မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 4 juli 2011

ထိုင်းပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်မစ္စယင့်လပ် ဖြစ်လာမည်

ရန်ပိုင် Monday, 04 July 2011 19:36
.ထိုင်းနိုင်ငံ၏တနင်္ဂနွေနေ့ကရွေးကောက်ပွဲတွင်မစ္စယင့်လပ်ရှင်နာဝပ်ဦးဆောင်သည့်ဖုယာ့ထိုင်းပါတီက လက်ရှိဝန်ကြီးချုပ်အဖိဆစ်ဝေ့ချာချီဝ၏ဒီမိုကရက်ပါတီကိုမဲအပြတ်အသတ်ဖြင့်အနိုင်ရ၍ထိုင်းနိုင်ငံ၌ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာ တော့မည်။
ဖုယာ့ထိုင်းပါတီဌာနချုပ်၌ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲပြီးနောက်မစ္စယင့်လပ်ကပြည်သူပရိသတ်အား နှုတ်ဆက်နေစဉ်(ဓာတ်ပုံ-AP)
အဆိုပါရွေးကောက်ပွဲ၌လက်ရှိအာဏာရဒီမိုကရက်ပါတီကအမတ်နေရာ၁၆၀နေရာတွင်သာအနိုင်ရရှိခဲ့ပြီး အတိုက်အခံဖုယာ့ထိုင်းပါတီက၂၆၂နေရာရရှိခဲ့သည်။
မစ္စယင့်လပ်ရှင်နာဝပ်သည်လာဘ်စားမှုဖြင့်ဝရမ်းထုတ်ခြင်းခံထားရသည့်ဝန်ကြီးချုပ်ဟောင်းမစ္စတာ သက်ဆင်ရှင်နာဝပ်၏ညီမအငယ်ဆုံးဖြစ်သည်။မစ္စယင့်လပ်မှာမစ္စတာသက်ဆင်၏ ကိုယ်ပွားတယောက်ဖြစ်သည်ဟုလည်း ထိုင်း နိုင်ငံရေးလောကတွင် နာမည်ကြီးသူ တဦးဖြစ်သည်။
ဝန်ကြီးချုပ်အဖိဆစ်ဝေချာချီဝကမူမစ္စယင့်လပ်ရွေးကောက်ပွဲဝင်ရောက်ခြင်းသည်တိုင်းပြည်အတွက် အကျိုးပြုရန်မဟုတ်ဘဲအစ်ကိုဖြစ်သူမစ္စတာသက်ဆင်ပြည်တော်ပြန်နိုင်ရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု မဲဆွယ်စည်းရုံးရာတွင် ပြောဆိုခဲ့သည်။
မစ္စယင့်လပ်သည်ထိုင်းနိုင်ငံရေးလောကသို့ဝင်ရောက်ခဲ့သည်မှာသီတင်း၆ပတ်သာ ကြာမြင့်သေးသော်လည်းယခုရွေးကောက်ပွဲတွင်မဲအပြတ်အသတ်ဖြင့်အနိုင်ရခဲ့သည့်အတွက် အစ်ကိုဖြစ်သူ၏ သြဇာအရှိန်အ၀ါဖြင့် အနိုင်ရခြင်းဖြစ်သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။
ရွေးကောက်ပွဲအနိုင်ရဖူးယာ့ထိုင်း ပါတီသည် ချတ်ထိုင်းပါတီ အပါဝင် ပါတီငယ်လေးခုနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းမည်ဟု ယနေ့ ထုတ်TheNationသတင်းစာတွင်ဖော်ပြထားပြီး ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝလည်း ရာထူးမှ နုတ်ထွက်ပေးရမည်ဟု ရေးသား ထားသည်။
မစ္စယင့်လပ်ကအမျိုးသားပြန်လည်သင့်မြတ်ရေးကိုလုပ်ဆောင်ရန်သံန္နိဋ္ဌာန်ချထားကြောင်း ဆန္ဒရှိသည်ဟုလည်း ဖော်ပြထားသည်။
မစ္စတာသက်ဆင်ဝန်ကြီးချုပ်အဖြစ်တာဝန်ယူစဉ်ကအိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး အထူးသဖြင့်မြန်မာနိုင်ငံတွင်ထိုစဉ်ကအုပ်ချုပ်ခဲ့သည့်စစ်အစိုးရနှင့်ဆက်ဆံရေးကောင်းမွန်ခဲ့ကာ ဆက်သွယ်ရေးလုပ်ငန်းတွင် ငွေအလုံးအရင်းဖြင့် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ခဲ့ဖူးသည်။
ထို့အပြင်ဘန်ကောက်မြို့ရှိမနီလွိုင်ဒုက္ခသည်စခန်းကိုဖျက်သိမ်းကာမြန်မာဒုက္ခသည်များကို နယ်စပ်ဒေသသို့ ပို့ဆောင်ခဲ့သည့် အ ပြင် တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားများကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့သည်။
လက်ရှိထိုင်းနိုင်ငံတွင်လည်းမြန်မာနိုင်ငံမှရွှေ့ပြောင်းအလုပ်သမား၂သန်းမှ၎သန်းအတွင်း အလုပ်လုပ်ကိုင်နေပြီး နယ်စပ် ဒေသ ရှိ ဒုက္ခသည်စခန်းများတွင်လည်း ဒုက္ခသည် သိန်းနှင့်ချီ ရှိနေသည်။
ထိုင်းနိုင်ငံတွင်လူအခွင့်အရေးများဆောင်ရွက်နေသည့် ဘန်ကောက်မြို့ အခြေစိုက် လူအခွင့်အရေး တိုးတက်ရေးအဖွဲ့(HRDF)၏အကြံပေးပုဂ္ဂိုလ်အန်ဒီဟောကလက်ရှိအနိုင်ရရှိထားသည့် ဖုယာ့ထိုင်းပါတီသည် ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍မည်သို့သဘောထားမည်ကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ပြောသည်။
“ကျနော်သိရသလောက်ဒီမိုကရက်ပါတီလက်ထက်အလုပ်သမားတွေကအဆင်မပြေမှုများတယ်လို့ပြောကြတယ်”ဟု အန်ဒီဟော က ဆိုသည်။
ချင်းမိုင်အခြေစိုက်အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှအတွင်းရေးမှူးဒေါ်တင်တင်ညိုကမစ္စယင့်လပ် အရွေးချယ်ခံရခြင်းကိုကြိုဆိုကြောင်း၊ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် မြန်မာအတိုက်အခံအဖွဲ့အစည်းများအပေါ်တွင် မည်သို့သဘောထားမည်ကို စောင့်ကြည့် ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

Geen opmerkingen: