နရီလင်းလက် Friday, April 09, 2010
.လာမည့် ရွေးကောက်ပွဲ အတွက် တိုင်းနှင့် ပြည်နယ်၊ ခရိုင် အဆင့် မဲရုံများတွင် မဲရုံမှူး အဖြစ် တာဝန်ယူမည့် အစိုးရ၀န်ထမ်း များအား နေပြည်တော် မြို့တော်ခန်းမတွင် သင်တန်းပေး ခဲ့ကြောင်း သိရသည်။
“ခရိုင်နဲ့ မြို့နယ်အဆင့် တာဝန်ယူမယ့်သူတွေကို သင်တန်းပေးတာ။ ရပ်ကွက်အဆင့် မဲရုံမှူးတွေကိုတော့ မြို့နယ် အာဏာ ပိုင်တွေက ရွေးဦးမှာ”ဟု ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သူတဦးက ပြောသည်။
ယင်းသင်တန်းဖွင့်ပွဲကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး လာရောက်ခဲ့ကြောင်း၊ သင်တန်းသား၊ သင်တန်းသူ အရာရှိ ၂၅၂ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ ၇ ရက်မှ ၉ ရက်အထိ ၃ ရက် ကြာမြင့်ကြောင်း နေပြည်တော် အသိုင်းအ၀ိုင်းက ဆိုသည်။
ဥပဒေအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် ဒုတိယ ဦးစီးမှူးများ ပါဝင်တက်ရောက်ရကြောင်း သိရသည်။
“မဲရုံမှူးလုပ်မယ့်သူတွေက သက်ဆိုင်ရာဌာနက အရာရှိတွေချည်းပဲ။ အရေးကြီး ကိစ္စတွေအားလုံးက နေပြည်တော်ကနေ ရန်ကုန်ကို ညွှန်ကြားချက် ထုတ်ရတာ။ ဒီလိုမျိုးတွေ ရှိလာရင်လည်း မလစ်လပ်အောင် လုပ်ရဦးမယ်။ မြို့နယ်အလိုက် တက် လာမယ့် မဲတွေကလည်း ရှိသေးတယ်”ဟု လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
သင်တန်းသားများတွင် ပြည်နယ်နှင့် တိုင်း အဆင့်၊ ခရိုင်အဆင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများအတွက် အတွင်းရေးမှူး အဖြစ် ဖွဲ့စည်း တာဝန်ပေးအပ်ရန် လျာထားသူများ ပါဝင်ကြောင်း သိရသည်။
ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ ဥပဒေ ၊ နည်းဥပဒေများနှင့် ပြုစုထားသည့် လုပ်ငန်းလမ်းညွှန်များကို ကြေညက်စွာ သဘောက်ပေါက် နားလည်ထားရန် လိုအပ်သည်ဟု ကော်မရှင် ဥက္ကဌ ဦးသိန်းစိုးက မှာကြားခဲ့ကြောင်း ဥပဒေအရာရှိတဦးက ပြောသည်။
“သင်တန်းသာပြောတယ် ဘာမှလည်း ဟုတ်တိပတ်တိ သင်ပေးတာမဟုတ်ဘူး။ ဘယ်သူတွေ ဘယ်မြို့နယ်နဲ့ တိုင်းတွေ တာဝန်ယူရမယ်ဆိုတာ အကြမ်းဖျင်း ပြောသွားတာ။ ကော်မရှင်ရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့် ဆိုတာကိုလည်း တိတိပပ မပြောဘူး” ဟု အဆိုပါ အရာရှိက ပြောဆိုသည်။
ပြည်တွင်းအခြေစိုက် သတင်းဂျာနယ် အယ်ဒီတာတဦးက“နားလည်ဖို့ မလည်ဖို့ထက် လိမ်နည်းသင်ပေးဖို့ ပိုများပါတယ်။ မလိမ်ဘူးဆိုရင်တောင် အပြင်လူတွေက ဘယ်ယုံမလဲ”ဟု ဝေဖန်သည်။
ပြည်နယ်နှင့် တိုင်း၊ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးများကို ပြည်နယ်နှင့် တိုင်းအသီးသီး၊ ခရိုင်အသီးသီးရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများတွင် ဖွင့်လှစ်မည်ဟု အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲ ဥပဒေများထုတ်ပြန်ထားသော်လည်း ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို စစ်အစိုးရက ယနေ့အထိ ကြေညာခြင်း မရှိသေးပေ။
vrijdag 9 april 2010
Abonneren op:
Reacties posten (Atom)
Geen opmerkingen:
Een reactie posten