မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 8 april 2010

ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်ကြီး ၄၀ ခန့်သာ ရှိမည်

သော်ညိမ်း Thursday, April 08, 2010
.ယခုနှစ် ရန်ကုန် သင်္ကြန်တွင် ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်ကြီး ၄၀၀န်းကျင်သာ ဆောက်လုပ် ခွင့်ရမည်ဖြစ်သောကြောင့်အနည်းငယ်သာစည်ကားဖွယ်ရှိသည်ဟုရန်ကုန်မြို့ခံများက ခန့်မှန်းနေကြသည်။

ယမန်နှစ်က နာမည်ကျော် ရန်ကုန် အင်းလျားလမ်း သင်္ကြန်မဏ္ဍပ်တွင် ရေကစား ပျော်ရွှင်နေကြသူများ (ဓာတ်ပုံ - အောင်သက်ဝိုင်း)
ယခင်နှစ်က ရန်ကုန်တွင် သင်္ကြန်မဏ္ဍပ် ၂၀၀ ကျော် ရှိသည်ဟု သင်္ကြန် ချစ်သူများက ထောက်ပြ ကြသည်။
ယခုနှစ် သင်္ကြန်တွင် မြို့တော်သစ် နေပြည်တော်၌ စည်ကား စေရေးအတွက် ဦးစားပေး နေခြင်းက ရန်ကုန် သင်္ကြန်ကို ထိခိုက်စေသည်ဟုရန်ကင်း မြို့နယ်မှ အသက်၃၀အရွယ်အမျိုးသားတဦးက ပြောသည်။
“ဒီအတိုင်းဆိုရပ်ကွက်ထဲမှာလောက်ပဲ စည်ဖို့ အလားအလာရှိနေတယ်” ဟု သူက ဧရာဝတီကို ပြောသည်။
သင်္ကြန်ကာလအတွင်း စည်ကားလေ့ရှိသည့် အင်းလျားလမ်းတွင် မဏ္ဍပ်များ ဆောက်လုပ်ခွင့်ကို ယခုနှစ်တွင် ခွင့် မပြုတော့ကြောင်း ရန်ကုန်တိုင်း အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ (တအဖ) မှ တာဝန်ရှိသူ တဦးထံမှ သိရသည်။
ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်း တို့ရှိ အင်လျားကန်ပေါင်ဘက်တွင်လည်း မဏ္ဍပ်ဆောက်ခွင့် တားမြစ်ထားသည်ဟု ထိုအရာရှိက ရှင်းပြသည်။
မဏ္ဍပ်ဆောက်ရန် ခွင့်ပြုသည့် နေရာများမှာ ကန်တော်ကြီး ပတ်လမ်းတွင် ၁၆ နေရာ၊ ပြည်လမ်း ရှစ်မိုင်မှ ဗိုလ်ချုပ်လမ်း အထိ ၈ နေရာ၊ ကမ္ဘာအေးစေတီလမ်းတွင် ၄ နေရာ၊ ဆရာစံလမ်း တလျှောက်တွင် ၅ နေရာ၊ ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့နှင့် ဘုရင့်နောင် ဆပ်ပြာကုန်ကြမ်းစက်ရုံရှေ့တို့တွင် ၁ နေရာစီ၊ ပန်းဆိုးတန်းလမ်း (ကမ်းနားလမ်းနှင့် ကုန်သည်လမ်းကြား)တွင် ၂ နေရာ၊ သာဓုကန်ရှေ့တွင် ၃ နေရာ ဖြစ်ကြောင်း ထိုအရာရှိက ပြောသည်။
ယခုကဲ့သို့ မဏ္ဍပ်များ နေရာခြား၍ ချထားပေးခြင်းကြောင့် ရန်ကုန်သင်္ကြန် စည်ကားတော့မည်မဟုတ်ဟု မြို့ခံတချို့က ဝေဖန်နေကြသည်။
သို့သော်လည်း သင်္ကြန်မဏ္ဍပ်များကြောင့် မော်တော်ယာဉ် သွားလာမှု ခက်ခဲပြီး လမ်းပိတ်ဆို့သဖြင့် အာဏာပိုင်တို့က ယခုနှစ်တွင် မဏ္ဍပ်များ ဆောက်လုပ်ခွင့် တင်းကျပ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု မြို့ခံတဦးက ပြောသည်။
ယခု ရက်ပိုင်းအတွင်း ကန်တော်ကြီး ကန်ပတ်လမ်းတွင် သင်္ကြန်မဏ္ဍပ်များ စတင် ဆောက်လုပ်နေကြောင်း တွေ့ရသည်။
သင်္ကြန်မဏ္ဍပ်များတွင် ဆေးလိပ်နှင့် အရက် ကုမ္ပဏီ ကြော်ငြာများကို ခွင့်မပြု ဟူသည့် စည်းကမ်းချက်ကြောင့် ငွေကြေး အခက်အခဲနှင့် ရင်ဆိုင်ရပြီး မဏ္ဍပ်များ ဖြစ်မြောက်ရေးကို ထိခိုက်စေကြောင်း သိရသည်။ ထို့ပြင် မဏ္ဍပ် တခုလျှင် အာမခံ ငွေ ကျပ် သိန်း ၃၀ နှုန်း အာဏာပိုင်တို့ထံ ပေးသွင်းရမည် ဖြစ်ပြီး သတ်မှတ်ထားသည့် စည်းကမ်းများကို ဖောက်ဖျက်ခြင်း မရှိပါက သင်္ကြန် အပြီးတွင် အာမခံငွေများ ပြန်ရမည်ဟု သိရသည်။
သင်္ကြန်ကျရောက်ရန် ရက်အနည်းငယ်သာလိုပြီးလာမည့်အင်္ဂါနေ့(ဧပြီ ၁၃ ရက်နေ့)တွင် စတင် ရေကစားကြမည် ဖြစ်သည်။
ဂီတ နှင့် ရုပ်ရှင်လောကမှ နာမည်ကျော် ပုဂ္ဂိုလ် အများအပြားက ရန်ကုန်သင်္ကြန်တွင် ရှိမည် မဟုတ်ဘဲ နေပြည်တော်သို့ သွားကြမည် ဖြစ်သည်။ အာဏာပိုင်တို့က ၂၀၀၅ ခုနှစ်တွင် နေပြည်တော်သို့ ပြောင်းရွှေ့ အခြေစိုက်သော်လည်း သင်္ကြန်ကိုမူ ယခုနှစ်တွင်မှ ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်။

Geen opmerkingen: