မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 12 juli 2011

NLDဆက်လက်ရပ်တည်ရေးစိုးရိမ်နေရ

လင်းသန့် Tuesday, 12 July 2011 18:38
.အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအပေါ်ဖိအားပေးခြိမ်းခြောက်မှုများကိုအစိုးရကဆက်တိုက် ပြုလုပ် လာသည့်အတွက်ပါတီဆက်လက်ရပ်တည်ရေးအတွက်စိုးရိမ်မှုမြင့်မားနေသည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
NLDရုံးချုပ်တွင်ပြုလုပ်သည့်သတင်းစာပညာသင်တန်းဖွင့်ပွဲအခမ်းအနားတွင်မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ်(ဓာတ်ပုံ-ဧရာဝတီ)
“NLD ပါတီ ဆက်လက်ရပ်တည်ရေးအတွက် အလွန်သိမ်မွေ့တဲ့ အခြေအနေပါ” ဟု ၎င်းက ဆိုသည်။
မကြာသေးမီကမြန်မာအစိုးရသစ်၏ပြည်ထဲရေးဝန်ကြီးလက်မှတ်ဖြင့်NLDပါတီဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်တို့ထံသတိပေးစာ၁စောင်ပေးပို့ထားပြီးNLD ပါတီအနေဖြင့် တရားမ၀င် တော့ကြောင်း ၎င်းစာတွင် ထောက်ပြထားသည်။
NLD ပါတီဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ဖြင့် ၎င်းတို့ပါတီသည် တရားဥပဒေအရ တရားဝင် ရပ်တည်နေသော နိုင်ငံရေးပါတီဖြစ်ပြီး မတူကွဲလွဲနေသည့် ကိစ္စများကို ဆွေးနွေးအဖြေရှာမည်ဟု အကြောင်းပြန်စာ ပေးပို့ခဲ့သည်။
ယခုရက်ပိုင်းNLDရုံးချုပ်ကိုအာဏာပိုင်များကလုံခြုံရေးထူးခြားစွာ ချမှုများလုပ်ဆောင်လာပြီးNLDပါတီကို မှတ်ပုံတင်ရန် ခြိမ်းခြောက် ဖိအားပေးမှုများလည်း ရှိနေသည်ဟု သိရသည်။
“တရားဥပဒေနဲ့အညီ စနစ်တကျဖွဲ့စည်းထားတဲ့ NLD ပါတီကို စာပို့တာတို့၊ မှတ်ပုံတင်ရမယ် ဘာမယ်ဆိုပြီး လုပ်နေတာတွေကပါတီရပ်တည်ရေးကိုခြိမ်းခြောက်နေတာပါပဲ။အစိုးရကမပျက်ပျက်အောင်ဖျက်ဖို့ ကြိုးစားနေတာကိုတဖက်ကပါတီဝင်တွေကလည်းထောင်ကျကျ၊သတ်သတ်သေသေ၊အဲဒီလို စွန့်စွန့်စားစားနဲ့ ပါတီကို ကာကွယ်ကြရမယ့်အခြေအနေမှာရှိနေတယ်”ဟု ၀ါရင့်နိုင်ငံရေးသမားကြီး သံတမန်ဟောင်း သခင်ချန်ထွန်းက ပြောသည်။
NLDပါတီအနေဖြင့်၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်ရွေးကောက်ပွဲဆိုင်ရာတချို့သော ဥပဒေများကို ပြင်ဆင်ရန် တိုက်တွန်းခဲ့သော်လည်း ယခင် စစ်အစိုးရက မည်သို့မျှအကြောင်းပြန်ခြင်းမရှိသဖြင့် ပါတီထပ်မံ မှတ်ပုံတင်ရန် မလိုကြောင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ယင်းသို့တုံ့ပြန်ခြင်းသည်ထိပ်တိုက်ရင်ဆိုင်ခြင်းမဟုတ်ကြောင်း၊ ဥပဒေကြောင်းအရ အငြင်းပွားနေရခြင်းသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကျနော်တို့ကလည်းဥပဒေကြောင်းအရကျနော်တို့မှန်တယ်လို့လက်ခံထားသလို၊သူတို့ဘက်ကလည်းမှန်တယ် ဆိုပြီးအကြောင်းကြားစာပို့ထားတဲ့ လတ်တလော ဖိအားပေးမှုက ရှိနေတယ်။ဒါကြောင့် မတူကွဲလွဲနေတာကို ဥပဒေအရရော၊နိုင်ငံရေးအရပါဖြေရှင်းလို့ရတယ်လို့ယုံကြည်လို့ဆွေးနွေးခွင့်ပေးဖို့ပြောထားတယ်။ ကျနော်တို့ ထိပ်တိုက် ရင်ဆိုင်မှုမျိုး ဘယ်တော့မှ မလုပ်ဘူး” ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။
ဒီမိုကရေစီအင်အားစုများဘက်ကတွေ့ဆုံဆွေးနွေးရေးအစဉ်တစိုက်တောင်းဆိုနေသော်လည်း တွေ့ဆုံဆွေးနွေးရေးမျှော်လင့်ချက်သည်ပြောရခက်နေပြီးတည်ဆဲအစိုးရဘက်မှဆက်လက် ဖိအားပေးနေမှုများကြောင့်နောက်ဆက်တွဲ တိုင်းပြည် အခြေအနေပို၍ဆိုးလာနိုင်ကြောင်း သခင်ချန်ထွန်းက သုံးသပ်သည်။
“ဒီအတိုင်းဆိုရင်မှတ်ပုံမတင်ဘူးဆိုပြီးတော့NLDကလည်းသူ့လှုပ်ရှားမှုသူဆက်လုပ်သွားမှာပဲ။တဘက်က လည်းမှတ်ပုံမတင်ဘူးဆိုပြီးတော့အရေးယူတာမျိုး ဖြစ်လာနိုင်တော့NLDကလည်းသူ့လှုပ်ရှားမှုနဲ့ သူတုံ့ပြန်မှာပဲ” ဟု ၎င်းက ဆက်ပြောသည်။
သို့သော် လက်ရှိအခြေအနေတွင် အစိုးရဘက်မှ NLDပါတီကို တရားဝင်ပါတီအဖြစ် ရပ်တည်စေလိုကြောင်း·သတင်းစာများတွင်ရေးသားထားသည်။ အဆိုပါ ရေးသား ဖိအားပေးမှုများသည် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ရေးကိုထောက်ခံခဲ့ပြီး အမေရိကန်နိုင်ငံကိုလည်းထိုကိစ္စအကောင်အထည်ပေါ်လာစေရန်တိုက်တွန်းပြောကြားမှုများ၏ နောက်ဆက်တွဲဟု ဝေဖန်သူများက ထောက်ပြကြသည်။
လက်ရှိအနေအထားတွင် NLD ပါတီအနေဖြင့် တရားဝင်မှုမရှိဘဲ နိုင်ငံရေးပါတီ တရပ်အနေဖြင့် ပြည်တွင်း၌ ရပ်တည်ရန် ခက်ခဲကြောင်း၊ ထိုကိစ္စကို ပထမ အရေးကြီးဆုံး ကိစ္စအဖြစ် စဉ်းစားလုပ်ဆောင်သင့်ကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံရေးသမား တဦးဖြစ်သူ ကိုဖြိုးမင်းသိန်းက ပြောသည်။
“NLDပါတီတရားဝင်ဆက်လက်တည်ရှိနေမှသာဒီမိုကရေစီခရီးတလျှောက်မှာဦးဆောင်နိုင်တဲ့ပါတီတခု အနေနဲ့ ပြည်သူလူထုတရပ်လုံးနဲ့လက်တွဲပြီးမြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုရဲ့ရည်မှန်းချက်ပန်းတိုင် ရောက်အောင် လုပ်ဆောင်နိုင်မယ်” ဟု သူက ဆိုသည်။



Geen opmerkingen: