ရွှေအိမ်စည် တနင်္လာနေ့၊ ဧပြီလ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၁၁ မိနစ် .
(က)
ထိုစဉ်က … ကျောင်းပိတ်၍ မိဘအိမ်တွင် ကျနော် ပြန်ရောက်နေသည်။ မိဘများက မွန်ပြည်နယ်အတွင်းရှိ နယ်မြို့လေးတမြို့တွင် နေကြ၏။ ကျနော့်မိဘများ၏ အိမ်နှင့် မျက်စောင်းထိုး ပိုပိုလေးတွင် ကိုစံအေးတို့အိမ် ရှိသည်။ ကိုစံအေးက ကျနော့်ထက် ၁ဝ နှစ်ခန့်ကြီးမည်ဟု ထင်သည်။ ကိုစံအေးသည် သကြားစက်မှ ဝန်ထမ်းတဦး ဖြစ်သည်။ စက်ရုံဝန်ထမ်းဟု ဆိုသော်လည်း သူက ရုံးဘက်မှ ဖြစ်သည်။ ၁ဝ တန်းအား (ခ)နှင့် အောင်ပြီး စက်ရုံတွင် အောက်တန်းစာရေး ဝင်လုပ်နေခြင်း ဖြစ်၏။ ကိုစံအေး၏ ဖခင်သည်လည်း သကြားစက်မှ ဝန်ထမ်းပင် ဖြစ်သည်။ စက်ရုံဝန်ထမ်း အလုပ်သမားများအား လစာထုတ်ပေးရသည့် ငွေစာရင်းဌာနမှ ဖြစ်သည်။
ကိုစံအေး၏ မိခင်က … အိမ်တွင် အိမ်ဆိုင်လေး ဖွင့်ထား၏။ ငရုတ်၊ ကြက်သွန်၊ ဆန်၊ ဆီ၊ ဆေး၊ ဆားမှအစ … အဝတ်ကြမ်းထည်လေးများအထိ ရောင်းသည်။ လက်ငင်းလည်း ရောင်း၏။ အကြွေးလည်း ပေး၏။ အတိုးနှင့် ငွေလည်း ချေး၏။ အိုးခွက်၊ ပန်းကန်၊ ထမိန်၊အင်္ကျီက အစ …၊ စက်ဘီး၊ နာရီ အလယ်…၊ ရွှေတိုရွှေစ အဆုံး…၊ အပေါင်ခံ၏။ အတိုးကမူ…ပက်ပက်စက်စက်၊ နင့်နင့်ပိုးပိုး ယူသည်ဟု ဆိုကြ၏။ အမိန့်မရသော်လည်း….စက်ရုံဝန်ထမ်း အလုပ်သမားများ အကြားတွင်မူ …တရားဝင်နေ၏။ လကုန်၍ လစာထုတ်ရက်တွင်မူ …ကိုစံအေး၏ မိခင်သည် အကြွေးရှင်များ၊ ပေါင်နှံထားကြသည့် သူများထံသို့ ထမိန်စွန်တောင်ဆွဲ၍ လိုက်ရန်မလို…။ ခင်ပွန်းဖြစ်သူအား အကြွေးရှင်များ၏ စာရင်းနှင့် အတိုးသတ်ရမည့် သူတို့၏ စာရင်းအား ပေးလိုက်ရုံပင်…။ ခင်ပွန်းဖြစ်သူက …လစာထုတ်ပေးရင်းနှင့် ဇနီးသည် ပေးလိုက်သည့် စာရင်းအား ကြည့်၍၊ လစာမှ ဖြတ်ယူထားလိုက်၏။ ဤအတွက်…ကိုစံအေး၏ မိခင်သည် အကြွေးရှုံးသည်ဟူ၍ တကြိမ်၊ တခါမျှ မရှိခဲ့…။ ထားတော့…။ ထိုကိုစံအေးသည် ကျနော်တို့ မြို့လေး၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတွင် လမ်းစဉ်လူငယ် ခေါင်းဆောင်တဦး ဖြစ်သည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ နောက်ဆုံးအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲတွင် …ကိုစံအေးသည် ကျနော်တို့ရပ်ကွက်၏ မဲရုံအဖွဲ့ဝင်တဦး ဖြစ်၏။ ကော်လာကတုံး၊ ရှပ်အင်္ကျီအဖြူ၊ မွန်လုံချည်အနီကွက်စိတ်နှင့် ကိုစံအေးသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့က မောင်ဗမာ စက်ဘီးတစီးနှင့် အလုပ်များ၍ နေသည်။ နံနက်စောစောတွင် ရပ်ကွက်အတွင်းရှိသူများအား မဲရုံသို့သွား၍ မဲပေးကြရန် လှုံ့ဆော်၏။ တိုက်တွန်း၏။ သတိပေး၏။
နေ့လည်ပိုင်းတွင်မူ…မဲပေးရန် ကျန်နေသေးသည့် သူများအား အိမ်ပေါက်စေ့လိုက်၍ ခေါ်၏။ စက်ဘီးနှင့် တင်ကာ…မဲရုံသို့ ပို့ပေး၏။ ညနေခင်းတွင်က …မဲပေးရန် ကျန်နေသေးသည့် သူများအား လိုက်ရှာ၏။ အချို့က…မဲမပေးလို၍ ရှောင်နေကြခြင်း ဖြစ်၏။ အချို့က…ပူစရာမလိုသည့် နေ့မျိုးဖြစ်၍ ကြိတ်ဝိုင်းဖွဲ့နေကြသဖြင့် မဲပေးရန် သတိမရကြ။ အချို့က…မဲရုံပိတ်မည့် အချိန်မှ ကပ်၍ မဲပေးမည်ဟူ၍ မဲရုံသို့ မသွားသေးဘဲ နေကြ၏။ ကိုစံအေးသည် ကြိမ်ဝိုင်းမှ ဖဲသမားများအား ရှာ၍ စက်ဘီးနှင့် မဲရုံသို့ ကြိုပို့၍ ပေးနေ၏။
မကြာ…။ ကျနော်တို့ထိုင်နေသည့် လက်ဖက်ရည်ဆိုင်သို့ ရောက်လာပြီး မင်းတို့လည်း မဲပေးရမည်ဟု ဆိုပြန်သည်။ ထိုစဉ်က…ကျနော့်အသက်သည် ၁၈ နှစ် မပြည့်သေး…။ ၁၇ နှစ် စွန်းရုံမျှသာ ရှိသေး၏။ ကျနော့်သူငယ်ချင်းများသည်လည်း ကျနော်နှင့် အသက်ချင်းက မတိမ်းမယိမ်းများပင်…။ လကြီး၊ လငယ်မျှသာ ကွာကြ၍ သူတို့သည်လည်း ၁၈ နှစ် ပြည့်ကြမည် မဟုတ်ကြ။ ကျနော်တို့က အသက်မပြည့်၍ မဲမပေးရန် ငြင်း၏။ ကိုစံအေးမှလည်း အသက်မပြည့်လည်း ရသည်ဟု ဆို၏။ ကျနော်တို့က … သူခေါ်ရာသို့ မလိုက်၊ ပေ၍ ထိုင်နေကြသည်။ အဆုံးတွင်မူ…ကိုစံအေးနှင့် ကျနော်တို့အကြား သဘောတူညီမှု ရသွားကြသည်။ ကျနော်တို့ သောက်ထားသည့် လက်ဖက်ရည်ဖိုးများကို…၊ ကိုစံအေးက ရှင်းပေးမည်။ ကျနော်တို့က … သူနှင့်အတူ မဲရုံသို့ သွားပြီး မဲပေးကြရန်ဟူ၍ ဖြစ်သည်။
ပထမအဆင့်သဘောတူညီချက်ကမူရပြီ။ ပြဿနာက…. ရွေးချယ်ခံကြမည့် ကိုယ်စားလှယ်လောင်းများအား …ကျနော်တို့မသိကြ။ဖြူလား…မဲလား။ပိန်လား…ဝလား။ပုပုလား…ရှည်ရှည်လား…ဟူ၍ ရုပ်သဏ္ဍာန်မျှကိုပင် မသိ…။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံမည့် သူ၏ အမည်က စောမိုဇက်ဖြစ်၍ ကရင်လူမျိုးတဦးဟူ၍မူသိ၏။ ပြည်နယ်ကောင်စီအတွက်က…နိုင်အောင်ထွန်း။ ဤအတွက် …မွန်လူမျိုးဟုနားလည်ရ၏။မြို့နယ်ကောင်စီနေရာတွင်မူဗိုလ်ကြီးထွန်းလင်းဖြစ်၍ စစ်တပ်က ဖြစ်မည်ဟူ၍မူ သိမိကြ၏။ ခက်သည်က …သူတို့သည် မည်သို့သောသူမျိုးဟူ၍ မသိသဖြင့် ထောက်ခံရမည်လား… ကန့်ကွက်ကြရမည်လား ဟူ၍ ကျနော်တို့ မဆုံးဖြတ်တတ်။
ဤတွင် …ကျနော်တို့ထဲမှတယောက်ကကိုစံအေးအား…“ကျနော်တို့က …သူတို့ကို တယောက်မှလည်း မသိဘူး။ အဲဒါ ဘယ်လိုလုပ်ကျနော်တို့က မဲပေးရမလဲ…။ကျနော်တို့ မဲမပေးတတ်ဘူး”ဟု ဆို၏။ ကိုစံအေးက ကျနော်တို့၏ အခက်အခဲအား အကြံပေးရှာသည်။
“ဒီမှာ…ခုနက…ဖဲသမားတွေကိုငါအကြံပေးသလိုပဲမင်းတို့ကိုလည်းပေးမယ်။ဘာမှမခက်ဘူး။ မဲရုံရောက်ရင်… နီးရာပုံးထဲကိုသာ ထည့်လိုက်၊ မြန်မြန်ပြီးရော…”
ခက်ပြီ။ ပထမသဘောတူညီမှုအရ…လက်ဖက်ရည်ဖိုးကိုလည်း ကိုစံအေးက ရှင်းပေးပြီးလေပြီ။ မတတ်နိုင်…။ ကျနော်တို့ ကိုစံအေးနှင့်အတူ မဲရုံသို့သွားပြီး နီးရာပုံတွင် မဲပေးရန်သာ ရှိတော့၏။ နီးရာပုံးဟူသည်ကား… မဲရုံ၏ အဝနားတွင် ထားသည့် ထောက်ခံသည့်ပုံး ဖြစ်သည်။ မဲပုံးက အဖြူရောင်…။
ကျနော်တို့ မဲပေးခဲ့ကြ၏။ကျနော်တို့ထဲမှတယောက်က….ကိုစံအေးပြောသည့် နီးရာပုံးတွင်ပင် ထည့်၍မဲပေး၏။ တယောက်က…အတွင်းပိုင်းထိဝင်သွားပြီးဝေးရာပုံးတွင်ထည့်၍ မဲပေးခဲ့၏။ တယောက်ကမူ …မဲပြားအားနီးရာပုံးတွင်လည်းမထည့်၊ဝေးရာပုံးတွင်လည်းမထည့်ဘဲခါးပေါင်းစတွင်ထည့်ပြီး ပြန်ယူလာခဲ့၏။
ထိုနေ့က…ကိုစံအေး၏ မျက်နှာသည် မနေ့က ကိုစံအေး၏ မျက်နှာနှင့်လည်းမတူ …။ ပြီးလျှင် နောက်နေ့များတွင်လည်း ထိုမျက်နှာမျိုးကိုလည်း တွေ့ရလိမ့်မည်မဟုတ်…။
(ခ)
၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးတွင် ကိုစံအေးတယောက် မပါဝင်။ (မဆလ)များနှင့်လည်း ကင်းကင်းနေ၏။ လူထုအရေးတော်ပုံကြီးနှင့်လည်း ရှောင်ဖယ်၍နေ၏။ လူထုတယောက် မဟုတ်သကဲ့သို့ပင်…။ လူ့အဖွဲ့အစည်း၏ အပြင်၌ ချောင်ကပ်၍ ခိုနေ၏။ စက်ရုံသို့မူ…ပုံမှန်သွား၏။ ရုံးတက်ရုံးဆင်း မှန်နေသည်။ စက်ရုံအလုပ်သမားများမှ သမဂ္ဂဖွဲ့၏။ ကိုစံအေးမပါ။ စက်ရုံအလုပ်သမားများ လူထုကြီးနှင့် ပူးပေါင်း၍ ဆန္ဒပြချီတက်သည့် အခါတွင်မူ …ကိုစံအေး စက်ရုံသို့မသွား…. အိမ်တွင်းပုန်းနေ၏။
ကျနော်တို့က…အရေးတော်ပုံအတွင်း သပိတ်တပ်သားလေးများ ဖြစ်နေကြ၏။ လက်သီးလက်မောင်းတန်း၍ ကြွေးကြော်သံများအား အသံအက်အောင် အော်ကြ၏။ ခြေတိုသည်အထိ မြို့ငယ်လေး၏ လမ်းများအနှံ့ စီတန်း၍ ဆန္ဒပြကြသည်။ သပိတ်စခန်းတွင် အိပ်၏။ သပိတ်စခန်းမှ ကျွေးသော ထမင်းထုပ်အား စား၏။ တခါတရံမှပင် အိမ်သို့ ပြန်ရောက်ဖြစ်၏။ အိမ်အပြန်လမ်း၌ ကိုစံအေးနှင့် တွေ့လျှင် …ကိုစံအေးသည် ကျနော်တို့အား ပြုံး၍ နှုတ်ဆက်တတ်၏။ သူ့အပြုံးက ဖက်လှဲတကင်းလည်း မဟုတ်…။ မဲ့ပြုံး… မချိပြုံးလည်း မဟုတ်…။ သဘင်ဆန်သည့် အပြုံး၊ လျှို့ဝှက်သော အပြုံးဟု ခံစားရသည်။
စစ်တပ်မှအာဏာသိမ်းခဲ့ပြီးသည့်နောက်…နိုင်ငံရေးပါတီများ ဖွဲ့စည်းထူထောင်ကြသည်။ကျနော်တို့ မြို့လေးတွင်ကား…တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ ရှိ၏။ ကျနော်တို့မြို့လေး၏သပိတ်တပ်သားလူငယ်အများစု…တောခိုသွားကြပြီး၊သံလွင်မြစ်ရိုး၌ ကျောင်းသားတပ်မတော်တပ်ရင်း၂ဝ၈နှင့်၂ဝ၉ အားထူထောင်နေကြ၏။အာဏာသိမ်းအပြီး တောခိုကြရာတွင်လူဦးရေအများဆုံးမြို့နယ်ဟုကျနော်တို့မြို့လေးကိုစစ်အုပ်စု၏‘ဂေးဇက်'တွင် မှတ်တမ်းပြုထားသည်ဟုဆို၏။မြို့လေးအားအရှေ့မှ ရစ်ခွေထားသည့်ချောင်းရိုးကိုကူးဖြတ်လိုက်လျှင်က… ကရင့်လွတ်မြောက်ရေး တပ်မတော်၏ အခြေခံဒေသသို့ ရောက်ပြီ။
လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တော်လှန်လိုလျှင် …ချီတက်ရမည့် ခရီးတာက တို၏။ နီး၏။ ဤတကြောင်းကြောင့်လည်းဖြစ်မည်။သပိတ်စခန်းအားဖျက်သိမ်းခံရပြီးသည်နှင့် သပိတ်တပ်သားအများစုက…သံလွင်ကမ်းပါးသို့ ပြောင်းရွှေ့သွားကြခြင်း ဖြစ်မည်။ ထားတော့…။ မြို့လေးတွင်ကျန်ခဲ့သည့်လူငယ်အချို့က…အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင်ပင် ဝင်လိုက်ကြ၏။ လူငယ်ပါတီတခုခုပင် မထူထောင်တော့…။
ကျနော်တို့လည်း မြို့လေး၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင်ပင် ဝင်ရောက်ခဲ့ကြ၏။ ကိုစံအေးကမူ သူနှင့် နီးစပ်သည့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီသို့လည်း မဝင်…၊ စက်ရုံတွင်ပင် ဝန်ထမ်းတဦးအဖြစ်နှင့် နေ၏။
ကျနော်တို့က…မြို့နယ်အတွင်းအဖွဲ့ချုပ်၏စည်းရုံးရေးလုပ်ငန်းများနှင့်လှုပ်လှုပ်ရှားရှား… ပြေးပြေးလွှားလွှား။မြို့ငယ်လေးအတွင်း ရပ်/ကျေးအဆင့် အဖွဲ့ချုပ်အဖွဲ့အစည်းများဖွဲ့စည်းထူထောင်ရေး၊ ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များဖြင့်…တရွာဝင်တရွာထွက်ရွာစဉ်ဆက်၍ခရီးဆက်ကြ၏။ ပင်နီတကားကား… ဖုန်အလူးလူးနှင့်…။
ထိုကာလများအတွင်း…ကိုစံအေးနှင့်က …ဖြတ်ကနဲ…ဖြတ်ကနဲမျှသာဆုံမိကြ၏။ဆုံသည့်အခါတိုင်း ကိုစံအေးသည် သူ၏ သဘင်ဆန်သော အပြုံးအား ပြုံး၏။
(ဂ)
၁၉၉ဝခုနှစ်မေလ၂၇ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေးရွေးကောက်ပွဲတွင်၊ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်မှ ထုတ်ပြန်သည့် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ အမည်စာရင်းတွင် ပါရှိသူများသာ မဲပေးပိုင်ခွင့်ရ၏။ နိုင်ငံသားတဦးအနေနှင့် အသက် ၁၈ နှစ် ပြည့်ပြီးသော်လည်း ကော်မရှင်မှ ထုတ်ပြန်သည့် မဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းတွင် မပါရှိပါက …မဲပေးခွင့်မရ၊ ဤတွင်… မိမိ၏ အမည်အား မဲပေးပိုင်ခွင့်ရှိသူ၏ အမည်စာရင်းတွင် ပါ၊မပါအား သွားရောက်၍ ကြည့်ရ၏။ မပါလျှင်… နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့်… ပုံစံ ၁ဝ အား ယူပြီး မြို့နယ်ကော်မရှင်တွင် ကျပ်ငွေ အစိတ် ပေးဆောင်၍ မဲစာရင်းတွင် ပါရှိရန် လျှောက်ထားရ၏။ မဲပေးပိုင်ခွင့်ရှိသူ လူပေါင်း ၄ သောင်းလောက်၏ စာရင်းတွင် မိမိ၏ အမည် ပါ၊ မပါအား မြို့နယ်ကော်မရှင်ရုံးသို့ သွား၍ ရှာရမည်။ ပြီးလျှင်…မပါရှိပါက… မြို့နယ်ကောင်မရှင်ရုံးတွင် ငွေအစိတ် ပေးသွင်းပြီး လျှောက်လွှာတင်ရမည်။ အလုပ်က အဆင့်ဆင့်.. တဦးချင်းအနေနှင့် လုပ်ဆောင်ရန် အခက်အခဲရှိ၏။ မလွယ်…။ ဤသို့…မလွယ်ရန်ပင် စစ်အုပ်စုက စီစဉ်ထားခြင်း ဖြစ်၏။ စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲတွင် လူထုကြီးအား မဲမပေးစေလို…။ ဤတွင်…ကျနော်တို့က….ကော်မရှင်တွင် မြို့နယ်လေးအတွင်း မဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းအား လက်ရေးနှင့်သွားရောက်၍ကူးယူကြ၏။မိတ္တူလည်းဆွဲခွင့်မပေး…။ ကော်မရှင်ရုံးခန်းအတွင်း၌ပင် လူအားနှင့် ကူးယူကြရ၏။ ပြီးလျှင်…ရပ်ကွက်၊ကျေးရွာ၊လမ်းအလိုက်ခွဲ၍ မဲစာရင်းတွင် မပါသေးသည့် မဲဆန္ဒရှင်တဦးစီ၏ အမည်စာရင်းအား စစ်ကြရ၏။ မဲစာရင်းတွင် မပါရှိသည့် သူများထံသို့ သွား၍ မှတ်ပုံတင်၊ ပုံစံ ၁ဝ နှင့် ငွေအစိတ်အား တောင်းပြီး… ကော်မရှင်ရုံးသို့ ကျနော်တို့ကပင်စု၍ လျှောက်လွှာဖြည့်တင်ပေးကြ၏။ ဤနေရာတွင်…ဒီလူကြီးကတော့ (တစည)ကိုပေးမည့်သူလား…။ ဒီလူတွေကတော့ အဖွဲ့ချုပ်ကို ပေးမည့် သူဟူ၍လည်း ကျနော်တို့ ခွဲကြရသေး၏။ (တစည) ကိုပင် မဲပေးမည့် သူဟု ယူဆရသည့် သူများကိုမူ ကျနော်တို့ သွားရောက်၍ အကြောင်းကြားမပေး…။ မတတ်နိုင်…။ ဤမျှတော့… ကျနော်တို့ မရိုးသားနိုင်ကြ။
ကျနော်တို့လမ်း၏မဲစာရင်းတွင်…ကိုစံအေး၏အမည်အားမတွေ့ရ…။ကျန်နေသည်။ကျနော်တို့ကိုစံအေးအား သူ၏ အမည် မဲပေးပေးပိုင်ခွင့်ရှိသူ အမည်စာရင်းတွင် မပါရှိသည့်အကြောင်းအား အကြောင်းကြားမပေးခဲ့။ ငြိမ်နေလိုက်၏။ အဆုံးတွင်မူ…၁၉၉ဝခုနှစ်မေလ၂၇ရက်နေ့တွင်ကျင်းပသည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကိုစံအေး မဲမပေးလိုက်ရ။ မတတ်နိုင်…။
(ဃ)
ရွေးကောက်ပွဲအသံကြားလျှင်…ကျနော်ကိုစံအေးအားသတိရ၏။ကျနော်သူနှင့်မတွေ့ဆုံဖြစ်ကြသည်မှာ…. နှစ်ပေါင်း၂ဝမျှရှိမည်ထင်သည်။မြို့ငယ်လေးရှိမိဘအိမ်မှစွန့်ခွာ၍တောင်တန်းကြီးတွေအပေါ် လမ်းသလားနေခဲ့သည်မှစ၍ ကိုစံအေးနှင့် ကွဲခဲ့ကြရ၏။ ပြန်မတွေ့…။ ပြန်မဆုံနိုင်ခဲ့ကြ။ ဝန်းကျင်သစ်တွင် ချိုမြိန်နေခဲ့၍ နှစ်ပေါင်း ၂ဝအတွင်းကိုစံအေးအား အတွေး၌ပင်သတိမရခဲ့…။မေ့နေ၏။ ယခု…စစ်အုပ်စုမှ ၂ဝ၁ဝ ခုနှစ်တွင်ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဟု အသံကြားမှပင်…ကိုစံအေးအား ပြန်၍ အမှတ်ရနေခြင်း ဖြစ်၏။
အနှစ်၂ဝအတွင်းကိုစံအေးဘာတွေလုပ်နေခဲ့မည်နည်း…။တွေးကြည့်မိ၏။တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီတွင်ဝင်ရောက်၍ရွေးကောက်ပွဲအားဝင်ရောက်ရန်လုံ့လပြုနေမည်လား…။ ကြံ့ခိုင်ရေးအသင်းအတွင်း ထောင်ထောင်လွှားလွှားနှင့် ခြေရှုပ်နေမည်လား…။
စက်ရုံဝန်ထမ်းအဖြစ်နှင့်ပင် မိဘများ၏ လက်ငုတ်လက်ရင်း အလုပ်ကိုပင် ဆက်၍ လုပ်ကိုင်နေမည်လား…။ လား… ပေါင်းများစွာနှင့် ကိုစံအေး၏ ရုပ်သွင်းအား ပုံဖော်ကြည့်မိ၏။
မသေချာ…။ ဝေဝေဝါးဝါးပင်။
သို့သော်….။
သေချာသည်က …ကိုစံအေးတယောက်၊ စစ်အုပ်စုမှ ကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင်မူ …. မဲပေးခွင့် ရမည်ပင်…။
Geen opmerkingen:
Een reactie posten