစ်ပြိတ္တာတွေက
ငါတို့သမိုင်ကို
ချောင်ထိုးထား
ပါးစပ်မဟရဲအောင်လုပ်ထားပေမယ့်
ငါတို့ခေတ်ရဲ့
အပြောင်မြောက်ဆုံးသော
သူရဲကောင်းအကြောင်းကိုပြောမယ်။
ကိုအောင်ကျော်မိုးရေ ....
အတိုဆုံးသော ဒီဂုဏ်ပြုကဗျာလေးရဲ့
အကျယ်လောင်ဆုံးသော မြည်ဟည်းသံကို
လူသားအားလုံး ကြားသိစေ.....
ခေတ်တိုင်းရဲ့ လူသားတိုင်းကြားသိစေ....
ကမ္ဘာတည်သရွေ့ ကြားသိစေ.....။
အရှင်ဇဝနသည်နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီးသာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့၊မဲဆောက်ရုံး၏တာဝန်ခံလည်းဖြစ်ပါသည်။

Geen opmerkingen: