မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 26 juli 2011

မြို့ပတ်ရထားပုဂ္ဂလိကပိုင်ဖြစ်ရေးနေပြည်တော်တွင်ဆွေးနွေး

စည်သူ Tuesday, 26 July 2011 19:14
.ရန်ကုန်မြို့ရှိမြို့ပတ်ရထားလုပ်ငန်းကိုပြည်တွင်းရှိပုဂ္ဂလိကလုပ်ငန်းရှင်များအားလုပ်ကိုင်ခွင့်ပေးရေးအတွက် စိတ်ဝင်စားသည့်လုပ်ငန်းရှင်များကိုဖိတ်ခေါ်၍ဆွေးနွေးပွဲတရပ်ကိုနေပြည်တော်ရှိရထားပို့ဆောင်ရေး ၀န်ကြီးဌာနတွင် ယနေ့ ကျင်ပသွားသည်။
တကြိမ်တည်းခရီးသည်နှင့်ကုန်များစွာတင်ဆောင်နိုင်ပြီးဈေးနှုန်းချိုသာသော်လည်းနှစ်ပေါင်းများစွာ အရှုံးပေါ်နေသည့်အပြင်ညံ့ဖျင်းသောဝန်ဆောင်မှု၊သန့်ရှင်းမှုမရှိခြင်းတို့ကြောင့်အဝေဖန်ခံနေရသဖြင့် ယခုကဲ့သို့ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းဖြစ်ကြောင်းရထားပို့ဆောင်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယနေ့အစည်းအဝေးတွင် ပြောကြားသည်။
“အဓိကကတော့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမြတ်ဉာဏစိုးကလွှတ်တော်မှာရန်ကုန် မြို့ပတ်ရထားတွေနဲ့ပတ်သတ်ပြီးတင်ပြလာလို့အခုလိုပုဂ္ဂလိကပိုင် ပြုလုပ်ရေးဖြစ်သွားတာပါ”ဟုဝန်ကြီးက ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)မှကိုယ်စားလှယ်၁ ဦး၊ ဦးအောင်သောင်၏သား ဦးနေအောင်ပိုင်အိုင်ဂျီအီးလုပ်ငန်း၊ရွှေတောင်ဖွံ့ဖြိုးရေး စသည်တို့မှလုပ်ငန်းရှင်များအပါအ၀င် လုပ်ငန်းရှင်ပေါင်း၉၀ခန့်တက်ရောက်သည့်ယင်းအစည်းအဝေးတွင်တိကျသည့်ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်း မရှိကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။
“အခုတကြိမ်ကဆွေးနွေးတယ်ဆိုရုံပါပဲ။နောက်တကြိမ်အစည်းအဝေး ထပ်ခေါ်ရင်တော့ ဒီထက်ပြတ်သားတဲ့ ဆုံးဖြတ်ချက် တွေ ထွက်ပေါ်လာမယ် ထင်ပါတယ်” ဟု အစည်းအဝေး တက်ရောက်လာသည့် လုပ်ငန်းရှင် တဦးက ပြောကြားသည်။
ယင်းအစည်းအဝေးတွင် ရန်ကုန်မြို့ပတ်ရထား လုပ်ငန်းတခုလုံးအား ပုဂ္ဂလိကပိုင်လွှဲမည်လော၊ အပိုင်းလိုက် ခွဲကာ လွှဲမည် စသည်ဖြင့် မဆုံးဖြတ်နိုင်သကဲ့သို့ နှစ်မည်မျှကြာ ငှားရမ်းမည်၊ ငွေကြေးပမာဏ မည်မျှရှိမည် ဆိုသည်ကိုလည်း မဆုံးဖြတ် နိုင်သေးကြောင်း သိရသည်။
တရက်လျှင်ခရီးသည်၁သိန်းခန့်ကို၁၅မိုင်အထိ၁၀ကျပ်၊၁၅မိုင်ကျော်လျှင်၂၀ကျပ်ဖြင့် ပို့ဆောင် ပေးနေသည့် ရန်ကုန်မြို့ပတ်ရထားလုပ်ငန်း၏တလ၀င်ငွေမှာကျပ်၄၂ သန်းကျော်သာရှိပြီးအသုံးစရိတ်သန်း၂၆၀ ကျော်ရှိသဖြင့် များစွာ အရှုံးပေါ်လျက် ရှိသည်။
“ကျနော်တို့ကအောင်မြင်တဲ့လုပ်ငန်းတခု၊လူတိုင်းလိုချင်တဲ့လုပ်ငန်းတခုကိုယူရမှာမဟုတ်ဘူး။ဒါကြောင့် အရှုံးကာမိအောင်ဘူတာကနေတက္ကစီ၊ဘတ်စ်ကားဝန်ဆောင်မှုလုပ်ငန်း၊ဘူတာနယ်မြေအတွင်း စားသောက်ဆိုင်၊ဟိုတယ်စတဲ့ အပိုဝင်ငွေရစေမယ့်လုပ်ငန်းမျိုးနဲ့တွဲဖက်လုပ်ကိုင်ခွင့် ရချင်ပါတယ်”ဟု စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။
တခြား စီးပွားရေး လုပ်ငန်းရှင် တဦးကလည်း မြို့ပတ်ရထားကို ပုဂ္ဂလိက စလုပ်သည့် ၄၊ ၅ နှစ်တွင် အရှုံးပေါ်နိုင်ကြောင်း၊နှစ်ကြာလာလျှင် မြတ်လာမယ် ထင်ကြောင်း၊ ခရီးသည်လည်း မထိခိုက် လုပ်ငန်းရှင်လည်း အမြတ်ရမည့် ဈေးနှုန်းဖြစ်ရန် လိုကြောင်း ပြောသည်။
“အခုရထားခက၁၀၊၂၀ကျပ်ကနေခင်ဗျားတို့မကိုက်ရင်ဘယ်လောက်တိုးယူမလဲစဉ်းစားထားပါ။ ၇၀ကျပ်ဆို ကိုက် မလား၊ ၁၀၀ ကိုက်မလား စသဖြင့်ပေါ့။ ခင်ဗျားတို့ အဆင်ပြေနိုင်မယ့် ဈေးနှုန်းကိုပဲ အဆိုပြုပါ” ဟု ၀န်ကြီး ဦးအောင်မင်းက ဆိုသည်။
ဆက်လက်၍ ၎င်းက အဝေးပြေးရထားခအား ၁ မိုင် အတွက် ၄ ကျပ်ယူထားကြောင်း၊ နေပြည်တော် - ရန်ကုန်ခရီးကို ကျပ် ၉၀၀ သာ ရှိကြောင်း ဆက်ပြောသည်။
“ဘူတာကနေအိမ်ကိုတက္ကစီငှားခ၃ထောင်၊၄ထောင် တောင် မမြင်ကြတာ၊ ရထားခ နည်းနည်းတက်တာကို မြင်ကြဖို့မကောင်းပါဘူး” ဟု ၀န်ကြီး ဦးအောင်မင်းက ဆိုသည်။
မြို့ပတ်ရထားအား ပုဂ္ဂလိကပေးလိုက်ပါက အစိုးရပိုင်ထက် ၀န်ဆောင်မှုပိုကောင်းလာမည်ဟု ထင်ကြောင်း၊ ယခု လက်ရှိတွင် မြို့ပတ် ရထားများ တနေကုန်ထွက်မလာသည့် နေ့များ ရှိကြောင်း ရန်ကုန် ကြည့်မြင့်တိုင် မြို့နယ်မှ ဒေသခံတဦးက ပြောသည်။
မြို့ပတ်ရထားပုဂ္ဂလိကပိုင်ပြုရေးနှင့်ပတ်သတ်၍၂ပတ်မှ၁ လအတွင်း အစည်းအဝေး ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။



ရန်ကုန် မြို့ပတ်ရထားလမ်းသည် မိုင် ၇၀ ခန့် ရှည်လျားပြီး နေ့စဉ်ခေါက်ရေ ၂၀၀ ကို ၅ မိနစ်ခြား ပြေးဆွဲနေကာ အဆိုပါ လုပ်ငန်းတွင် ဘူတာနှင့် ရပ်စခန်း ၇၇ ခု၊ ရထား ခေါင်းတွဲ ၂၅ တွဲ၊ လူစီးတွဲ ၉၀ တို့ ပါဝင်ကြောင်း သိရသည်။

Geen opmerkingen: