မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 8 april 2010

ပါတီ ၂ ခု ထပ်မံ မှတ်ပုံတင်

ကိုထွေး Thursday, April 08, 2010
.ပြည်ထောင်စုဒီမိုကရေစီပါတီဟုအမည်ပေးထားသည့်ပါတီသည်ရွေးကောက်ပွဲကော်မရှင်ထံသို့နိုင်ငံရေး ပါတီဖွဲ့စည်းခွင့်ပြုရန်ယနေ့လျှောက်ထားကြောင်းသိရသည်။
ချင်းအမျိုးသားပါတီကလည်းရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုရန် ယမန်နေ့က လျှောက်ထားကြောင်းအစိုးရပိုင်သတင်းစာတွင်ဖော်ပြထားသည်။ရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လျှောက်ထားသည့် ပါတီ အရေအတွက်မှာ ၁၃ ခုရှိပြီ ဖြစ်ကြောင်း စာရင်းများ အရသိရသည်။
ပြည်ထောင်စုဒီမိုကရေစီပါတီကိုဝါရင့်ရှမ်းနိုင်ငံရေးသမားဦးရွှေအုန်းကနာယကအဖြစ်တာဝန်ယူမည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်သူကိုဖြိုးမင်းသိန်းကဥက္ကဋ္ဌအဖြစ်တာဝန်ယူမည်ဖြစ်သည်။
ကိုဖြိုးမင်းသိန်းက“ပြည်ထောင်စုစနစ်ကိုအခြေခံတဲ့လစ်ဘရယ်ဒီမိုကရက်တစ်အယူအဆကိုသွားမှာပါ၊ ပါတီရဲ့ရည်မှန်းချက်ကတော့ဒီမိုကရေစီရေး၊လူ့အခွင့်အရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးပါ”ဟု ဆိုသည်။
ပြည်ထောင်စု ဒီမိုကရေစီပါတီကို ဗဟိုကော်မတီ ၁၆ ဦးဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတ၀န်းတွင် ပါဝင်ယှဉ်ပြိုင်သွားရန်ကြိုးစားမည်ဖြစ်ကာမြို့ကြီးများတွင်အနိုင်ရမည်ဟုမျှော်မှန်းထားကြောင်းလည်း၎င်းက ဆိုသည်။
ပါတီ၏ အလံမှာ အပြာရောင်နောက်ခံတွင် အ၀ါရောင်စက်ဝိုင်းအတွင်း ပင်လုံကျောက်တိုင်ကို ထည့်သွင်း ထားကြောင်း သိရသည်။
ကိုဖြိုးမင်းသိန်းက“ထိန်းသိမ်းခံရပြီးပြန်လွတ်လာချိန်မှာကျနော်တို့ကျောင်းသားတွေ အရမ်းဒုက္ခရောက်တယ်၊ဘာကြောင့်လဲဆိုတော့အခိုင်အမာရပ်တည်စရာပလက်ဖောင်းမရှိဘူး၊ အဲဒီအခြေအနေတခု အတွက် ပလက်ဖောင်းရှိသင့်တယ်ဆိုတဲ့ အယူ အဆကို ကိုင်စွဲထားတယ်၊ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ ဥပဒေက တရားမမျှတဘူး ဆိုရင် တရားမျှတအောင်ကြိုးစားမယ်၊ ရပ်တည်မှု တခု ရသင့်တယ်ဆိုတဲ့ အခြေခံကနေ ဒီပါတီကို ထောင်ထားတာ”ဟု ပြောသည်။
ရွေးကောက်ပွဲ ဥပဒေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားမျှတခြင်းမရှိသည်ကိုလည်းလက်ခံကြောင်း၊ ယခုထက်ပိုကောင်း လာစေရန်အတွက် ရပ်တည်မှုတခုမှ မရလျှင်လုပ်ဆောင်၍ ရမည် မဟုတ်ကြောင်း၊ ရပ်တည်မှုမရပါက နိုင်ငံရေး အသိုင်းအ၀န်း အပြင်ဘက်သို့ ရောက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ကိုဖြိုးမင်းသိန်းသည် ၁၉၈၈ လူထုအုံကြွမှုတွင် ပါဝင်ခဲ့သည့်အတွက် ၁၉၉၀ ခုနှစ်တွင် စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံရပြီး ၂၀၀၅ခုနှစ်တွင် ပြည်လည်လွတ် မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည်။
၁၉၉၀ ခုနှစ်နောက်ပိုင်းတွင် ကိုဖြိုးမင်းသိန်းသည် ကျောင်းသား သမဂ္ဂ ပြန်လည်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးနှင့် သဘောထား ကွဲလွဲမှုများရှိခဲ့သူလည်းဖြစ်သည်။
ဦးရွှေအုန်းသည်ယခင်ကဂျာနယ်လစ်တဦးဖြစ်ပြီး၁၉၄၇ခုနှစ်ပင်လုံစာချုပ်ချုပ်ဆိုရာတွင် လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။ဦးနေ၀င်းလက်ထက်နိုင်ငံရေးလှုပ်ရှားမှုတွင်ပါဝင်ခဲ့ခြင်းမရှိသော်လည်း ၀ါရင့်နိုင်ငံရေးသမားများနှင့် အထိ အတွေ့ ရှိခဲ့သည်။
၁၉၈၈ခုနှစ်လူထုအုံကြွမှုအပြီး ဦးရွှေအုန်းသည် ရှမ်းပြည်တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုထူထောင်ခဲ့ပြီးအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့်မဟာမိတ်ဖွဲ့ခဲ့ပြီးနောက်စစ်အစိုးရ၏ ဖျက်သိမ်းခြင်းကို ခံခဲ့ရသည်။၁၉၉၃ခုနှစ်တွင်စစ်အစိုးရ၏အမျိုးသားညီလာခံကိုဝေဖန်ခဲ့သဖြင့်တနှစ်ခန့် အကျဉ်းကျခံခဲ့ရသည်။
၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း ရှမ်းပြည်နယ် တောင်ကြီးမြို့၌ တိုင်းရင်းသား ခေါင်းဆောင်များ စုစည်း၍ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သဖြင့် အဖမ်းခံခဲ့ရသေးသည်။
ဦးရွှေအုန်းက ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ဦးခွန်ထွန်းဦး အပါအ၀င် အခြားသော ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များမှာ လက်ရှိ အချိန်ထိ အထိန်းသိမ်းခံနေရဆဲဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်နယ်နှင့်တိုင်းကော်မရှင် အဖွဲ့ခွဲများ ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော ကြေညာ ချက်ကို အစိုးရပိုင်သတင်းစာများမှ ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ ပြည်နယ်နှင့်တိုင်း ကော်မရှင် အဖွဲ့ခွဲရုံးများကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးများ တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
ကရင်ပြည်နယ် ဘားအံတွင်လည်း ပိုး-စကော ဒီမိုကရက်တစ်ပါတီကို ဖွဲ့စည်းလိုက်ပြီး သတ်မှတ်သည့် ရက်ပိုင်းအတွင်း မှတ်ပုံတင်ရန်ကြိုးပမ်းနေကြောင်း သိရသည်။
ပါတီဝင် အများစုမှာ ဘွဲ့ရ ပညာတတ် ကရင်လူငယ်များဖြင့် ဖွဲ့စည်းထားပြီး ကရင်ပြည်နယ်အတွင်း အစိုးရတရပ်ပေါ်ထွန်းရေး အတွက် ရည်မှန်းထားကြောင်း ဆိုသည်။ မွန်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းတို့တွင် အဓိကထား ယှဉ်ပြိုင်သွားမည်ဖြစ်သည်ဟု သိရသည်။

Geen opmerkingen: