မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 11 juli 2011

ပုဂံမြို့ဟောင်းကိုရှေးမူမပျက်ပြုပြင်ရန်လိုအပ်ဟုဒေါ်အောင်ဆန်းစုကြည်ပြော

ဧရာဝတီ Monday, 11 July 2011 16:04
ပုဂံမြို့ဟောင်းရှိရှေးဟောင်းအမွေအနှစ်များအားမူရင်းလက်ရာမပျက်ထိန်းသိမ်းရေးနှင့်ပြုပြင်ရေးများပြုလုပ်ရန် လိုအပ်နေကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
တက္ကသိုလ်ရိပ်သာလမ်းရှိနေအိမ်တွင်ပုဂံခရီးစဉ်နှင့်ပတ်သက်၍ယနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (ဓာတ်ပုံ-AP)
ပုဂံဒေသရှိရှေးဟောင်းဘုရားပုထိုးစေတီများအားပြုပြင်ရာတွင်မူလအတိုင်းမပျက်မစီးရှိစေရန် အချိန်ယူပြုပြင်သင့်ကြောင်း၊လက်ရှိပြုပြင်မှုများကြောင့်ရှေးဟောင်းအမွေအနှစ်များပျက်စီးနိုင်ကြောင်း သူကရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းရှိ၎င်း၏နေအိမ်တွင်ယနေ့ကျင်းပသည့်သတင်းစာရှင်းလင်းပွဲ၌ ဆိုသည်။
သူ့အနေဖြင့်ပုဂံသို့ဘုရားဖူးခရီးစဉ်သွားရောက်ခဲ့စဉ်လိုအပ်ချက်များ၊ဒေသခံများ၏ဘ၀တိုးတက်ဖွံ့ဖြိုးရေး အတွက်လုပ်ဆောင်ရမည့်အချက်များကိုတွေ့ရှိခဲ့သောကြောင့်ပညာရှင်များ၊ကုလသမဂ္ဂပညာရေး၊သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)နှင့်တကွပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဒေါ်အောင်ဆန်း စုကြည်က ရှင်းပြသည်။
“နီပေါမှာဆိုရင်ရှေးဟောင်းအဆောက်အအုံတွေထိန်းသိမ်းတဲ့နေရာမှာအချိန်ယူပြီးလုပ်တယ်။ဥပမာအဆောက် အအုံတွေမှာအုတ်တွေဘာတွေအစားထိုးမယ်ဆိုရင်သေသေချာချာပညာရှင်တွေနဲ့လေ့လာပြီးမှ အဲဒီ ရှေးဟောင်းအုတ်အတိုင်းဖုတ်ပြီးပြုပြင်တယ်။အဲဒီလိုမျိုးလုပ်ရမယ်။ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းတယ် ဆိုပြီးထုံးသုတ်လိုက်လို့မရဘူး။မွမ်းမံတာကလွယ်တယ်၊မွမ်းမံလိုက်တဲ့ဟာကိုပြုပြင်ဖို့ခက်ခဲတယ်”ဟု ၎င်းက ပြောသည်။
ရှေးဟောင်း ယဉ်ကျေးမှုမြို့တော်ဖြစ်သော ပုဂံမြို့ဟောင်းရှိ ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းရေးနှင့် ပုဂံဒေသခံများ၏ဘ၀အခြေအနေများတိုးတက်ဖွံ့ဖြိုးရေးအတွက်ကုလသမဂ္ဂအပါအ၀င် အစိုးရမဟုတ်သော INGO၊NGOအဖွဲ့အစည်းများအားလုံးပါဝင်သည့်“FriendsofBagan”ဆိုသည့်အဖွဲ့တဖွဲ့ဖွဲ့စည်းဆောင်ရွက် မည်ဖြစ်ကြောင်းလည်း သူက ဆိုသည်။
“Friends of Bagan ဖွဲ့ဖို့က သက်ဆိုင်ရာ ပညာရှင်တွေ၊ UNအဖွဲ့အစည်းတွေနဲ့လည်း တိုင်ပင်ရဦးမယ်။ တိုင်ပင်ရုံနဲ့လည်း မပြီးသေးဘူး။ ရန်ပုံငွေ ရှိဖို့၊ ရဖို့လည်း လုပ်ရမယ်။ ဒီဒေသမှာ ပြုပြင်ထိန်းသိမ်းရေး လုပ်ဖို့ လိုအပ်နေတာကို တွေ့ရတယ်။ တခုတော့ ကျမ အားတက်တယ်။ ကျမတို့ လုပ်လို့ရှိရင် အစိုးရက နောက်က ၁၀ ဆ လိုက်လုပ်တတ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
၁၉၉၆ခုနှစ်(မြန်မာ့ခရီးသွားနှစ်)ကအဓမ္မလုပ်အားပေးခိုင်းစေမှုများရှိခဲ့ခြင်း၊ ရှေးဟောင်း အမွေအနှစ်များကို ပြုပြင်ရာတွင်UNESCO၏ကန့်ကွက်မှုများရှိနေခြင်းအပါအ၀င်အကြောင်းအရာများစွာကြောင့် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည်များ မလာရေးကိစ္စအားတရားဝင်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ခရီးသွား လုပ်ငန်းကြောင့် ဒေသခံများ အကျိုးဖြစ်ထွန်းနိုင်ကြောင်း၊ သို့သော်လည်း သဘာဝပတ်ဝန်းကျင်နှင့် ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေးသည် အလွန်အရေးကြီး ကြောင်း သူက ဆိုသည်။
“ခရီးသွားလုပ်ငန်းနဲ့ပတ်သက်လို့ပြည်သူတွေလည်းအကျိုးဖြစ်နိုင်တယ်၊တိုင်းပြည်အတွက်လည်းအကျိုးဖြစ်နိုင်တဲ့ အတွက် NLDကနေ ခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သဘောထားကို တရားဝင် ထုတ်ပြန်ထားတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။
                                                                   ပုဂံမှ စေတီတော် တဆူ (ဓာတ်ပုံ - AP)
အညာဒေသတွင်ဒေသခံများသည် ထန်းလျက်ချက်သည့် လုပ်ငန်းနှင့် အဓိက အသက်မွေး ကြသည့်အတွက် ထင်း လောင်စာကို အသုံးပြုကြကြောင်း၊ ထင်းလောင်စာ အသုံးပြုကြသည့်အတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးသဖြင့်အစားထိုးလောင်စာသုံးစွဲနိုင်သောအစီအမံများ ရှိရန်လိုအပ်ကြောင်းလည်း သူက ရှင်းပြသည်။
FriendsofBaganအဖွဲ့လုပ်ဆောင်ရာတွင်အစိုးရက ပူးပေါင်းဆောင်ရွက်မည် ဆိုပါက ၎င်းတို့ဘက်ကလည်း ပြန်လည် ပူးပေါင်းဆောင် ရွက်သွားမည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်ပုဂံအာနန္ဒာဘုရားနှင့်မြစေတီကိုဖူးမြော်ရခြင်းမှာကျန်စစ်သား၏ သစ္စာစောင့်သိမှု၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းမှုများကိုလေးစား အားကျ၍ ဖြစ်ကြောင်း၊အကျဉ်းစံဘုရင်တည်ထားသောမနူဟာဘုရားကိုလည်း သွားရောက် ဖူးမြော်ခဲ့ခြင်းမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ နိုင်ငံရေးအကျဉ်းသားများနှင့်NLDအဖွဲ့ဝင်များမှာ လွတ်မြောက်မှု မရှိသေးဘဲ အကျဉ်းကျခံနေရသည်ကို အသိအမှတ် ပြုခြင်းဖြစ်ကြောင်း ၎င်း၏ ဘုရားဖူးခရီးစဉ်နှင့် ပတ်သက်၍ ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပုဂံဒေသသို့ ဇူလိုင် ၄ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ၈ ရက်နေ့အထိ ဘုရားဖူး အလည်အပတ် သွားရောက်ခဲ့သည်။

Geen opmerkingen: